Deltaကိုဗစ်ဟာ ကူးစက်မှုမြန်ပြီး ဝေဒနာပိုမိုပြင်းထန်ပေမယ့် ပြန်လည်ပျောက်ကင်းနိုင်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ်တတိယလှိုင်းမှာတော့ မျိုးဗီဇပြောင်းကိုဗစ်လက္ခဏာများကို တွေ့ရှိနေရတာဖြစ်ပါတယ်။

Alpha / Beta / Delta အပြင် Kappa ဆိုတဲ့ မျိုးဗီဇပြောင်း (၄)မျိုးထိ တွေ့ရှိထားကြောင်းကိုလည်း ကျန်းမာရေးအသိုင်းအဝန်းက သတင်းထုတ်ပြန်ထားပါတယ်။ ယခုပျံ့နှံ့နေတဲ့ ကိုဗစ်မျိူးစိတ် အသစ်ဖြစ်တဲ့ Delta က ကူးစက်မှုနှုန်း ၆၀ %ထိပိုမြန်ပြီး ရောဂါဝေသနာလည်း ပြင်းထန်ပါတယ်။ ကိုဗစ်မျိုးစိတ်အသစ်ရဲ့ လက္ခဏာတွေက ယခင်ကိုဗစ် Alphaလိုပဲ ဖျားတာ၊ ချောင်းဆိုးတာ၊ အနံ့ပျောက်တာနဲ့ အသက်ရှုကြပ်တဲ့ လက္ခဏာတွေ တူပြီး တုပ်ကွေးမိသလို ခေါင်းကိုက်တာ၊ လည်ချောင်းနာတာ နဲ့ နှာရည်ယိုတဲ့ လက္ခဏာတွေကို ပိုခံစားရပါတယ်။ ဒါ့အပြင် ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားပြဿနာတွေရှိလာတဲ့အပြင် ခြေလက်ကိုက်ခဲတာတွေလည်းရှိတာကြောင့် ပြင်းထန်တဲ့ ကိုဗစ်ပိုးအသစ်ကို ပိုပြီး ထိထိရောက်ရောက်ကာကွယ်ဖို့ လိုအပ်ပါတယ်။

Photo: Sky News

ရောဂါဝေဒနာ အဆင့်ဆင့်ခံစားရပုံ

လက်ရှိကိုဗစ်ရောဂါ ကူးစက်ခံရတဲ့လူနာတွေဟာ စဖျားတဲ့ရက်ကစပြီး (၁၀)ရက်ကျော်တဲ့အထိ ဝေဒနာ ခံစားရပါတယ်။ ပထမဆုံးစတင်ခံစားရတဲ့ (day 1 )မှာဆိုရင် ခေါင်းကိုက်တာ၊နှာစေးတာ၊ ခြေဖျားလက်ဖျားတွေအေးပြီး လည်ချောင်းယားကာ ချောင်းဆိုးတဲ့ လက္ခဏာတွေကနေ စတင်ကြပါတယ်။ စဖြစ်ပြီး (၅)ရက်အတွင်းမှာ ဒီလက္ခဏာတွေက အပြောင်းအလဲ သိပ်မရှိဘဲ (၅)ရက်နဲ့ (၁၀)ရက်ကြားမှာတော့ ရောဂါဒဏ်ကို ပိုပြီးပြင်းထန်ခံစားလာကြရပါတယ်။ နောက်(၅)ရက်အတွင်းမှာဆိုရင်တော့ အဖျားတက်တာ ၊အနံ့အရသာပျောက်တာ၊ အောက်ဆီဂျင်ကျတာတွေနဲ့ ကိုယ်လက်အဆစ်အမြစ်တွေကိုက်ခဲပြီး အိပ်ယာကနေ မထနိုင်တော့တဲ့အဆင့်ထိဖြစ်လာကြပါတယ်။ ဗိုင်းရပ်စ်ပိုးကို ခန္ဓာကိုယ်က ပြန်တိုက်နိုင်တဲ့အချိန်က ပထမ (၅)ရက်အတွင်းမှာဖြစ်ပြီး ကိုယ်ခံအားကောင်းတဲ့သူတွေဆိုရင် ပထမ(၅)ရက်နဲ့တင်ရောဂါသက်သာပျောက်ကင်းသွားတာတွေလည်းရှိပါတယ်။ (၅)ရက်ကနေ (၁၀)ရက်အတွင်းမှာဆိုရင်တော့ အထူးဂရုစိုက်ရမယ့် အနေအထားမှာရှိလာပါလိမ့်မယ်

Photo: The Conversation

ဘယ်လိုကာကွယ်မလဲ

ကာကွယ်နည်းတွေကတော့ အရင်ကိုဗစ် first waveနဲ့ second waveတုန်းကလိုပါပဲ။ အပြင်သွားလာတဲ့အခါမှာ mask နှစ်ထပ်တပ်တာ၊ လက်ဆေးတာ၊ တစ်ဦးနဲ့တစ်ဦး (၆)ပေအကွာနေထိုင်တာ၊ ကိုယ်ခံအားကောင်းအောင် အာဟာရမျှတစွာစားသုံးတာနဲ့ လုံလောက်စွာအိပ်စက်အနားယူတာ အိမ်မှာလေဝင်လေထွက်ကောင်းအောင် ပြင်တင်းပေါက်တွေဖွင့်ထားတာမျိုးတွေ လုပ်ရပါမယ်။ ပြီးတော့ နာတာရှည်ဝေဒနာသည်ရှိရင်ပိုပြီးဂရုစိုက်ဖို့ လိုသလို လိုအပ်ပါက အောက်ဆီဂျင်အိုးငှါးဖို့နေရာတွေ ကြိုပြီး စုံစမ်းထားတာမျိုးတွေပြုလုပ်ထားသင့်ပါတယ်။

ရောဂါလက္ခဏာစလာရင် ဘယ်လိုပြင်ဆင်မလဲ

လက်ရှိ ကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ်ပိုးကသာမန်ရာသီတုပ်ကွေးအဖျားနဲ့ လက္ခဏာဆင်တူတာကြောင့် ဝေဒနာစတင်ခံစားရပြီဆိုကတည်းက မိသားစုနှင့် အခန်းခွဲနေပါ။ သုံးရက်အတွင်းသက်သာပျောက်ကင်းမှုမရှိပါက နီးစပ်ရာဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပြီး ကုသမှုကိုစောလျှင်စွာခံယူဖို့လိုအပ်ပါတယ်။ ယခုကိုဗစ်ပိုးက ကူးစက်မြန်ပြီး တစ်ယောက်ဖြစ်ရင် တစ်အိမ်လုံးကူးစက်နိုင်တဲ့အတွက် စောလျှင်စွာကုသမှုခံယူဖို့က အရေးအကြီးဆုံးပဲဖြစ်ပါတယ်။

ပျောက်ကင်းနိုင်ခြေရာခိုင်နှုန်း

Deltaကိုဗစ်ဟာ ကူးစက်မှုမြန်ပြီး ဝေဒနာပိုမိုပြင်းထန်ပေမယ့် ပြန်လည်ပျောက်ကင်းနိုင်ပါတယ်။ စဖြစ်တဲ့နေ့ကနေ (၅)ရက်အတွင်းမှာ ဗိုင်းရပ်စ်ပိုးကို ခန္ဓာကိုယ်က ပြန်လည်ခုခံတဲ့ကာလဖြစ်လို့ ဒီ(၅)ရက်အတွင်းမှာ ဂရုစိုက်နိုင်တဲ့လူအများစုက ပြန်လည်ပျောက်ကင်းလာတာကိုတွေ့ရတယ်လို့ လက်ရှိလူနာတွေကို ကုသမှုပေးနေတဲ့ အထွေထွေအထူးကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောပါတယ်။ ဒါကြောင့် လူတွေဟာ နေ့စဉ် ကိုယ်မနက်အိပ်ယာကထပြီဆိုတာနဲ့ ကိုယ့်ခန္ဓာကိုယ်မှာ ဘာဖြစ်နေလဲဆိုတာကို လေ့လာဖို့လိုအပ်ပြီး လိုအပ်တဲ့ကုသမှုကို စောစောစီးစီးခံယူနိုင်ပါတယ်။ ဖျားတဲ့ (၁)ရက်နေ (၅)ရက်အတွင်းက ထွေထွေထူးထူး ကုသမှုမရှိဘဲ နားနားနေနေနေထိုင်တာ၊ ရေများများသောက်တာ၊အာဟာရပြည့်အောင်စားသောက်နေထိုင်ရုံနဲ့ ရောဂါကို ပြန်တိုက်ခိုက်နိုင်ပြီး ပြန်လည်ကောင်းမွန်လာနိုင်တာကြောင့် (၅)ရက်အတွင်းမှာ ဂရုတစိုက်နေထိုင်ကြဖို့လိုအပ်ပါတယ်။

သတင်းဆောင်းပါးပါ အချက်အလက်များကို အထွေထွေရောဂါကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က မျှဝေအကြံပြုထားခြင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ



က္က