ကော်ဖီမှုန့်ကို ကော်ဖီဖျော်တာအပြင် တခြားဘယ်နေရာတွေမှာ သုံးလို့ရသေးလဲဆိုတဲ့ မေးခွန်းကို ဖြေထားပေးပါတယ်နော်။

ကမ္ဘာပေါ်မှာ သဘာဝအတိုင်း ပေါက်ရောက်နေတဲ့ သစ်သီးဝလံ၊ သစ်ဥသစ်ဖုတွေထဲမှာ လူသားတွေ အနှစ်သက်ဆုံး အဖျော်ယမကာ တစ်မျိုး ဖြစ်လာအောင် ဖန်တီးပေးနိုင်ခဲ့တဲ့ သီးနှံတစ်မျိုး ရှိပါတယ်။ အဲဒါကတော့ ကော်ဖီပင်ပါပဲ။ ကော်ဖီပင်ကရတဲ့ ကော်ဖီစေ့ကို အမှုန့်ကြိတ်ပြီး ကျွန်တော်တို့ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ ကော်ဖီကောင်းတစ်ခွက်ကို ဖန်ဆင်းပေးလိုက်တာပါပဲ။



 

ဒါပေမဲ့ ကော်ဖီစေ့ကရတဲ့ ကော်ဖီမှုန့်ဟာ ကော်ဖီဖျော်တဲ့ တစ်ခုတည်း အသုံးဝင်တာ မဟုတ်ပါဘူး။ သူ့မှာ တခြား life hack လေးတွေ ရှိပါသေးတယ်။ ဒီနေ့မှာတော့ ကော်ဖီမှုန့်ကို လက်တွေ့ဘဝထဲမှာ အသုံးဝင်အောင် ဘယ်လိုအသုံးချမလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မြေသြဇာအဖြစ် သုံးမယ်

fertilize-plants-with-coffee-grounds.jpg 

အိမ်မှာ ကော်ဖီမှုန့်နဲ့ ကော်ဖီဖျော်စက်နဲ့ ကော်ဖီကို သေချာနှပ်ပြီးမှ ဖျော်သောက်တတ်သူတွေဆိုရင် ကော်ဖီဖျော်ပြီးတာနဲ့ ကော်ဖီမှုန့်အကျန်တွေကို လွှင့်မပစ်ပါနဲ့။ ကော်ဖီမှုန့်အကျန်တွေကို ပြန်သုံးလို့ရတဲ့ နေရာတစ်နေရာရှိပါသေးတယ်။ အဲဒါကတော့ အိမ်က သစ်ပင်ပန်းမန်တွေအတွက် သဘာဝမြေသြဇာပါပဲ။ ကော်ဖီမှုန့်အကျန်တွေဟာ တီကောင်တွေနှစ်သက်တဲ့ ဘက်တီးရီးယားတွေကို ပေါက်ဖွားစေပါတယ်။

တီကောင်လာမယ့်မြေက တီကျစ်စာတွေနဲ့ မြေသြဇာပိုကောင်းတာကိုတော့ သိထားပြီးဖြစ်မှာပါနော်။ နောက်တစ်ခုက ကော်ဖီမှုန့်မှာ ကယ်လ်ဆီယမ်၊ မဂ္ဂနီစီယမ်နဲ့ နိုက်ထရိုဂျင်ဓာတ်တွေ ကြွယ်ဝတဲ့အတွက် ဥယျာဉ်အတွက် အကောင်းဆုံး ဓာတ်မြေသြဇာတစ်ခု ဖြစ်လာစေနိုင်မှာပါ။ နောက်တစ်ခုက ဘာလဲဆိုတော့ ကော်ဖီမှုန့်ဟာ သုံးနေကျ မြေသြဇာတွေထက် အနံ့ပိုမိုကောင်းမွန်ပါတယ်။

၂။ လေထုသန့်စင်ဆေးအဖြစ် သုံးမယ်

ကော်ဖီမှုန့်ကို လေထုသန့်စင်ဆေး (air fresher) အဖြစ်လည်း အသုံးပြုနိုင်ပါသေးတယ်။ ကော်ဖီမှုန့်လေးတွေကို လေဝင်ပေါက်ပါးပါးလေးရှိတဲ့ ချည်ထည်အိတ်လေးတစ်လုံးထဲမှာ ထည့်ပြီး အခန်းမျက်နှာကျက်တစ်နေရာမှာ ချိတ်ထားလိုက်ပါ။ အခန်းထဲက အနံ့တွေကို ကော်ဖီမှုန့်က စုပ်ယူပေးမယ့်အပြင် အခန်းထဲမှာ ကော်ဖီနံ့သင်းသင်းလေးကိုလည်း ပျံ့လွင့်နေစေမှာပါ။

၃။ ပရိဘောဂ အရောင်တင်ဆေးအဖြစ် သုံးမယ်

Deodorizer.jpg 

ကော်ဖီရည်နဲ့ ကော်ဖီမှုန့်ကို ရောပြီး အရောင်မြိန်နေတဲ့ သစ်သားပရိဘောဂတွေကို အရောင်ပြန်တင်နိုင်ပါတယ်။ အရင်ဆုံး ကော်ဖီတစ်အိုးကြိုလိုက်ပြီး အရောင်မြိန်နေတဲ့ သစ်သားပရိဘောဂတွေ (ကုလားထိုင်၊ ဆက်တီ၊ စားပွဲစတာတွေ) ကို ကော်ဖီမှုန့်နဲ့ ကော်ဖီရည်အရောနဲ့ ပွတ်ပေးလိုက်ပါ။ ပြီးရင် ရေနဲ့ ပြန်သန့်ရှင်းရေးလုပ်ပေးလိုက်မယ်ဆိုရင် မူလအရောင်အတိုင်း မဟုတ်ရင်တောင် အရောင်လေး ပြန်ထွက်လာစေနိုင်မှာပါ။

၄။ လက်ဆေးကန် ပိတ်ဆို့ရာမှာ သုံးမယ်

မီးဖိုချောင်ထဲက လက်ဆေးကန်မှာ အမှိုက်တွေနဲ့ ပိတ်ဆို့နေပြီဆိုရင် ပိုက်ပြင်သမားမခေါ်ပါနဲ့ဦး။ အရင်ဆုံး ကိုယ့်ဖာသာကိုယ် DIY လေးလုပ်ကြည့်ပါဦး။ ကော်ဖီရယ်၊ ပန်းကန်ဆေးဆပ်ပြာရည်ရယ်၊ ရေနွေးပူရယ်ကို ရောမွှေပြီး ပိတ်ဆို့နေတဲ့ လက်ဆေးကန်ထဲကို ဖြည်းဖြည်းချင်းလောင်းထည့်ကြည့်ပါ။ မိနစ်အနည်းငယ်စောင့်ပြီးလို့ စက်ဘီးစမုတ်တံ အဟောင်းလို အချောင်းသေးသေးလေးနဲ့ အသာလေးထိုးချကြည့်ရင် ပိတ်ဆို့နေတဲ့ အမှိုက်တွေ ပိုက်လိုင်းအတိုင်း ဆင်းသွားပြီး ရှင်းလင်းသွားတာကို တွေ့ရှိရပါလိမ့်မယ်။

၅။ အမဲသားကင်ရာမှာသုံးမယ်

Anova-Steak-Guide-Sous-Vide-Photos15-beauty-1500x1125.jpg 

တကယ်လို့ သင်ဟာ အမဲသားကင် (steak) ကို အလွန်နှစ်သက်သူတစ်ဦးဖြစ်ပြီး နံကင်လေးနဲ့ ဘီယာလေးနဲ့ တွဲဖက်ရတာကိုလည်း အထူးနှစ်ခြိုက်တယ်ဆိုကြပါစို့။ ဒါဆိုရင် ကော်ဖီလေးသုတ်ပြီး ကင်ထားတဲ့ အမဲကင်လေးကို ဆွေမျိုးမေ့လောက်အောင် ကောင်းတယ်လို့ ခံစားမိမှာပါ။ အမဲသားကင်ခါနီးမှာ ကော်ဖီလေးနဲ့ အပေါ်က သုတ်လိုက်မယ်ဆိုရင် ခါးသလိုလို အရသာလေးရစေပြီး ပါးစပ်ထဲမှာ တမူထူးကဲတဲ့ အရသာလေးကို ရရှိစေနိုင်မှာပါ။

Source: Youngisthan


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က