အမြင်အာရုံနဲ့ဆိုင်တဲ့ ပြဿနာတွေဟာ ဒီနေ့ခေတ်ကြီးထဲမှာ လူုဖြစ်များတဲ့ပြဿနာတစ်ခုလိုတောင်ဖြစ်နေပါပြီ။ မျက်စိအားနည်းခြင်းကို သဘာဝအတိုင်း ဘယ်လိုကုသရမလဲဆိုတာကိုလေ့လာကြည့်လိုက်ကြရအောင်။
အမြင်အာရုံနဲ့ဆိုင်တဲ့ ပြဿနာတွေဟာ ဒီနေ့ခေတ်ကြီးထဲမှာ လူုဖြစ်များတဲ့ပြဿနာတစ်ခုလိုတောင်ဖြစ်နေပါပြီ။  ဒါပေမယ့် ကျွန်တော်တို့တွေ စခရင်ရှေ့မှာ (ဖုန်း၊ ကွန်ပျူတာ၊ တီဗီ) ဖြုန်းမိတဲ့အချိန်တွေနဲ့နှိုင်းစာရင် ဒီဖြစ်ရပ်တွေက အံ့သြစရာတော့မရှိပါဘူး။ ဒီခေတ်ကလေးတွေဆိုရင် ပိုဆိုးပါတယ်။ သူတို့အားလပ်ချိန်အများစုကို ကွန်ပျူတာစခရင်ရှေ့မှာ (ဒါမှမဟုတ်) ဖုန်းစခရင်ရှေ့မှာ အသုံးချနေကြတာပါပဲ။

 

၁။ သင့်ရဲ့မျက်စိကြွက်သားတွေကို နှိုးဆွပေးပါ

အဓိက ကတော့ မျက်စိကြွက်သားတွေကို နှိုးဆွပေးတာပါပဲ။ လုပ်ရမှာလေးကတော့ ရိုးရှင်းပါတယ်။ ဒါပေမယ့် မနက်တိုင်းတော့ လုပ်ပေးလို့လိုပါတယ်။ မနက်အိပ်ယာထပြီဆိုတာနဲ့ မျက်နှာကို ရေအေးအေးလေးနဲ့ သစ်ပေးပါ။ ပြီးရင် ပါးစပ်ထဲမှာရေငုံပါ။ မျက်စိကိုမှိတ်ထားပြီး ရေအေးအေးလေးနဲ့မျက်စိပေါ်ကိုပက်ဖြန်းပေးပါ။ ပါးစပ်ထဲမှာငုံထားတဲ့ ရေရဲ့ဖိအားနဲ့အတူ အဲဒီလိုလုပ်ပေးခြင်းက မျက်စိကြွက်သားတွေကို နှိုးဆွပေးပါတယ်။ နောက်ပြီး မျက်နှာပေါ်ကိုရေအေးနဲ့ပက်ဖျန်းပေးခြင်းက မျက်စိအာရုံကြောတွေကိုလှုံ့ဆော်ပေးပြီး အရေပြားကိုလည်း နုပျိုလန်းဆန်းလာစေပါတယ်။



၂။ ပင်ပန်းနွမ်းနယ်နေတဲ့မျက်စိကို နှိပ်နယ်ပေးပါ

ဒီနည်းလမ်းလေးကတော့ ကွန်ပျူတာ စခရင်ရှေ့မှာအကြာကြီးထိုင်ပြီးအလုပ်လုပ်နေရတဲ့လူတွေအတွက်တော့ အသင့်တော်ဆုံးပါပဲ။ လက်မကို မျက်ခုံးအပေါ်မှာ၊ လက်ညှိုးကိုမျက်ခုံးအောက်မှာထားပြီး ညှင်သာစွာနှိပ်နယ်ပေးပါ။ ပြီးရင် မျက်ခုံးရိုးတလျှောက်လုံးကို ညှင်သာစွာဖိအားပေးပါ။ နောက်ပြီး မျက်စိမှိတ်ထားပြီး လက်မနဲ့မျက်စိအပေါ်ကနေ ညှင်ညှင်သာသာလေး ပွတ်ပေးပါ။  မျက်စိအနားတဝိုက် သွေးလည်ပတ်မှုကောင်းအောင်နဲ့ အာရုံကြောတင်းမာမှုတွေကိုဖြေလျှော့ဖို့ ဒီနည်းလမ်းလေးကို (၃) နာရီတစ်ခါလောက် ပြုလုပ်ပေးသင့်ပါတယ်။ ဒီလေ့ကျင့်ခန်းလေးကတော့ ကွန်ပျူတာစခရင်ကိုအကြာကြီး ကြည့်နေရလို့ ညောင်းညာနေတဲ့မျက်စိကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

၃။ မျက်စိလေ့ကျင့်ခန်းလုပ်ပေးပါ

ဒီနည်းလမ်းလေးကတော့ မျက်စိကြွက်သားလေးတွေကို နှိုးဆွပေးဖို့အတွက် လုပ်ပေးရတာပါ။ အရင်ဆုံး မျက်စိကိုဘယ်ဘက်ကနေညာဘက်၊ ညာဘက်ကနေဘယ်ဘက် ကြည့်ပေးပါ။ ပြီးရင် အပေါ်ကအောက်၊ အောက်ကနေ အပေါ်ပြန်ကြည့်ပေးပါ။ ပြီးရင် နာရီလက်တံံအတိုင်းတစ်ခါ၊ နာရီလက်တံပြောင်းပြန်တစ်ခါ မျက်စိကို မျက်ခွံအတွင်းမှာ လှည့်ပေးပါ။ တစ်ကြိမ်လုပ်ရင် အပေါ်ကနည်းအတိုင်း (၃)ခါ (၄) ခါလောက်လုပ်ပေးမယ်ဆိုရင် မျက်စိကြွက်သားတွေကို အထူးအားကောင်းလာစေနိုင်မှာပါ။

၄။ မျက်စိကိုအနားပေးပါ

ဒီနည်းလမ်းလေးကတော့ မျက်စိအထူးကုဆရာဝန် Dr Bates က လက်ဖဝါးသုံးခြင်း (Palming) လို့ နာမည်ပေးထားတဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။ ဒီနည်းလမ်းအတိုင်းလုပ်ဖို့ လက်ဖဝါးနှစ်ဖက်ကို စက္ကန့် (၃၀) လောက်ကြာအောင်ပွတ်တိုက်ပြီး အပူပေးပါ။ ပြီးရင် မျက်စိမှိတ်ပြီး မျက်ခွံပေါ်မှာညှင်သာစွာတင်ပြီး အပူပေးလိုက်ပါ။ အပူချိန်လျော့ပါးသွားသည်အထိ တစ်မိနစ်လောက်ကြာအောင် အဲဒီပုံစံအတိုင်းထားပေးပါ။  ပြီးရင်မျက်စိကိုဖြေးညှင်းစွာဖွင့်ကြည့်ပါ။ စစချင်းတော့ အလင်းရောင်စူးစူးကိုတိုက်ရိုက်မကြည့်မိပါစေနဲ့။ သင့်ရဲ့မျက်လုံးတွေကို ပတ်ဝန်းကျင်ရဲ့အလင်းအမှောင်ပြောင်းလဲမှုကို နေသားကျဖို့အချိန်ပေးလိုက်ပါဦး။



Source: thehealthsite

Share

Loading Next Article...
က္က