လုပ်ရလွယ်ကူပြီး စားလို့ကောင်းတဲ့ အီတလီအာလူး ကပ်တလိတ်ကြော်လေးကို လုပ်စားကြရအောင်။

အီတလီအစားအစာတွေဖြစ်တဲ့ ပီဇာတို့၊ စပါဂတ်တီတို့ဟာ နာမည်ကျော်ကြားပြီး အရသာအထူး ကောင်းမွန်ပါတယ်။ မြန်မာလူမျိုးအများစုလည်း ဒီအစားအစာတွေနဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိပြီးသားပါ။ အမှန်တော့ အီတလီအစားအစာတွေထဲမှာ လူသိပ်မသိပေမဲ့ အရသာကောင်းမွန်တဲ့ အစားအစာလေးတွေလည်း အများကြီးရှိပါသေးတယ်။


 

အဲဒီထဲမှာ အီတလီ အာလူးကတ်တလိတ်ကြော်လည်း ပါဝင်ပါသေးတယ်။ အီတလီ အာလူးကတ်တလိတ်ကြော်ကို ကိုယ်တိုင်လုပ်စားချင်ရင်တော့ ပြုလုပ်နည်းကို အောက်မှာ ဆက်ဖတ်နိုင်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

အာလူးထောင်း (mashed potato) (၄) ခွက်ခန့်၊ Mozzarella ချိစ် (အီတလီဒိန်ခဲ) (၂) ခွက်စာခန့်၊ ကြက်ဥ (၁) လုံး၊ ဂျုံမှုန့် (၁/၄) ခွက်၊ ငရုတ်သီးစိမ်း (၁) တောင့်၊ ကြက်သွန်ဖြူ (၂) တောင့်၊ ဝက်ပေါင်ခြောက် (၄) ပြားခန့်၊ ပေါင်မုန့် (၁) ချပ်၊ ဟင်းချက်ဆီ (၆) ဇွန်းခန့်၊ မရိုးနိစ် (mayonnaise) တစ်ခွက်ခန့်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Leftover-Mashed-Potato-Ham-Cakes-3.jpg 

အာလူးထောင်းရယ်၊ Mozzarella ချိစ် (အီတလီဒိန်ခဲ) ကို ခြစ်နဲ့ခြစ်ပြီး အမျှင်လေးတွေ ထုတ်ထားတာရယ်၊ ကြက်ဥရယ်၊ ဂျုံမှုန့်ရယ်၊ ငရုတ်သီးစိမ်းရယ်၊ ကြက်သွန်ဖြူရယ်၊ ဝက်ပေါင်ခြောက်ကို နုတ်နုတ်စင်းထားတာရယ်ကို ပန်းကန်လုံးအကြီး တစ်လုံးထဲမှာ ရောထည့်ပြီး မွှေပေးလိုက်ပါ။ ပြီးရင် ခက်ရင်းအကြီးတစ်ချောင်းနဲ့ဖြစ်စေ၊ အာလူးထောင်းပြုလုပ်တဲ့ အာလူးချေတံနဲ့ဖြစ်စေ ဖိချေပေးလိုက်ပါ။ ရလာတဲ့အနှစ်က ထူပျစ်ပြီး ပုံသဏ္ဍာန်မပျက်အောင် ထိန်းသိမ်းနိုင်စွမ်း ရှိရမှာပါ။ တကယ်လို့ အရည်ကျဲနေသေးတယ်လို့ ယူဆရင် ဂျုံမှုန့် (၁) ဇွန်းထပ်ထည့်ပြီး ချေပေးနိုင်ပါတယ်။

ပြီးရင်တော့ ဇွန်းအကြီးတစ်ချောင်းနဲ့ အာလူးထောင်းအနှစ်ကို ခပ်ထုတ်ပြီး လင်ပန်းတစ်ချပ်ထဲမှာ တစ်လုံးချင်းစီ ဖြန့်ခင်းထားလိုက်ပါ။ အာလူးထောင်းအနှစ် (၁) လုံးချင်းစီရဲ့ အပေါ်မှာ ပေါင်မုန့်စလေးတွေကို လိုက်ဖြူးပေးပြီးရင်တော့ ကြော်ရန်အသင့် အနေအထား ဖြစ်ပါပြီ။

 

ဒယ်အိုးပြားတစ်လုံးထဲမှာ ဆီထည့်ပြီး အပူပေးလိုက်ပါ။ ဆီပူပြီဆိုရင် အာလူးအနှစ်လေးတွေကို ထည့်ကြော်ပေးနိုင်ပါပြီ။ (၄) မိနစ်ခန့်ကြာရင် မျက်နှာပြင်တစ်ဖက် နီရဲလာပြီဖြစ်လို့ ထက်အောက် လှန်ပေးနိုင်ပါပြီ။ နှစ်ဖက်လုံး အကျက်ညီသွားရင်တော့ ဆီပူထဲကဆယ်ပြီး တစ်ရှူးစက္ကူတစ်ရွက်ပေါ်မှာ ဆီစစ်ပေးလိုက်ပါ။

ပူပူနွေးနွေးလေး ဖြစ်နေတုန်းမှာ မရိုးနိစ်တို့၊ ခရမ်းချဉ်သီးဆော့စ်တို့နဲ့ တို့စားရင် အကောင်းဆုံးပါပဲ။ သောက်စရာကတော့ အအီပြေမယ့် ဖျော်ရည်လေးတစ်ခွက် ဘေးနားထားထားလိုက်ပေါ့။

Source: Myfoodstory


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က