ကိုယ့်အိမ်မှာကိုယ်လည်း spa လုပ်လို့ရပါတယ်။
Thiha Htun

maxresdefault.jpg 

လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေကြောင့် ခေါင်းတွေရှုပ်၊ စိတ်မကြည်မသာဖြစ်နေချိန်မှာ spa သွားလိုက်ခြင်းက စိတ်ကိုကြည်လင် စေပါတယ်။ မွှေးပျံ့တဲ့ရနံ့လေးတွေ၊ သာယာတဲ့သီချင်းလေးတွေ၊ တင်းနေတဲ့ အကြောတွေကို ဖြေလျှော့ပေးမယ့် လက်အစုံတွေနဲ့အတူ တစ်ယောက်တည်းသီးသန့်ရှိရတာ တွေးကြည့်မိရုံနဲ့တောင် စိတ်ဖိစီးမှုက တစ်ဝက်လောက်လျော့သွားသလိုပါပဲ။ ဒါပေမယ့် spa လုပ်တယ်ဆိုတာလည်း ဆိုင်သွားမှမဟုတ်ပါဘူး။ ကိုယ့်အိမ်မှာကိုယ်လည်း spa လုပ်လို့ရပါတယ်။

၁။ သီးသန့်ပတ်ဝန်းကျင်လေးကိုဖန်တီးပါ

04e831fa01c08732_shutterstock_134514503.jpg 

ပထမဦးဆုံးလုပ်ရမှာက ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ တီဗီတွေနဲ့ဝေးဝေးမှာနေဖို့ပါပဲ။ ဒီနေ့ခေတ်ကြီးထဲမှာ အချိန်ပြည့်ဆက်သွယ်မှု ရှိနေဖို့ကိုပဲ စဉ်ဆက်မပြတ်ကြိုးစားနေတဲ့အတွက် အဆက်အသွယ်ဖြတ်တောက်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် အင်တာနက်၊ လူမှုကွန်ရက်တွေက စိတ်ဖိစီးမှုဖြစ်ပေါ်စေတဲ့အကြောင်းတရားထဲမှာ ထိပ်ဆုံးကပါတဲ့အတွက် အိမ်တွင်း spa လေးကို ဖန်တီးတော့မယ်ဆိုရင် အဲဒီနည်းပညာပစ္စည်းတွေနဲ့ ဝေးဝေးနေဖို့ အရင်ဆုံးလိုအပ်ပါလိမ့်မယ်။

အလုပ်ကလူတွေကိုလည်း ဒီအချိန်ကနေ ဒီအချိန်ထိ ဖုန်းပိတ်ထားမှာဖြစ်တဲ့အကြောင်း အကြောင်းကြားလိုက်ရင်ရပါပြီ။ အဓိက က မိနစ် (၃၀) လောက် ဘယ်သူမှ မနှောင့်ယှက်နိုင်တဲ့ပတ်ဝန်းကျင်လေးကို ရရှိဖို့ပါပဲ။

၂။ မိမိစိတ်ကြိုက် spa ပုံစံကိုရွေးချယ်ပါ

Home-Spa.jpg 

မိမိအနှစ်သက်ဆုံး အာရုံ (၅) ပါးအကြောင်းတွေးကြည့်ပါ။ ဘယ်ရနံ့ကိုအနှစ်သက်ဆုံးလဲ။ ဘယ်လိုအထိအတွေ့အာရုံမျိုးကို သဘောကျသလဲ။ ဘယ်လိုဂီတသံမျိုးက စိတ်ကိုကြည်လင်နူးညံ့စေသလဲ။ တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်တဲ့အတွက် ဒီမေးခွန်းတွေကတော့ မိမိကိုယ်ကိုယ်ပြန်မေးတာ အကောင်းဆုံးပါပဲ။ စိတ်ဖိစီးမှုတွေ၊ စိတ်သောကတွေကိုဖြေဖျောက်ဖို့ အိမ်တွင်း spa လေး ပြုလုပ်မယ်ဆိုရင် မိမိစိတ်ကိုနှစ်သက်စေမယ့် အရာတွေနဲ့ဝန်းရံထားတာအကောင်းဆုံးပါပဲ။

ဆိုကြပါစို့။ လာဗင်ဒါပန်းရနံ့က ခင်ဗျားရဲ့အနှစ်သက်ဆုံးရနံ့ဖြစ်တယ်ဆိုပါတော့။ ဒီရနံ့လေးရနေတဲ့ပတ်ဝန်းကျင်ဟာ ခင်ဗျားရဲ့စိတ်ကို အတိုင်းအတာတစ်ခုထိတော့ ကျေနပ်မှုရစေမှာပါပဲ။ ဒီလိုပါပဲ။ ကန်းထရီး မြူးဇစ်မှ ကြိုက်တဲ့သူဟာ ဒီသီချင်းလေးတွေဖွင့်ထားရင် စိတ်မှာပျော်ရွှင်သလို၊ ကျေနပ်သလိုခံစားရမှာပါပဲ။ ဒီတော့ မိမိအနှစ်သက်ဆုံး မွှေးရနံ့တွေ၊ သံစဉ်တွေကို အရင်ဖန်တီးလိုက်ပါ။ ပြီးရင်တော့ မိမိကိုယ်ကိုယ် နှိပ်နယ်ပေးတာတို့၊ ရေနွေးနွေးလေးထည့်ထားတဲ့ Bath Tub (ရေချိုးကန်) ထဲမှာ ဝင်စိမ်တာတို့ကို လုပ်နိုင်ပါပြီ။ ဒီနည်းလမ်းတွေက စိတ်ဖိစီးမှုကိုပြေပျောက်စေတဲ့ Home spa (အိမ်တွင်း spa) ပြုလုပ်နည်းတွေပါပဲ။

၃။ ရိုးရှင်းပြီး အချိန်တိုတောင်းပါစေ

သုတေသီတွေက စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျဆင်းမှုကို ကုသပေးနိုင်တဲ့ spa ကုသနည်းတွေကို သုတေသနပြုလုပ်ခဲ့ကြပါတယ်။ အဲဒီမှာ နည်းလမ်းအများစုကို အိမ်မှာပဲပြုလုပ်နိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ လေ့လာခဲ့ကြတဲ့နည်းလမ်းတွေထဲမှာ ရေအောက်မှာ နှိပ်နယ်ပေးခြင်း၊ ရေပူစမ်းထဲမှာနှိပ်နယ်ပေးခြင်း၊ ရွံ့နဲ့မံပေးခြင်းစတဲ့ နည်းလမ်းတွေက အထိရောက်ဆုံးဆိုတာ တွေ့ရှိခဲ့ကြပါတယ်။ ဒါတွေအကုန်လုံးမှာ အိမ်မှာပဲ လုပ်လို့ရပါသတဲ့။ အဲဒီနည်းလမ်းလေးတွေက ရိုးရှင်းပြီး အချိန်လည်း တိုတောင်းပါတယ်။ ဒါကြောင့် မိမိကိုယ်ပိုင် အိမ်တွင်း spa လေးဖန်တီးမယ်ဆိုလည်း အချိန်တိုတောင်းပြီး ရိုးရှင်းမှုရှိပါစေ။

၄။ လက်ရှိအချိန်ကိုတန်ဖိုးထားပါ

Live Presently Feature.jpg 

စိတ်သောကရောက်ခြင်းရဲ့ ဝိသေသလက္ခဏာတစ်ခုကတော့ ဖြစ်မလာသေးတဲ့အရာတွေကို တွေးပူတာပါပဲ။ စိတ်ဓာတ်ကျဆင်းခြင်း ဆိုတာကတော့ ပြုပြင်ပြောင်းလဲလို့မရတဲ့အတိတ်ကို ပြန်တွေးနေတာပါပဲ။ ဒါကြောင့် ဒီ (၂) ခုကို ပျောက်ကင်းစေဖို့အတွက် အကောင်းဆုံးကတော့ ပစ္စုပ္ပန်မှာနေထိုင်တာပါပဲ။ လက်ရှိအချိန်လေးကိုတန်ဖိုးထားပါ။ မိမိမြင်နေတဲ့၊ ကြားနေတဲ့၊ အနံ့ရနေတဲ့၊ ကြားရတဲ့၊ ထိတွေ့နိုင်တဲ့ အရာတွေကိုပဲ အာရုံစူးစိုက်ထားပါ။ အသက်ရှူသွင်းရင် လေးစက္ကန့်၊ အသက်ရှူထုတ်ရင် လေးစက္ကန့်လောက်ကြာပါစေ။ အကြိမ်ရေ (၃၀) ဝန်းကျင်လောက်လုပ်ပေးပါ။ စိတ်ဖိစီးမှုတွေ လျော့ပါးသွားတာကို တွေ့ရှိရပါလိမ့့်မယ်။

Source: Powerofpositivity


က္က