အထီးကျန်ဆန်သူတွေဟာ နာမကျန်းဖြစ်တဲ့အခါ သူများတွေထက် ရောဂါဝေဒနာကို ပိုမိုခံစားရပါတယ်။
Thiha Htun

အထီးကျန်ခြင်းက အဝလွန်ရောဂါထက် အသက်အန္တရာယ်ပိုများပြီး လူထုကျန်းမာရေး အန္တရာယ်တစ်မျိုးအဖြစ်တောင် သတ်မှတ်သင့်ကြောင်း ကျွမ်းကျင်သူတွေကဆိုပါတယ်။ ဆိုရှယ်ကျပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတွေနဲ့နှိုင်းစာရင် ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းသူတွေဟာ စောစီးစွာသေဆုံးနိုင်ခြေ (၅၀) ရာခိုင်နှုန်းခန့် ပိုများနေနိုင်ကြောင်း အထီးကျန်ခြင်းနဲ့ ပတ်သက်တဲ့ လေ့လာမှုတစ်ခုကလည်း ဆိုထားပါတယ်။

o-ANXIETY-SLEEP-facebook.jpg 

အမေရိကန်နိုင်ငံက သုတေသီတွေဟာ အထီးကျန်ခြင်းနဲ့ လူမှုဆက်ဆံရေးရဲ့ကျန်းမာရေးအပေါ်သက်ရောက်နိုင်ခြေတွေကို လေ့လာမှု/သုတေသနပေါင်း (၂၁၈) မျိုးခန့်ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာတွေ့ရှိခဲ့တာတစ်ခုကတော့ social isolation လို့ခေါ်တဲ့ အပေါင်းအသင်းနည်းခြင်း၊ ထီးတည်းနေတတ်ခြင်းဟာ အဝလွန်ခြင်းရောဂါနဲ့နှိုင်းစာရင် လူတစ်ယောက်ရဲ့သေဆုံးနိုင်ခြေကို ထက်ဝက်ခန့် ပိုများနေနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

Brigham Young တက္ကသိုလ်က စိတ်ပညာပါမောက္ခ စာရေးဆရာ Dr. Julianne Holt-Lunstad ကတော့ "တခြားသူတွေနဲ့ လူမှုရေးအရ ဆက်ဆံတယ်ဆိုတာ အခြေခံလူသား လိုအပ်ချက်တစ်ခုပါပဲ။ လူတစ်ယောက်ဟာ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေး ကောင်းနေဖို့အတွက်ကော၊ အသက်ရှင်သန်နေနိုင်ဖို့အတွက်ပါ တခြားလူတွေနဲ့ (အနည်းဆုံး တစ်ယောက်နဲ့တော့) ဆက်ဆံ စကားပြောနေဖို့ မရှိမဖြစ်လိုအပ်ပါတယ်" လို့ဆိုထားပါတယ်။

117146538.jpg 

"ဥပမာပြောရရင် လူတွေနဲ့အဆက်အဆံမရှိဘဲ တစ်ယောက်တည်းထားထားတဲ့ မွေးကင်းစကလေးလေးတွေဟာ ရှင်သန်လိုစိတ် ကုန်ခမ်းပြီး ရံဖန်ရံခါမှာသေသွားတတ်ပါတယ်။ ဟိုးတုံးက ပြင်သစ်နိုင်ငံမှာဆိုရင် အမြင့်မားဆုံးပြစ်ဒဏ်ချမှတ်တော့မယ်ဆိုရင် ဘယ်သူမှမရှိ၊ ဘာအသံမှမကြားရတဲ့အလုံပိတ်တိုက်ခန်းထဲမှာ တစ်ယောက်တည်းတိုက်ပိတ်ထားတတ်ကြတာပါ" လို့လည်း ဆိုပါတယ်။

အထီးကျန်ခြင်းဝေဒနာကိုခံစားရပြီဆိုရင် လူတွေကို စိတ်ပိုင်းဆိုင်ရာအရကော၊ ရုပ်ပိုင်းဆိုင်ရာအရပါ ဆိုးဆိုးဝါးဝါး ခံစားရစေနိုင်ပါတယ်။ နောက်ပြီး အထီးကျန်ဆန်သူတွေဟာ နာမကျန်းဖြစ်တဲ့အခါ သူများတွေထက် ရောဂါဝေဒနာကို ပိုမိုခံစားရပါတယ်။

download.jpg 

Granset ဆိုတဲ့ အသက် (၅၀) ကျော်ပုဂ္ဂိုလ်တွေအတွက် လူမှုကွန်ရက်ဝက်ဘ်ဆိုဒ်ကတော့ အခုလို သုတေသနတစ်ခု ပြုလုပ်ခဲ့ပါတယ်။ သုတေသနရဲ့တွေ့ရှိချက်အရတော့ ဗြိတိန်နိုင်ငံမှာရှိတဲ့ လူဦးရေ (၄) ပုံ (၃) ပုံနီးပါးဟာ အထီးကျန်ခြင်း ဝေဒနာကိုခံစားနေရပြီး သူတို့အဲဒီလိုခံစားနေရကြောင်း ဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးပါဘူးတဲ့။ သူတို့ထဲက (၇၀) ရာခိုင်နှုန်းက ပြောပြခဲ့တာကတော့ သူတို့ရဲ့အရင်းနှီးဆုံး သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေဟာ သူတို့အထီးကျန်နေကြောင်း ပြောပြလိုက်ရင် အရမ်းအံ့အားသင့်သွားလိမ့်မယ်လို့ဆိုပါတယ်။ လူတွေနဲ့ပေါင်းသင်းဆက်ဆံနေရင်းကို အထီးကျန်ဝေဒနာ ခံစားနေရသူတွေ အများကြီးပါပဲ။

နောက်ပြီး End Loneliness လို့ခေါ်တဲ့ campaign တစ်ခုရဲ့အဆိုအရဆိုရင် ဗြိတိန်နိုင်ငံရဲ့ အထီးကျန်ခြင်းဝေဒနာကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲဆုံးရှုံးမှုဟာ နှစ်စဉ် ဒေါ်လာ (၂၆) သန်းရှိပြီး ဆုံးရှုံးမှုထဲမှာ အထီးကျန်ခြင်းနဲ့ဆက်နွယ်နေတဲ့ ကျန်းမာရေးဆိုးကျိုးတို့၊ နာဖျားခွင့်တို့ ပါဝင်နေပါတယ်တဲ့။

lonely-girl-wide.jpg 

Holt-Lunstad က ထပ်မံဖြည့်စွက်ခဲ့တာတစ်ခုကတော့ "တစ်ယောက်တည်းနေတတ်ခြင်းနဲ့ အထီးကျန်ခြင်းဟာ အရွယ်မတိုင်ခင် သေဆုံးခြင်းအန္တရာယ်ကို သိသာထင်ရှားစွာတိုးတက်စေနိုင်ကြောင်း သက်သေ သက္ကာယတွေ ခိုင်ခိုင်မာမာရှိပါတယ်။ နောက်ပြီး အဲဒါကြောင့်ဖြစ်တဲ့ အန္တရာယ်က တခြားကျန်းမာရေးအန္တရာယ်တွေနဲ့နှိုင်းစာရင်လည်း ပိုများနေပါတယ်" ဆိုပြီး ဖြစ်ပါတယ်။

"အမှန်တကယ်တော့ ကမ္ဘာတဝှမ်းက နိုင်ငံတော်တော်များများမှာ အထီးကျန်ခြင်းရောဂါကပ်ဆိုက်နေပြီလို့တောင် ဆိုနိုင်ပါတယ်။ အခု ကျွန်မတို့ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုက အထီးကျန်မှုဝေဒနာပပျောက်အောင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာပါပဲ" လို့လည်း သူမကဆိုပါတယ်။

ဥပမာ ကျောင်းတွေမှာ ကလေးတွေအတွက် လူမှုပေါင်းသင်းဆက်ဆံရေးအရည်အချင်းတွေ ပိုမိုထက်မြက်အောင် လုပ်ပေးမယ့် အတန်းတွေ ဖွင့်လှစ်သင်ကြားပေးခြင်းလိုမျိုးုလုပ်ပေးခြင်းအားဖြင့် အထီးကျန်မှု ဝေဒနာပပျောက်ရေးမှာ သုတေသနနဲ့ ငွေကြေးရင်းမြစ်တွေ ပိုမိုစိုက်ထုတ်ပေးသင့်ကြောင်း သူမက အကြံပြုထားပါတယ်။

Source: NewYorkpost


က္က