အိမ်က ကိုယ့်သားသမီးလေးတွေကို ကျန်းမာနေစေချင်တာ အမေတိုင်းရဲ့ဆန္ဒပါပဲ။


အိမ်က ကိုယ့်သားသမီးလေးတွေကို ကျန်းမာနေစေချင်တာ အမေတိုင်းရဲ့ဆန္ဒပါပဲ။ တစ်ခါတလေ သူတို့လေးတွေ နာမကျန်းဖြစ်ရင် ကိုယ်သာဝင်ဖြစ်လိုက်ချင်တယ်လို့တောင် ပြောမိတဲ့အထိ စိတ်ဆင်းရဲရပါတယ်။ ချစ်စရာကောင်းတဲ့သားသား၊ မီးမီးလေးတွေ အစဉ်ကျန်းမာနေစေဖို့ ဖေဖေ၊ မေမေတို့ဘက်က ကြိုတင်ကာကွယ်ထားလို့ရပါတယ်။ "ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းသည်" ဆိုတဲ့အတိုင်း မဖြစ်ခင်မှာကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။ သားသား၊ မီးမီးလေးတွေ အစဉ်ကျန်းမာနေစေဖို့....
၁။ ပဋိဇီဝဆေးတွေ စွတ်မတိုက်ပါနဲ့

 

အဲဒီဆေးတွေက မကောင်းတဲ့ဘက်တီးရီးယားတွေကိုပဲ သေစေတာမဟုတ်ပါဘူး။ ကောင်းတဲ့ဘက်တီးရီးယားတွေကိုပါ သေစေနိုင်ပါတယ်။ ငယ်ငယ်လေးတည်းက ပဋိဇီဝဆေး (antibiotics) တွေကို အရမ်းသောက်ရတဲ့ကလေးတွေဟာ ကိုယ်ခံအားနည်းပြီး ကြီးလာတဲ့အခါ ခဏခဏနာမကျန်းဖြစ်တတ်ပါတယ်။ တစ်ခါတလေမှာ ကလေးတွေရဲ့ကျန်းမာရေးအခြေအနေအရ ပဋိဇီဝဆေး တိုက်ကို တိုက်ရမယ်ဆိုတဲ့အခြေအနေရှိတတ်ပါတယ်။ အဲဒီလိုအခြေအနေကလွဲရင်တော့ ကလေးငယ်တုံးမှာ ပဋိဇီဝဆေးတွေတအားလွန်မတိုက်သင့်ပါဘူး။

၂။ အပြင်ထွက်ဆော့တာကို အားပေးပါ

 

ဒီခေတ်ကြီးမှာ လျှပ်စစ်ပစ္စည်းတွေပေါများလွန်းတော့ ကလေးတွေရဲ့ကစားချိန်တော်တော်များများဟာ ကွန်ပျူတာတို့၊ Xbox တို့၊ PS3 တို့နဲ့ပဲ ကုန်ဆုံးနေတတ်ပါတယ်။ ခင်ဗျားကလေးကိုတော့ ဒီလို မဖြစ်ပါစေနဲ့။ ပြင်ပလေကိုရှူရှိုက်ပြီး မြေကြီးနဲ့ခြေထောက်ထိတွေ့ပြီး ဆော့ကစားရတာက ကလေးလေးတွေရဲ့ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အပြင်မှာ ထွက်ကစားတဲ့ကလေးတွေဟာ အိမ်ထဲမှာပဲ ကုတ်နေပြီး တီဗီဂီမ်းကစားတဲ့ကလေးထက် ပိုကျန်းမာတာတော့အမှန်ပါပဲ။

၃။ မျှတတဲ့အစားအသောက်ကိုပုံမှန်စားဖြစ်စေဖို့ အားပေးပါ

အသင့်ထုပ်ပိုးပြီးအစားအစာတွေကို တတ်နိုင်သမျှရှောင်ရှားပြီး လတ်ဆတ်တဲ့သဘာဝသစ်သီးဝလံတွေကိုပဲ စားသောက်ဖို့အားပေးပါ။ ကလေးတွေအချိန်မရွေးယူစားနိုင်တဲ့ သစ်သီးပန်းကန်တစ်လုံး စားပွဲပေါ်တင်ထားပေးပြီး သကြားလုံးတို့၊ ချိုချဉ်တို့ကို ရံဖန်ရံခါပဲကျွေးပါ။ သူတို့ကတော့ ကလေးဆိုတော့ စားချင်တာမစားရရင် အော်ငိုမှာပါပဲ။ ဒါပေမယ့် အလိုမလိုက်ပါနဲ့။ ဒါက သူတို့ကောင်းဖို့ အတွက်ပါ။

၄။ လေ့ကျင့်ခန်းအတူတူလုပ်ပါ

 

ကလေးလေးတွေက ငယ်ရွယ်စဉ်မှာ မိဘတွေလုပ်သမျှ အတုခိုးတတ်ပါတယ်။ မနက်အိပ်ယာနိုးလို့ သွားတိုက်၊ မျက်နှာသစ်ပြီးရင် ကိုယ်ကရှေ့က ကိုယ်လက်လေ့ကျင့်ခန်းလုုပ်ပြရင် သူတို့က စပ်စုတဲ့ မျက်လုံးလေးတွေနဲ့ကြည့််ပြီး လိုက်လုပ်ကြည့်မှာပါပဲ။ အဲဒီအချိန်မှာ မှန်မှန်ကန်ကန်လုပ်တတ်အောင်သင်ပေးလိုက်ပါ။ နောင်လည်းအကျင့်ပါပြီး လိုက်လုပ်ပါလိမ့်မယ်။ ဒါဟာသူတို့ကျန်းမာရေးအတွက် ကောင်းပါတယ်။ တစ်ခါတလေမှာ ပန်းခြံထဲမှာမိသားစုလိုက် သွားဆော့တာမျိုး၊ တူတူလမ်းလျှောက်ထွက်တာမျိုးလည်းလုပ်ပေးပါ။ ဒီလိုပြုလုပ်ခြင်းဟာ မိသားစုကြား ချစ်ခင်မှုကိုတိုးပွားစေရုံသာမက ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။

Share

Loading Next Article...
က္က