ဒီအစားအသောက်တွေကိုစားသောက်မယ်ဆိုရင် သွားကျန်းမာရေးကိုထိခိုက်စေနိုင်လို့ သတိပြုသင့်ပါတယ်။


သွားကျန်းမာရေးဆိုတာလည်း ဂရုစိုက်သင့်တဲ့အရာတစ်မျိုးပါပဲ။ သွားကိုက်ပြီဆိုရင် နေမထိထိုင်မသာနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတဲ့ ဆိုးရွားတဲ့ဝေဒနာတစ်မျိုးကိုဖြစ်စေပါတယ်။ အလုပ်ပျက်၊ အကိုင်ပျက်လည်းဖြစ်စေတဲ့အပြင် ဖြစ်ပြီဆိုရင် တော်တော်နဲ့ မပျောက်ပါဘူး။ ဒါကြောင့်လူကြီးမိဘတွေက အိပ်ယာထပြီးချိန်နဲ့ အိပ်ယာမဝင်ခင်အချိန်တွေမှာ သွားကိုပုံမှန်တိုက်ပေးဖို့ တိုက်တွန်း ကြတာဖြစ်ပါတယ်။ ဒါပေမယ့် သွားကိုပုံမှန်တိုက်ပေးရုံ၊ ခံတွင်းသန့်ရှင်းရေးလုပ်ပေးရုံနဲ့ တစ်ခါတလေမှာမလုံလောက်တော့ပါဘူး။ ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့အစားအစာတွေဟာလည်း ကျွန်တော်တို့ရဲ့သွားကျန်းမာရေးကို အကျိုးသက်ရောက်စေနိုင်ပါတယ်။ ကာဘိုဟိုက်ဒရိတ် ပါဝင်မှုများတဲ့အစားအစာတွေကို စားမိပြီဆိုရင် ပါးစပ်ထဲမှာရှိတဲ့ဘက်တီးရီးယားတွေနဲ့ ပေါင်းမိပြီး အက်ဆစ်တွေ ဖြစ်လာစေပါတယ်။ အဲဒီအက်ဆစ်တွေရယ်၊ ဘက်တီးရီးယားတွေရယ်၊ တံထွေးတွေရယ်ပေါင်းပြီး သွားနံရံမှာဂျိုးတွေတက်ရာကနေ သွားပိုးပေါက်တွေဖြစ်၊ သွားရေစီးကမ်းပြိုလိုက်တာတွေ ဖြစ်လာတတ်ပါတယ်။ သွားကျန်းမာရေးကို ဆိုးဝါးစွာအကျိုးသက်ရောက် စေနိုင်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ရေခဲ



မောပန်းနွမ်းနယ်နေတဲ့အချိန်မှာ ရေအေးရေအေးအေးလေးတစ်ခွက် သောက်လိုက်တာက လူကိုချက်ချင်းအမောပြေစေတယ်လို့ ထင်ကြပါလိမ့်မယ်။ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့အအေးဆိုင်ထိုင်တဲ့အခါ ရေခဲမှုန်လေးတွေပါတဲ့ အအေးကိုမှ သောက်ရတာ ကြိုက်နှစ်သက်ကြပါလိမ့်မယ်။ ဒါဆိုရင် နှစ်ခါပြန်တွေးကြည့်ကြစေချင်ပါတယ်။ အသန့်စင်ဆုံးရေနဲ့ပြုလုပ်ထားတဲ့ရေခဲတောင်မှ ကျွန်တော်တို့ရဲ့သွားကြွေလွှာတွေကို ထိခိုက်စေနိုင်ပါတယ်။ (ကျွန်တော်တို့တွေ နေ့စဉ်ထိုင်နေတဲ့ အအေးဆိုင်တွေမှာ ရေသန့် ရေခဲကိုပဲ သုံး/မသုံးဆိုတာ ကျွန်တော်တို့တွေ သိနိုင်တဲ့ကိစ္စမဟုတ်ပါဘူး။) ဒါကြောင့် အကောင်းဆုံးကတော့ တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။

၂။ စေးကပ်တဲ့အစားအစာတွေ



ချိုချဉ်သကြားလုံးတွေ၊ ကြာကြာအထားခံအောင်ပြုလုပ်ထားတဲ့ သစ်သီးခြောက်တွေ၊ ယိုစုံတွေက သွားကြားထဲတွေ၊ သွားနောက်တွေမှာ ကပ်တွယ်နေနိုင်ပြီး ခင်ဗျားရဲ့သွားကိုသကြားနဲ့အချိန်ပိုကြာကြာထိတွေ့နေအောင် ပြုလုပ်နိုင်ပါတယ်။ ဒီတော့ အဲဒီလိုအစားအစာတွေကို ရှောင်နိုင်ရင် ရှောင်ရှားသင့်ပြီး စားမယ်ဆိုရင်လည်း စားပြီးတာနဲ့ ပါးစပ်ကိုသေသေချာချာ ပလုတ်ကျင်းဆေးကြောသင့်ပါတယ်။

၃။ ဆိုဒါတွေ



DJ Soda ကိုတော့ ပြောတာမဟုတ်ပါဘူး… :P ။ ဒါပေမယ့် ဆိုဒါဖျော်ရည်တွေက ကျွန်တော်တို့ရဲ့သွားမှာ အက်ဆစ်တွေ၊ သကြားတွေ ကပ်ညိစေနိုင်ပြီး ကျွန်တော်တို့ရဲ့သွားအပေါ်ယံကြွေလွှာတွေကို ထိခိုက်ဒဏ်ရာရစေနိုင်ပါတယ်။ ဒါကြောင့် ကိုလာတို့၊ ပက်ဆီတို့လို ကာဘိုဟိုက်ဒရိတ်ပါဝင်မှုများတဲ့ ဖျော်ရည်တွေကို တတ်နိုင်သမျှရှောင်ရှားသင့်ပါတယ်။
၄။ အရက်



အရက်အလွန်အကျွံသောက်သုံးမယ်ဆိုရင် ခံတွင်းထဲကထုတ်လုပ်ပေးနိုင်တဲ့ တံထွေးပမာဏကို လျော့နည်းစေပါတယ်။ ဒါကြောင့် ခံတွင်းခြောက်တာတို့၊ သွားဖုံးပျက်ဆီးတာတို့ ဖြစ်နိုင်ခြေပိုများလာစေပါတယ်။ ဒါတင်မကသေးပါဘူး။ အရက်အလွန်အကျွံ သောက်သုံးခြင်းက ခံတွင်းကင်ဆာဖြစ်ပွားနိုင်ခြေကို မြှင့်တင်ပေးပါတယ်။

Source: Dailyinfographic

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က