“Virtual World ထဲမှာပဲ ပျော် မနေနဲ့”
Phyo Min Thant

နည်းပညာတိုးတက်နေတဲ့ ခေတ်ကြီးမှာ မိုဘိုင်းလ်ဖုန်းတွေက နေ့စဉ်ဘဝရဲ့ အရေးကြီး အစိတ်အပိုင်းတခု ဖြစ်လာပါတယ်။ နည်းပညာရဲ့ အကျိုးကျေးဇူးကြောင့် နေ့စဉ်လုပ်ရတဲ့ အလုပ်တွေ ပိုမို လွယ်ကူ မြန်ဆန်လာသလို တဖက်မှာလည်း ရှောင်လွဲလို့ မရနိုင်တဲ့ အကျိုးဆက်တွေ ရှိလာပါတယ်။ ဒီနေ့ခေတ် လူတော်တော်များများမှာ ဖုန်းသုံးစွဲမှုနဲ့ ပတ်သက်လို့ ပြဿနာရှိတတ်ကြပါတယ်။ “မင်းကို ကြည့်လိုက်ရင် ဖုန်းနဲ့ မျက်စိနဲ့ကို မခွာဘူး” ၊ “တချိန်လုံး ဖုန်းပဲ သုံးနေတာပဲ”၊ “Virtual World ထဲမှာပဲ ပျော် မနေနဲ့” စတဲ့ ဘေးပတ်ဝန်းကျင်က သတိပေးစကားတွေ အားလုံးပေါ်ကြားဖူးကြမှာပါ။ဒါပေမဲ့နည်းပညာတွေနဲ့ အဆက် အသွယ်ဖြတ်ပြီး အမြဲနေဖို့ဆိုတာကလည်း လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။

ဖုန်း မသုံးရရင် မနေနိုင်တာဟာ ဒီတိုင်းကြည့်ရင် သာမန် ပြဿနာတခုလို့ ယူဆနိုင်ပေမယ့် စမတ်ဖုန်း တွေ၊ ကွန်ပျူတာတွေ၊ Tablets တွေကို မနားမနေ တောက်လျှောက် သုံးတာက နေ့စဉ်ဘဝမှာ လူတွေရဲ့ စိတ် ပိုင်းဆိုင်ရာ အခြေအနေကို ထိခိုက်စေနိုင်ပါတယ်။ Facebook, Twitter, Instagram စတဲ့ ဆိုရှယ်မီဒီယာတွေ၊ အီးမေးလ်၊ မက်ဆေ့စ်တွေကို အဆက်မပြတ် ကြည့်ရှုရတာ ကြိုက်တဲ့သူတွေကို “Constant Checkers- အတောမသတ်နိုင်လောက်အောင် သုံးစွဲသူတွေ” လို့ ခေါ်ပါတယ်။ UK ရဲ့ လေ့လာမှုတခုမှာဆိုရင် စမတ်ဖုန်း အသုံးပြုတဲ့ လူတယောက်ဟာ တနေ့မှာ ပျှမ်းမျှ ၈၅ ကြိမ်လောက် ဖုန်းဖွင့်ကြည့်ပြီး တနေ့ကို ဖုန်းအသုံးပြုချိန် အနည်းဆုံး ၅နာရီ လောက် ရှိတယ်လို့ ဆိုထားပါတယ်။ အမေရိကန် စိတ်ပညာ အသင်း (APA) ရဲ့ လေ့လာမှု အရ ဒစ်ဂျစ်တယ် ပစ္စည်းတွေကို အင်မတန် ခင်တွယ်ပြီး နည်းပညာတွေ အလွန်အကျွံ သုံးတဲ့သူတွေဟာ သာ မန်လူတွေထက် စိတ်ဖိစီးမှု ပိုများပါတယ်။ အဆက်မပြတ် ဖုန်းသုံးစွဲသူတွေ အရေအတွက်ရဲ့ ၄၂ % လောက်က ဆိုရှယ်မီဒီယာတွေပေါ်က နိုင်ငံရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆွေးနွေးပြောဆိုချက်တွေက သူတို့ကို အဓိက စိတ် ဖိစီးမှုများစေတာလို့ ပြောပါတယ်။ စွဲလမ်းခြင်း အပြုအမူ တခုလိုဖြစ်နေတဲ့ စမတ်ဖုန်းတွေ၊ ဆိုရှယ် မီဒီယာတွေ အလွန်အကျွံသုံးစွဲခြင်းဟာ နေ့စဉ်ဘဝအပေါ် သက်ရောက်မှုရှိသလို စိတ်ဓာတ်ကျခြင်း (Depression) ၊ စိုးရိမ်မှု လွန်ကဲခြင်း (Anxiety) စတဲ့ စိတ်ကျန်းမာရေး ပြဿနာတွေနဲ့ ဆက်စပ် နေတယ်လို့ စိတ်ပညာရှင် ပရော်ဖက်ဆာ ဒေါက်တာ Jon D. Elhai က ပြောထားပါတယ်။ အိပ်ရေးပျက်တာ၊ သူများတကာနဲ့ မိမိကိုယ် ကိုယ် နှိုင်းယှဉ်ပြီး သိမ်ငယ်စိတ်ဝင်တာ၊ တခုခုကို ကြာကြာ အာရုံမစိုက်နိုင်တာမျိုးတွေအထိ ခံစားရနိုင်ပါတယ်။

ဒါကြောင့် အခုနောက်ပိုင်း Digital Detox လုပ်တာမျိုးတွေ ခေတ်စားလာတာပါ။ Digital Detox ဆို တာကတော့ စမတ်ဖုန်းတွေ၊ အီလက်ထရောနစ် ပစ္စည်းတွေ၊ ဆိုရှယ်မီဒီယာတွေနဲ့ အဆက်ဖြတ်ခြင်းပဲ ဖြစ်ပါ တယ်။ ဒါပေမဲ့ Digital Detox အစီအစဉ်တွေက လက်တွေ့မကျတဲ့အခါ ရေရှည် အသုံး မတည့်တာမျိုး ဖြစ်တတ်ပါတယ်။ အဲ့တော့ နည်းနည်းပိုပြီး လက်တွေ့ကျမယ့် နည်းလမ်းမျိုး စဉ်းစား ကြည့်ကြရအောင်ပါ။

-      ပထမဦးဆုံးအနေနဲ့ ဖုန်းကို မသုံးရမနေနိုင်တဲ့အထိ စွဲလမ်းနေရခြင်းရဲ့ အကြောင်းအရင်းခံကို သိဖို့လို ပါတယ်။ ကျွန်မတို့ ဘဝမှာ ပထမဦးစားပေးက “ဖုန်း” ဖြစ်အောင် တွန်းပို့ပေးနေတဲ့ စိတ်ခံစားမှုဆိုင်ရာ အကြောင်းအချက် (Emotional Triggers) ကို သိဖို့က အရေးကြီးပါတယ်။ ဒီနေရာမှာ ကျွန်မတို့ အနေနဲ့ အင်တာနက်ကို လုံးဝ အဆက်ဖြတ်ပြီး ဆိုရှယ်မီဒီယာ သုံးတာကို လုံးဝ ရပ်လိုက်ဖို့ မလိုပါဘူး။ ဖုန်းပေါ်က တဆင့် မဟုတ်ပဲ အချိန်ကန့်သတ်ချက်နဲ့ ကွန်ပျူတာက တဆင့် သုံးနိုင်အောင် လမ်းဖွင့် ထားလို့ ရပါတယ်။

-      တရက် တရက် ဖုန်းသုံးစွဲမှုကို ဘယ်အခြေအနေရှိလဲ ဆိုတာသိရအောင် မှတ်တမ်းလေးကို လုပ်ကြည့်လို့လည်းရပါတယ်။ တရက်ကို ဘယ်နှကြိမ် ဖုန်းဖွင့်ကြည့်မိလဲ၊ တရက်မှာ ပျှမ်းမျှ ဖုန်း သုံး ချိန် ဘယ်လောက်ရှိလဲ မှတ်ထားကြည့်နိုင်ပါတယ်။ တခါတလေ ကိုယ့်ရဲ့ ဖုန်းသုံးစွဲချိန်က ကိုယ်ထင် တာထက် ပိုများလွန်းနေတာလည်း ဖြစ်နိုင်ပါတယ်။ အဲ့လို မှတ်တမ်းတကြိမ်လောက် လုပ်ကြည့်ခြင်းက သင့်ကို ဖုန်းသုံးတာ အလွန်အကျွံမဖြစ်အောင် ထိန်းညှိချင်စိတ် ဖြစ်လာအောင် ကူညီပေးနိုင်ပါတယ်။

-      တခါတလေ ဖုန်းသုံးစွဲမှုကို ရုတ်တရက် လျှော့ချလိုက်တဲ့အခါမျိုးမှာ ဘာမှ လုပ်စရာမရှိသလိုဖြစ်ပြီး တခုခုလိုနေတယ်ဆိုတဲ့ ခံစားချက်မျိုး ဖြစ်တတ်ပါတယ်။ အဲ့လိုအခါမျိုးမှာ ဘေး ပတ်ဝန်းကျင်ကို အာရုံစိုက်တာမျိုး လုပ်ပေးလို့ရပါတယ်။ ဥပမာ တက်စ်စီပေါ်၊ ဘတ်စ်ကားပေါ် ရောက်နေတဲ့အခါမျိုးမှာ ဖုန်းထုတ်သုံးတာမျိုးမလုပ်ပဲ ဘေးဘီဝဲယာက ကားတွေ၊ တိုက်တာ အဆောက်အဦးတွေ၊ လူတွေ သွားလာနေတာမျိုးတွေကို ကြည့်တတ်တဲ့ အလေ့အကျင့်မျိုးလည်း မွေးမြူလို့ရပါတယ်။

-      ဖုန်းထဲက အရေးတကြီး မလိုအပ်တဲ့ Applications တွေကိုလည်း ဖယ်ထုတ်ထားနိုင်ပါတယ်။ ဆိုရှယ်မီဒီယာ Applications တွေဖြစ်တဲ့ Facebook, Twitter စတာတွေ၊ ဂိမ်းတွေကို သင့်ဖုန်းထဲက နေ ဆန္ဒရှိရင် ဖယ်ထုတ်လိုက်လို့ရပါတယ်။ သင်အနေနဲ့ မဖြစ်မနေ သုံးဖို့ လိုအပ်လာတဲ့ အခါမျိုးကျရင် ကွန်ပျူတာကနေတဆင့် သုံးဖို့ အခွင့်အရေး ရှိပါတယ်။

-      ဖုန်းသုံးချိန်တွေမှာ တခြားအစားထိုး တခုခုလုပ်နိုင်ဖို့အတွက် ဝါသနာပါတဲ့ အရာတခုခု လည်း သင်ယူလို့ ရပါတယ်။ ဥပမာအနေနဲ့ သင်က ဂစ်တာ တီးတတ်ချင်နေတယ်ဆိုပါစို့၊ ဂစ်တာတီး သင်တန်း သွားတက်ပြီး သင့်ရဲ့ အရင်က ဖုန်းသုံးချိန်တချို့ကို ဂစ်တာတီးတာနဲ့ အစားထိုး နိုင်ပါတယ်။

အခုပြောသွားတဲ့ အချက်တွေက သင့်ကိုယ် သင် ဖုန်းသုံးတာနဲ့ ပတ်သက်လို့ ပြဿနာရှိတယ်လို့ ယူဆရင် အသုံးချနိုင်တဲ့ အခြေခံနည်းလမ်းတွေပါ။ သင့်မှာ ဗွီဒီယို ဂိမ်းပဲဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာတွေပဲ ဖြစ်ဖြစ်၊ ဖုန်းနဲ့ အခြား ဒစ်ဂျစ်တယ် ပစ္စည်းတွေကို အလွန်အကျွံ စွဲလမ်းပြီး သုံးနေတဲ့ အပြုအမူပိုင်းဆိုင်ရာ ပြဿနာ ရှိနေ တယ်လို့ ယူဆပြီး ကိုယ့်ပါကိုယ် ဖြေရှင်းဖို့ ခက်ခဲနေရင် ကျွမ်းကျင်ပညာရှင်တွေဆီက အကူအညီယူနိုင်ပါတယ်။ သင့်ရဲ့ အပြုအမူပိုင်းဆိုင်ရာ ပြဿနာကို ဖြေရှင်းဖို့အတွက် စိတ်ကျန်းမာရေး ဆွေးနွေးပေးသူက အကူအညီ ပေးနိုင်ပါတယ်။ အခု မြန်မာပြည်မှာဆိုလည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ အပြုအမူပိုင်းဆိုင်ရာ ပြဿနာ တွေကို နှစ်သိမ့်ဆွေးနွေး အကြံပေးတဲ့ Counseling စင်တာတွေ ပေါ်လာပါပြီ။ အဲ့ဒီ စင်တာတွေထဲက တခုကတော့ Citta consultancy ဖြစ်ပါတယ်။ စိတ္တအကြောင်းကိုတော့ www.cittaconsultancy.com မှာဝင်ရောက်လေ့လာနိုင်သလို Facebook Page - Citta Counsultancy – Psychological Services ကနေ တဆင့်လဲ ဆက်သွယ်နိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က