စီးကရက်သောက်သလို ဆေးလိပ်မီးခိုးမထွက်ဘဲ အငွေ့တွေပဲထွက်ပါတယ်။

E- cigarette လို့ခေါ်တဲ့ လျှပ်စစ်စီးကရက်သုံးစွဲမှု ပိုမိုမြင့်မားလာခြင်းဟာ ဆေးရွက်ကြီးနဲ့ပြုလုပ်ထားတဲ့ထုတ်ကုန်ပစ္စည်းတွေ (ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ စီးကရက်) ကို လူတွေသုံးစွဲမှု ကျဆင်းလာခြင်းနဲ့ ဆက်နွယ်နေပါတယ်လို့ တွေ့ရှိရပါတယ်။ Vapouriser လို့လည်းခေါ်တဲ့ e- cigarette တွေဟာ ဘက်ထရီဓာတ်အားနဲ့သုံးစွဲရတဲ့ လျှပ်စစ်စီးကရက်ပစ္စည်းလေးတွေဖြစ်ပြီး နစ်ကိုတင်းအရည်နဲ့ သုံးစွဲလို့ရပါတယ်။ သောက်လိုက်တဲ့အခါမှာလည်း စီးကရက်သောက်သလို ဆေးလိပ်မီးခိုးမထွက်ဘဲ အငွေ့တွေပဲထွက်ပါတယ်။



 

လူငယ်ကြားမှာ vaping လုပ်တယ် (Vape သောက်တယ်) လို့ ခေါ်ဝေါ်သုံးစွဲကြတဲ့ e- cigarette သောက်ခြင်းဟာ ဆေးရွက်ကြီး ထုတ်ကုန်တွေနေရာမှာ အစားထိုးသုံးစွဲဖို့အတွက် နောက်ပိုင်းမှာ trend ဖြစ်လာတာပါ။ ဗြိတိန် လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ASH (Action on Smoking and Health) ရဲ့အဆိုအရတော့ e-cigarette သောက်ခြင်းဟာ ဆေးလိပ်သောက်ခြင်းထက် ပိုပြီးအန္တရာယ်ကင်းပါတယ်တဲ့။

တချို့လူတွေက e-cigarette ထဲမှာ နစ်ကိုတင်းအရည်ထည့်ပြီး သောက်တဲ့အတွက် ခန္ဓာကိုယ်ထဲကို နစ်ကိုတင်းရောက်သွားပြီး ဆေးလိပ်သောက်ချင်တဲ့အာသီသပြေပျောက်သလို ဆေးလိပ်ထဲမှာပါတဲ့ tar လိုမျိုး အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေလည်း ခန္ဓာကိုယ်ထဲမရောက်နိုင်တော့ပါဘူး။

နိုင်ငံတကာ စည်းမျဉ်းဥပဒေများ

What-are-the-Dangers-of-Vaping.jpg 

E- cigarette နဲ့ပတ်သက်တဲ့ နိုင်ငံတကာ စည်းမျဉ်းဥပဒေ ပေါ်လစီတွေဟာလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူကွဲပြားပါတယ်။ ဗြိတိန်မှာတော့ လျှပ်စစ်စီးကရက်တွေဟာ ဆေးလိပ်ဖြတ်ဖို့ အထောက်အကူပစ္စည်း တစ်မျိုးအဖြစ် လိုင်စင်တင်ထားပါတယ်။ ဒါပေမယ့် သူတို့ဟာ နဂိုရှိပြီးသား နစ်ကိုတင်းအစားထိုးကုထုံးတွေအတိုင်းပဲ နစ်ကိုတင်းပမာဏကို တူညီစွာဖြန့်ဖြူးရမယ်။ နောက် safety standard (လုံခြုံရေး စံနှုန်း) တွေကိုလည်း ကျော်ဖြတ်နိုင်ရပါမယ်။

သြစတြေးလျမှာတော့ နစ်ကိုတင်းပါရင် သုံးစွဲခွင့်ပြုမထားပါဘူး။ အမေရိကားမှာတော့ ဆေးလိပ်ဖြတ်ဖို့ အထောက်အကူပစ္စည်းဆိုတဲ့ ခေါင်းစဉ်အောက်ကပဲလာပါတယ်။ ဒါပေမယ့် တင်းကြပ်တဲ့စည်းမျဉ်းဥပဒေတွေကို ရှောင်ရှားနိုင်ဖို့ စိတ်အပန်းဖြေပစ္စည်း တစ်မျိုးအဖြစ်ပဲ ရောင်းချကြပါတယ်။

 

လျှပ်စစ်စီးကရက်သောက်သူတွေဟာ ဆေးလိပ်သောက်ချင်စိတ်လျော့ကျစေခြင်းကြောင့် ကျန်းမာရေးအရ ပိုမိုကောင်းမွန်လာတယ် ဆိုပေမယ့် တချို့ကတော့ ဆေးရွက်ကြီးထုတ်ကုန်ဖြစ်တဲ့ ဆေးလိပ်သောက်ရတာကိုပဲ ပိုမိုအရသာတွေ့နေကြပါသေးတယ်။

British Medical Journal (ဗြိတိန် ဆေးပညာဂျာနယ်) ထဲမှာဖော်ပြထားတဲ့ ခေါင်းကြီးပိုင်းဆောင်းပါးတစ်ခုထဲမှာ ဖော်ပြထားတာကတော့ e- cigarette တွေပေါ်ပေါက်တာ ဆယ်စုနှစ်တစ်ခုစာလောက် ကြာခဲ့ပြီ ဖြစ်ပေမယ့် ဆေးလိပ်သောက်နှုန်း ကျဆင်းခြင်းနဲ့ e- cigarette သုံးစွဲခြင်းကြားမှာ ထိရောက်မှုရှိတဲ့ဆက်နွယ်မှုဆိုတာတွေက သက်သေသက္ကာယထက် ခန့်မှန်းယူဆချက်တွေပေါ် ပိုမိုမှီတည်နေပါတယ်တဲ့။

ဘာပဲပြောပြော လက်ရှိအချိန်မှာတော့ e- cigarette သုံးစွဲမှုက မြင့်တက်နေတာတော့အမှန်ပါပဲ။ ဥပမာ ဗြိတိန်မှာဆိုရင် လူ (၂.၉) သန်း လောက်ဟာ လက်ရှိအချိန်မှာ e- cigarette သုံးစွဲနေကြပါတယ်တဲ့။ ဒါဟာ ၂၀၁၃ ခုနှစ်လောက်တုံးက သုံးစွဲသူဦးရေ (၇) သိန်း နဲ့စာရင် အများကြီးပိုများလာတာပါပဲ။ ကမ္ဘာတလွှားမှာလည်း သုံးစွဲသူဦးရေဟာ တောက်လျှောက်မြင့်တက်လာနေပါတယ်။

သေချာတာတစ်ခုကတော့ e- cigarette (လျှပ်စစ်ဆေးလိပ်) သောက်ခြင်းဟာ ဆေးရွက်ကြီးနဲ့လုပ်တဲ့ စီးကရက်တို့၊ ဆေးလိပ်တို့သောက်တာထက်တော့ ကျန်းမာရေးနဲ့ညီညွှတ်တာတော့ အမှန်ပါပဲ။

Source: webmd


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က