မနက်စာက တစ်နေ့တာလုံးမှာ အရေးအကြီးဆုံး အစားအစာပါပဲ။

မနက်စာက တစ်နေ့တာလုံးမှာ အရေးအကြီးဆုံး အစားအစာဆိုတဲ့ အဆိုလည်းရှိပါတယ်။ ဒါကြောင့် မနက်စာကို မှန်မှန်ကန်ကန် စားသုံးတတ်ဖို့က အလွန်အရေးကြီးပါတယ်။ မနက်တိုင်း မနက်တိုင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်မျှတမှုရှိတဲ့ မနက်စာတစ်နပ်ကို ရွေးချယ်နိုင်စေဖို့က တစ်နေ့တာလုံးအတွက် အရေးကြီးတယ်လေ။ အကောင်းဆုံးအချက်တစ်ခုကတော့ မနက်စာကို မှန်ကန်စွာ စားသုံးတတ်ခြင်းက ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်ပါတယ်။



 

ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ စက်မှုလုပ်ငန်း၊ ကွန်ပျူတာစနစ်တွေအပေါ် တစ်စထက်တစ်စ ပိုမိုမှီခိုလာတဲ့ လူ့အဖွဲ့အစည်းတွေထဲမှာ လှုပ်လှုပ်ရှားရှားလုပ်ရတာနည်းတော့ အဝလွန်ရောဂါ ရှိသူတွေ ပိုများလာပါတယ်။ ဒီအခက်အခဲကို အစားမလျှော့ဘဲ ဖြေရှင်းလို့ရပါတယ်။ ဘယ်လိုဖြေရှင်းရမလဲဆိုတော့ မိမိရဲ့မနက်စာထဲမှာ ဘယ်ရီသီးလေးတွေကို ထည့်သွင်းပေးဖို့ပါပဲ။

 

မနက်စာထဲမှာ ဘယ်ရီသီးကို ထည့်သွင်းပေးခြင်းဖြင့် ကာဘိုဟိုက်ဒရိတ် ပါဝင်မှုများပြားတဲ့ အစားအစာတွေကိုပဲ ရှောင်ရှားနိုင်တာ မဟုတ်ပါဘူး။ ဘယ်ရီသီးထဲမှာ ကိုယ်အလေးချိန် ကျဆင်းစေတဲ့ ဂုဏ်သတ္တိတွေ အများကြီးပါဝင်နေပါတယ်။ အဲဒီထဲက အဓိကအချက်တစ်ချက်ကတော့ ဘယ်ရီသီးတွေထဲမှာ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်တာပါပဲ။ ဥပမာပြောရရင် ရက်စ်ဘယ်ရီသီး တစ်ခွက်ထဲမှာ နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ် သုံးပုံတစ်ပုံကို ရရှိစေနိုင်ပါတယ်။ အစာခြေစနစ်က အမျှင်ဓာတ်ကို အလွယ်တကူ ချေဖျက်နိုင်စွမ်း မရှိတာကြောင့် အစာချေနှုန်းကို နှေးကွေးစေပြီး အချိန်ကြာကြာ ဗိုက်ပြည့်နေစေနိုင်ပါတယ်။

 

"အထူးသဖြင့် ရက်စ်ဘယ်ရီသီးတွေမှာ ကာဘိုဟိုက်ဒရိတ်နဲ့ အမျှင်ဓာတ် ပါဝင်မှုအချိုးအစား အညီမျှဆုံးဖြစ်ပါတယ်။ ကာဘိုဟိုက်ဒရိတ် (၁၅) ဂရမ်ပါတယ်ဆိုရင် (၈) ဂရမ်လောက်က အမျှင်ဓာတ်ဖြစ်ပါတယ်" လို့ လိုင်စင်ရ အာဟာရဗေဒ ပညာရှင်တစ်ဦးဖြစ်တဲ့ Cynthia Sass က ဆိုပါတယ်။

ဒါတင်မကသေးပါဘူး။ BMJ ဂျာနယ်မှာ ဖော်ပြထားတဲ့ သုတေသနတစ်ခုအရဆိုရင် စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ ဘလက်ဘယ်ရီသီးတွေမှာ ပါဝင်တဲ့ ဖလာဗိုနွိုက် (flavonoid) ဆိုတဲ့ ဒြပ်ပေါင်းဟာ ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပါတယ်တဲ့။ ဒါ့အပြင် ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေအရလည်း ရက်စ်ဘယ်ရီသီးထဲမှာ တွေ့ရတဲ့ ဒြပ်ပေါင်းတစ်မျိုးက ဇီဝကမ္မလုပ်ဆောင်မှုတွေကို ပိုမိုမြန်ဆန်စေပြီး အဆီကို လောင်ကျွမ်းလွယ်စေနိုင်ပါတယ်တဲ့။ ဒီရလဒ်တွေအရဆိုရင် ဘယ်ရီသီးတွေမှာ ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး ကောင်းကျိုးရှိနေတာက ထင်ရှားနေပါတယ်။

 

နောက်ထပ်လေ့လာမှုတစ်ခုအရတော့ ဘလူးဘယ်ရီသီးဟာ ခန္ဓာကိုယ်ထဲက အင်ဆူလင်ခုခံမှုကို လျော့ကျစေနိုင်ပါတယ်။ အင်ဆူလင်ခုခံမှုဟာ ဝိတ်တက်စေနိုင်ပါတယ်။

ဘယ်ရီသီးအများစုမှာ အချိုပါဝင်မှုများပေမယ့် ကယ်လိုရီပါဝင်မှုတော့ နည်းပါးပါတယ်။ ဒါကြောင့် အများကြီးစားမိပြီး ဝိတ်တက်မှာကိုလည်း စိုးရိမ်စရာမရှိပါဘူး။ ဘယ်ရီသီးတွေကို ဒိန်ချဉ်နဲ့ပဲ ရောသောက်သောက်၊ smoothie အဖြစ်ပဲ ဖျော်သောက်သောက်၊ ပေါင်မုန့်နဲ့ ကြက်ဥကြော် ပန်းကန်ထဲမှာပဲ ထည့်စားစား အဆင်ပြေတယ်လေ။ အကောင်းဆုံးအချက်ကတော့ မနက်စာထဲမှာ ဘယ်ရီသီးတစ်မျိုးမျိုးကို ထည့်သွင်းပေးထားမယ်ဆိုရင် ကယ်လိုရီတွေကို တစ်နေ့တာလုံး လောင်ကျွမ်းစေနိုင်တာပါပဲ။

Source: Reader's Digest


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က