ပိုမိုကောင်းမွန်တဲ့ အိပ်စက်ခြင်းနဲ့ IQ ပိုကောင်းလာစေဖို့အတွက် အစားအသောက်၊ အနေအထိုင်နဲ့ ပြုပြင်ပြောင်းလဲလို့ ရတယ်ဆိုတာကိုကော သိပါသလား။

လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလုပ်ဆောင်မှုတွေထဲမှာ အိပ်စက်ခြင်းကလည်း အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကောင်းမွန်တဲ့ အိပ်စက်ခြင်းက ခန္ဓာကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေး နှစ်မျိုးစလုံးအတွက် အရေးပါပြီး လုပ်ဆောင်ရည်ကိုလည်း ပိုမိုတိုးတက်လာစေနိုင်တဲ့ အစိတ်အပိုင်း တစ်မျိုးပါ။ ပိုမိုကောင်းမွန်တဲ့ အိပ်စက်ခြင်းနဲ့ IQ ပိုကောင်းလာစေဖို့အတွက် အစားအသောက်၊ အနေအထိုင်နဲ့ ပြုပြင်ပြောင်းလဲလို့ ရတယ်ဆိုတာကိုကော သိပါသလား။



 

ပန်ဆေလ်ဗီးနီးယားတက္ကသိုလ် (University of Pennsylvania) မှာ ထုတ်ဝေထားတဲ့ သုတေသန စာတမ်းတစ်စောင်အရတော့ ငါးကို ပုံမှန်စားသုံးပေးခြင်းက ဦးနှောက်စွမ်းရည် ပိုမိုကောင်းမွန်စေခြင်း၊ ပိုမိုကောင်းမွန်စွာ အိပ်စက်နားနေနိုင်ခြင်းတို့နဲ့ ဆက်စပ်နေတယ်လို့ ဆိုထားပါတယ်။ ကလေးငယ်တွေကို ဆာဗေးလုပ်ကြည့်ရာမှာလည်း တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်လောက် ငါးစားပေးတဲ့ ကလေးတွေဟာ ပိုမိုကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ပြီး IQ လည်း ငါးမှတ်လောက် တက်လာတာကို တွေ့ရှိရပါသတဲ့။

ငါးထဲမှာ အဓိကပါဝင်တဲ့ ကျန်းမာရေးထောက်ကူ ပစ္စည်းတစ်မျိုးကတော့ အိုမီဂါသရီး ဖက်တီးအက်ဆစ် (Omega 3 Fatty Acid) ပါပဲ။ အိုမီဂါသရီး ဖက်တီးအက်ဆစ်ဟာ များစွာသောကျန်းမာရေး အကျိုးကျေးဇူးတွေကို သယ်ဆောင်ပေးနိုင်တဲ့ အဆီဓာတ်တစ်မျိုး ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ပေါ်က အာရုံကြောတွေဟာ အိုမီဂါသရီး ဖက်တီးအက်ဆစ်ကို ဆဲလ်အမြှေးပါး ပုံမှန်တည်ဆောက်ရေးနဲ့ လုပ်ဆောင်မှုတို့အတွက် လိုအပ်ပါတယ်လို့ UCLA က အာရုံကြောဇီဝဗေဒ ပညာရှင်တစ်ဦးဖြစ်တဲ့ Don Vaughn က ဆိုထားပါတယ်။ "အိုမီဂါးသရီး ဖက်တီးအက်ဆစ် ပါဝင်မှုမရှိတဲ့ စားသောက်နေထိုင်မှု ပုံုစံတွေမှာ ဦးနှောက်မှတ်ဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်လေးတွေ ရှိနေတာလည်း အဆန်းတော့မဟုတ်ပါဘူး" လို့လည်း သူကဆိုပါတယ်။

 

ဟိုအရင်တုန်းက သုတေသနတွေရဲ့ ဖော်ပြချက်အရတော့ ဉာဏ်ရည်ပိုကောင်းလာခြင်းနဲ့ အိုမီဂါသရီး စားသုံးမှုကြားမှာ ဆက်နွယ်မှုတစ်ခု ရှိပေမဲ့ အိပ်စက်ခြင်း၊ ဉာဏ်ရည်နဲ့ ငါးစားသုံးမှုကြားက ဆက်နွယ်မှုကိုတော့ ဘယ်သုတေသနကမှ ဖော်ပြနိုင်ခြင်း မရှိသေးပါဘူး။ တရုတ်ကလေးငယ် (၅၄၁) ဦးကို ဆာဗေးပြုလုပ်ခဲ့တဲ့ သုတေသနအသစ် တစ်ခုအရဆိုရင် ငါးစားသုံးတဲ့ ကလေးတွေဟာ ဝေါဟာရ ပိုမိုမှတ်သားနိုင်စွမ်းနဲ့ ကွန်ပျူတာပရိုဂရမ် ရေးသားနိုင်ခြင်းတို့လို အပြောစွမ်းရည်နဲ့ အပြောမဟုတ်တဲ့ စွမ်းရည် (၂) မျိုးလုံးမှာ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာတာကို တွေ့ရှိရပါသတဲ့။

မိဘတွေဟာ ကလေးတွေရဲ့အိပ်ချိန်နဲ့ အိပ်ရေးဝမှု/ မဝမှုတွေကိုလည်း မှတ်တမ်းတင်ခဲ့ကြပါတယ်။ ရလာတဲ့ ဒေတာတွေအားလုံးကို စီစစ်လိုက်ချိန်မှာတော့ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်တော့ ငါးစားပါတယ်လို့ သိရတဲ့ ကလေးတွေဟာ ငါးလုံးဝမစားပါဘူး (သို့) ရံဖန်ရံခါမှ စားပါတယ်လို့ မှတ်တမ်းတင်ခံထားရတဲ့ ကလေးတွေထက်စာရင် IQ စစ်ဆေးမှု စာမေးပွဲမှာ (၄.၈) မှတ်လောက်တောင် ပိုများနေတာကို ပန်ဆေလ်ဗီးနီးယား သုတေသီတွေ တွေ့ရှိလိုက်ရပါတယ်။ နောက်ပြီး ငါးကိုပုံမှန် စားပေးတဲ့သူတွေက အိပ်ရေးလည်းပိုဝပြီး တက်ကြွလန်းဆန်းနေပါတယ်တဲ့။

 

"အိပ်စက်ခြင်းက ဦးနှောက်ကျန်းမာရေးနဲ့ လုပ်ဆောင်မှုအတွက် မရှိမဖြစ် အရေးပါပါတယ်။ အိပ်စက်နေချိန်မှာ ဦးနှောက်က အရေးကြီးတဲ့မှတ်ဉာဏ်တွေကို ခြေကုတ်တွယ်စေတယ်။ အရေးမကြီးတဲ့ သတင်းအချက်အလက်တွေကို မေ့လျော့စေတယ်။ နေ့ခင်းဘက်က လေ့လာထားတဲ့ အရည်အသွေးတွေကိုလည်း ညဘက်မှာ ဆက်လက်လေ့ကျင့်စေနိုင်တယ်" လို့ ဒေါက်တာ Vaughn က ဆိုပါတယ်။ "ကောင်းမွန်တဲ့အိပ်စက်ခြင်းက မှတ်ဉာဏ်စွမ်းရည်နဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတို့နဲ့လည်း ဆက်စပ်နေပါတယ်"

"အိုမီဂါသရီး ဖက်တီးအက်ဆစ်က ဦးနှောက်ဖွဲ့စည်းပုံနဲ့ အလုပ်လုပ်ဆောင်မှုတို့အတွက် အရေးပါတယ်ဆိုတာကတော့ ထင်ရှားနေတာပါပဲ" လို့ ဒေါက်တာ Vaughn က ဆိုပါတယ်။ "ဘယ်လောက်ပမာဏ စားသုံးပေးရင် အကောင်းဆုံးလဲဆိုတာကိုတော့ အတိအကျမသိရသေးပေမဲ့ ငါးများများစားပေးခြင်းက ဦးနှောက်စွမ်းရည်နဲ့ အိပ်စက်ခြင်းကို တိုးတက်စေနိုင်တယ်ဆိုတာ ထင်ရှားတဲ့အတွက် မိမိနဲ့ မိမိရဲ့ မိသားစုဝင်တွေအတွက် နေ့စဉ်အစားအသောက်ထဲမှာ ငါးပါဝင်မှုနှုန်းကို မြှင့်တင်ပေးသင့်ပါတယ်။

Source: Reader's Digest


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က