ချစ်သူများနေ့ကျရင် မိမိချစ်သူကို ကိုယ်တိုင်လုပ်ထားတဲ့ ချောကလက် မီနီပန်ကိတ်လေးတွေ လုပ်ကျွေးလိုက်ကြရအောင်။

ရုံးပိတ်ရက်မှာ မနက်စာ ဘာစားရမလဲ စဉ်းစားရကြပ်နေပြီလား။ ထမင်းကြော်လည်း မစားချင်၊ မုန့်ဟင်းခါးကလည်း ရိုးအီနေပြီ။ ပေါင်မုန့်ထောပတ်သုပ်လည်း မစားချင်ဘူး ဆိုသူတွေအတွက် လျှာလည်သွားစေမဲ့ မုန့်လေးတွေကို မိတ်ဆက်ပေးချင်ပါတယ်။



 

အဲဒါကတော့ ချောကလက် မီနီပန်ကိတ်ပါပဲ။ ပန်ကိတ်ကို မုန့်လုံးကြီးပုံစံ ကြော်ပြီးမှ အထဲမှာ ချောကလက် ဋ္ဌာပနာထည့်ထားတာပါ။ ချစ်သူများနေ့ကျရင် ချစ်သူလေးကို ကျွေးလို့လည်း ရပါသေးတယ်နော်။

ပါဝင်ပစ္စည်းများ

Chocolate-Stuffed-Mini-Pancakes-1.jpg 

ချောကလက် မီနီပန်ကိတ်ကို ပြုလုပ်ရန်အတွက် Betty Crockers တံဆိပ် ရယ်ဒီမိတ် ပန်ကိတ်မှုန့် (၂၅၀) ဂရမ် (၁) ထုပ်၊ နွားနို့ (၃၂၅) မီလီလီတာ၊ ချောကလက်ယို (၁/၂) ခွက်၊ ထောပတ်ရည် (၂) ဇွန်းတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Chocolate-Stuffed-Mini-Pancake-Bites-1.jpg 

ပန်ကိတ်မှုန့်နဲ့ နွားနို့ကို ပန်းကန်တစ်လုံးထဲမှာ ရောထည့်ပြီး ထူပြစ်ပြစ် မုန့်နှစ်ရအောင် မွှေပေးလိုက်ပါ။ ပြီးရင်တော့ ရလာတဲ့ မုန့်နှစ်ကို Piping bag လို့ခေါ်တဲ့ ထိပ်ဝမှာ အပေါက်ငယ်လေး တစ်ပေါက်ပါရှိတဲ့ ကတော့ပုံသဏ္ဍာန်ရှိတဲ့ အိတ်တစ်လုံးထဲကို ထည့်ထားပေးလိုက်ပါ။ ပြီးရင် ဘေးခန ဖယ်ထားလိုက်ပါ။

ချောကလက်ယိုကတော့ ပန်းကန်တစ်လုံးထဲထည့်ပြီး မိုက်ခရိုဝေ့ဖ်မီးဖိုထဲမှာ စက္ကန့် (၃၀) ခန့် အပူပေးလိုက်ပါ။ ချောကလက်ရည် နွေးနွေးလေး ရလာပြီဆိုရင်တော့ piping bag နောက်တစ်လုံးထဲမှာ ထည့်ထားပေးလိုက်ပါ။

 

Paniyaram ဒယ်အိုးပြား (မုန့်လင်မယား ဒယ်အိုးအကြီးစား) ကို မီးဖိုပေါ်တင်လိုက်ပြီး ဒယ်အိုးမျက်နှာပြင်ပေါ်က ချိုင့်ခွက်လေးတွေထဲမှာ ထောပတ်ဆီသုတ်လိမ်းပေးလိုက်ပါ။ ပြီးရင် ပန်ကိတ်မုန့်နှစ်ကို ချိုင့်ခွက်လေးတွေထဲမှာ အရင်ဆုံး လိုက်ဖြည့်ပေးလိုက်ပါ။ ပြီးတော့မှ ပန်ကိတ်မုန့်နှစ်ရဲ့ အလည်မှာ ချောကလက်ခရင်မ်ကို လိုက်ဖြည့်ပေးလိုက်ပါ။

ချောကလက်ထည့်ပြီးရင် အပေါ်ကနေ ပန်ကိတ်မုန့်နှစ်တစ်ထပ် ထပ်အုပ်ပေးလိုက်ပါ။ ခနကြာရင် ကျောက်ကျောစားတဲ့ ခက်ရင်းအသေး တစ်ချောင်းကိုသုံးပြီး မီနီပန်ကိတ်လုံးလေးတွေကို ထပ်အောက်လှန်ပေးလိုက်ပါ။ ပြီးရင် နောက်ထပ်တစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။

နှစ်ဖက်လုံး အကျက်ညီသွားပြီဆိုမှ ပန်ကိတ်တစ်လုံးချင်းစီကို ဆယ်ပြီး ပန်းကန်ပြားတစ်ချပ်ထဲမှာ ထည့်ထားလိုက်ပါ။ ပန်ကိတ်မုန့်နှစ်တွေ အားလုံး ကုန်သွားသည်အထိ ပန်ကိတ်လေးတွေကို ကြော်ပေးလိုက်ပါ။ ပြီးရင်တော့ ကော်ဖီမွှေးမွှေးလေး တစ်ခွက်နဲ့သာဆိုရင် ပြီးပြည့်စုံတဲ့ မနက်စာဖြစ်လာစေမဲ့ ချောကလက် မီနီပန်ကိတ်လေးတွေကို ရရှိပါပြီနော်။

Source: Myfoodstory


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က