ကျွန်တော်တို့တွေ မနက်တိုင်းသောက်နေတဲ့ကော်ဖီတစ်ခွက်မှာ ကျန်းမာရေးအရဘာအကျိုးကျေးဇူးတွေရှိနေမလဲဆိုတာကို တွေးမိဖူးကြရဲ့လား။


ကော်ဖီဟာ (ရေကလွဲရင်) ကမ္ဘာတဝှမ်းလုံးမှာ လူသောက်အများဆုံး အဖျော်ယမကာတစ်မျိုးဖြစ်ပါတယ်။ ကော်ဖီထုတ်လုပ်ဖို့ ကော်ဖီပင်တွေကိုလည်း ကမ္ဘာ့နိုင်ငံပေါင်း (၇၀) ကျော်လောက်မှာစိုက်ပျိုးကြပါတယ်။ မနက်ပိုင်း အိပ်ချင်မူးတူးဖြစ်နေချိန် စိတ်ကြည်လင်သွားအောင်သောက်မလား။ ဒါမှမဟုတ် ညဘက်အလုပ်တွေပုံနေချိန် အိပ်ချင်စိတ်ကိုဖြေဖျောက်ဖို့နဲ့ လန်းဆန်းစေဖို့သောက်မလား။ ဘယ်လိုပဲဆိုဆို ကမ္ဘာတဝှမ်းလုံးက သန်းထောင်နဲ့ချီတဲ့လူတွေဟာ အနက်ရောင်အဆင်းနဲ့ စွဲလမ်းဖွယ်ကောင်းတဲ့ ဒီအဖျော်ယမကာကို နှစ်ခြိုက်စွာ သောက်သုံးနေကြတာကိုတော့ ငြင်းဆိုဖွယ်ရာမရှိပါဘူး။

ကော်ဖီကိုနှစ်နှစ်ခြိုက်ခြိုက်သောက်နေကြတာတော့ဟုတ်ပါပြီ။ ကိုယ်သောက်လိုက်တဲ့ကော်ဖီတစ်ခွက်က ခန္ဓာကိုယ်ထဲဝင်သွားပြီးရင် ဘာဆက်ဖြစ်လဲကော သိကြရဲ့လား။ ကျွန်တော်တို့အများစုသိထားတာကတော့ ကော်ဖီသောက်ခြင်းဟာ မနက်အစောပိုင်းအချိန်တွေမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ခွန်အားကို ဖြည့်ဆည်းပေးနိုင်တယ်ဆိုတာပါပဲ။ ဒါပေမယ့် ဘယ်လိုဖြည့်ဆည်းပေးတာလဲ။ ဟုတ်ပြီ။ ဒီမေးခွန်းတွေကိုဖြေကြားနိုင်ဖို့ ဆောင်းပါးကိုဆက်ဖတ်ကြည့်လိုက်ကြရအောင်။ ဒီဆောင်းပါးကိုဖတ်နေတုံးသောက်ဖို့ ကော်ဖီတစ်ခွက်ကော ငှဲ့ထားပြီးပြီလား။



ကော်ဖီနဲ့ ဦးနှောက်

 

လူအများစုကော်ဖီသောက်ကြရတဲ့ အဓိကအကြောင်းရင်းတွေကတော့ ကော်ဖီရဲ့စိတ်ကိုတက်ကြွစေတဲ့၊ အာရုံစူးစိုက်မှုကို ပိုမိုမြှင့်တင်ပေးတဲ့၊ စိတ်ခံစားမှုကိုကောင်းမွန်စေတဲ့ ဂုဏ်သတ္တိတွေကြောင့်ပါပဲ။ ကော်ဖီရဲ့နောက်ကွယ်က သိပ္ပံနည်းကျ အချက်အလက်တွေကတော့…

-ကော်ဖီမှာပါဝင်တဲ့ အော်ဂဲနစ်ဓာတုပစ္စည်းတွေဟာ ကျွန်တော်တို့စိတ်ကိုလေးလံထိုင်းမှိုင်းစေတဲ့ (adenosine လို့ခေါ်တဲ့) ဓာတုပစ္စည်းရဲ့လုပ်ဆောင်မှုတွေကို ပိတ်ပင်ပေးလို့ ကျွန်တော်တို့ကိုတက်ကြွလန်းဆန်းစေပါတယ်။

-ကော်ဖီဟာ ကျွန်တော်တို့ခန္ဓာကိုယ်ထဲက dopamine လို့ခေါ်တဲ့ အော်ဂဲနစ်ဓာတုပစ္စည်းထုတ်လုပ်မှုကို ပိုမိုမြန်ဆန်စေလို့ ကျွန်တော်တို့ရဲ့စိတ်ခံစားမှုကိုကောင်းမွန်စေပြီး အာရုံစူးစိုက်မှုကိုလည်း မြှင့်တင်ပေးပါတယ်။

-ကော်ဖီက ကျွန်တော်တို့ခန္ဓာကိုယ်ထဲက acetylcholine လို့ခေါ်တဲ့ သက်ရှိတွေရဲ့ဇီဝလုပ်ဆောင်မှုကို အထောက်အကူပေးတဲ့ အော်ဂဲနစ်ဓာတုပစ္စည်းပမာဏကိုလည်း မြင့်တက်စေလို့ ကြွက်သားလုပ်ဆောင်မှုတွေကိုလည်း တိုးတက်စေပါတယ်။

သုတေသီတွေကတော့ ကော်ဖီရဲ့ ဦးနှောက်ပေါ်မှာရေရှည်အကျိုးသက်ရောက်နိုင်စွမ်းတွေကို လေ့လာနေဆဲပါပဲ။ ဥပမာ… မှတ်ဉာဏ်ပိုကောင်းစေတာတို့၊ အရွယ်တင်စေတာတို့၊ ရောဂါကြောင့် ဦးနှောက်ဆဲလ်သေမှုတွေကို ကာကွယ်တားဆီးပေးတာတို့၊ စိတ်ကျရောဂါဖြစ်ပွားမှုနှုန်းကို လျှော့ချပေးတာတို့ပေါ့။

 

ကော်ဖီနဲ့ခန္ဓာကိုယ်

 

လူအများစုကတော့ ကော်ဖီကို ဦးနှောက်လုပ်ဆောင်မှုတွေကို မြန်ဆန်ကောင်းမွန်စေလို့ သောက်သုံးကြပေမယ့်လည်း ကော်ဖီက ခန္ဓာကိုယ်ရဲ့တခြားလုပ်ဆောင်မှုတွေကိုလည်း အကျိုးပြုနိုင်ပါသေးတယ်။

-ကော်ဖီက ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေကို မြန်ဆန်စေပါတယ်။ အကျိုးဆက်အားဖြင့် အဆီတွေကို ပိုမိုမြန်ဆန်စွာလောင်ကျွမ်းစေပါတယ်။ (တနည်းအားဖြင့်ဆိုရရင် ဝိတ်ကျစေပါတယ်။)

-ကော်ဖီထဲမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုတွေကို သိသိသာသာမြှင့်တင်ပေးနိုင်ရုံသာမက ခွန်အားကိုလည်းတိုးတက်စေပါတယ်။

-ဒါတင်မကသေးပါဘူး။ ကော်ဖီဟာကမ္ဘာပေါ်မှာ antioxidant (ရောဂါဖြစ်ပွားမှုတွေကို တိုက်ဖျက်ပေးတဲ့ ဓာတုဒြပ်ပေါင်းတွေ) ကိုထုတ်လုပ်ပေးနိုင်တဲ့ တစ်ခုတည်းသောအကြီးမားဆုံးပင်မရင်းမြစ်တစ်ခုလည်း ဖြစ်ပါတယ်။

-ကော်ဖီတစ်ခွက်မှာဆိုရင် လူတစ်ယောက်နေ့စဉ် စားသုံးသင့်တဲ့ ဗိုက်တာမင်ပမာဏတွေဖြစ်တဲ့ ဗိုက်တာမင် B2 (၁၁%)၊ ဗိုက်တာမင် B3 (၂%) နဲ့ ဗိုက်တာမင် B5 (၆%) ပါဝင်နေပါတယ်။

-ကော်ဖီမှာပါဝင်တဲ့ဂုဏ်သတ္တိတွေဟာ အသည်းကိုလည်း ကောင်းမွန်စေပါတယ်။

-ကော်ဖီက သွေးကြောတွေရဲ့သွေးလည်ပတ်စီးဆင်းနှုန်းကိုလည်း ကောင်းမွန်အောင်အထောက်အကူပေးနိုင်ပါတယ်။

တကယ်တမ်းကျတော့ ကော်ဖီရဲ့ရေရှည်အကျိုးကျေးဇူးတွေက ရေတိုအကျိုးကျေးဇူးတွေထက် ပိုစိတ်ဝင်စားဖို့ ကောင်းပါတယ်။ လေ့လာတွေ့ရှိချက်တွေအရဆိုရင် ကော်ဖီသောက်ခြင်းကရတဲ့ ဂုဏ်သတ္တိတွေဟာ ကင်ဆာရောဂါ၊ စိတ်ကျရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်လေငန်းရောဂါနဲ့ အခြားရောဂါတွေကို ကာကွယ်တိုက်ဖျက်နိုင်စွမ်း ရှိနိုင်တယ်လို့လည်းဆိုထားပါတယ်။

ဒါပေမယ့် စားသောက်ကုန်နဲ့ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ကတော့ လူတစ်ယောက် တစ်နေ့မှာအများဆုံးသောက်သုံးသင့်တဲ့ ကဖင်းပမာဏကို ၄၀၀ မီလီဂရမ်လို့ သတ်မှတ်အကြံပြုထားပါတယ်။ (ပျမ်းမျှကော်ဖီ (၄) ခွက်စာလောက်ပေါ့။) နောက်ပြီး ကော်ဖီအများကြီးသောက်ရင်ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ရင်တုန်တာတို့၊ ရုတ်တရက်ကြီး တုံးခနဲ လှဲအိပ်ချင်လာတာတို့၊ ရင်ပူတာတို့ကို ရှောင်ရှားနိုင်ဖို့ တစ်နေကုန်ကော်ဖီချည်းပဲသောက်တာမျိုးမလုပ်ဘဲ တခြားကျန်းမာရေးနဲ့လျော်ညီတဲ့အစားအသောက်တွေကိုလည်း စားသုံးပေးသင့်ပါတယ်။ ကဲ… ဒီဆောင်းပါးကိုဖတ်ရင်း တစိမ့်စိမ့်သောက်နေတဲ့ကော်ဖီလည်းကုန်လောက်ရောပေါ့။ နောက်တစ်ခွက်ထပ်ထည့်ဖို့စိတ်ကူးနေတယ်ဆိုရင် ခင်ဗျားနဲ့ကျွန်တော် စိတ်ကူူးတူနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က