ဆီးချိုရောဂါဟာ တစ်ခါစစ်ရုံနဲ့ ပြီးသွားတာမဟုတ်ဘဲ စစ်လိုက်လို့ ကိုယ့်မှာရောဂါရှိပြီဆိုတာ သိတာနဲ့ ရေရှည်ကုသရတော့မှာပါ။

ဆီးချိုရောဂါဆိုတာ တစ်သက်လုံးဝေဒနာခံစားရတဲ့ နာတာရှည်ရောဂါတစ်မျိုးပါ။ အဖြစ်အများဆုံး ရောဂါတစ်မျိုးဖြစ်ပြီး မျိုးရိုးလိုက်တဲ့ ရောဂါလည်းဖြစ်ပါတယ်။

Photo: Healthline


ခန္ဓာကိုယ်ထဲက သွေးလည်ပတ်မှုထဲမှာ သကြားဓာတ်ပါဝင်မှုကို လျော့ချနိုင်တဲ့ လုပ်ငန်းစဉ်တစ်ခု အားနည်းသွားတာကနေ ဆီးချိုရောဂါစတင်ဖြစ်ပွါးတာပါ။ ဆီးချိုရောဂါဟာ အသက်ကို အန္တရာယ်ပြုနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပြီး နေ့စဉ် နေထိုင်စားသောက်မှုပုံစံကို အထူးဂရုစိုက်ရပါတယ်။ ဆီးချိုရောဂါကြောင့် လေဖြတ်တာ၊ အမြင်အာရုံတွေထိခိုက်လာတာ၊ ကျောက်ကပ်အလုပ်မလုပ်တော့တဲ့အထိဖြစ်နိုင်ပြီး နောက်ဆုံးမှာ ကိုယ်လက် အစိတ်အပိုင်းတွေဖြတ်ထုတ်ရတဲ့အထိ ဆိုးရွားတဲ့ ရောဂါတစ်ခုလည်းဖြစ်ပါတယ်။

Photo: Medical News Today


ဆီးချိုရောဂါ လက္ခဏာများ

ဆီးချိုရောဂါခံစားနေရတဲ့ သူတွေဟာ ပင်ပန်းနွမ်းနယ်တာ၊ ဆီးသွားများတာ၊ နေ့စဉ်ပုံမှန်စားသောက်နေပေမယ့်လည်း ကိုယ်အလေးချိန်လျော့ကျလာတာ၊ အမြင်အာရုံအားနည်းလာပြီး ခန္ဓကိုယ်မှာ အနာတစ်ခုဖြစ်တာနဲ့ အနာတွေအကျက်နှေးတာ စတဲ့ လက္ခဏာတွေကို ခံစားရပါတယ်။ ဆီးချိုရောဂါ အဖြစ်များတဲ့သူတွေက အသက် (၄၀)ကျော်အရွယ်တွေဖြစ်ပြီး မိဘတွေမှာ ဆီးချိုရောဂါဖြစ်နေတဲ့သူတွေနဲ့ အဝလွန်နေတဲ့သူတွေမှာ အဖြစ်များပါတယ်။

Photo: A Place for Mom


ဆီးချိုရောဂါကို ဘယ်လိုကာကွယ်မလဲ

ဆီးချိုရောဂါဟာ မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်သလို အစားအသောက်နေထိုင်မှု ပုံစံကြောင့်လည်းဖြစ်နိုင်ပါတယ်။ နေ့စဉ် ကိုယ်စားသုံးနေတဲ့ အစားအသောက်တွေထဲမှာ အချိုဓာတ်ပါဝင်မှုကို လျော့ချပေးခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ပေးမယ်ဆိုရင်တော့ ဆီးချိုရောဂါကို ကာကွယ်နိုင်မှာပါ။ အဓိက,ကအချိုရည်သောက်သုံးတာကို ရှောင်ကျဉ်သင့်ပါတယ်။

Photo: Diet Doctor


ဆီးချိုရောဂါကို ဘယ်လို စစ်ဆေးမလဲ

ဆီးချိုရောဂါရှိ ၊မရှိဆိုတာ သွေးဖောက်စစ်ဆေးမှသိနိုင်မှာပါ။ လက်ထိပ်ကသွေးကို ဖောက်ထုတ်စစ်ဆေးခြင်းဖြင့်ရောဂါရှိ ၊ မရှိသိနိုင်ပါတယ်။ ဆီးချိုစစ်တဲ့ စက်ကိုဝယ်ယူပြီး အိမ်မှာပဲ အလွယ်တကူစစ်ဆေးနိုင်ပါတယ်။ အသက် (၄၀)ကျော်တဲ့သူတွေတိုင်း အနည်းဆုံး တစ်နှစ်ကို တစ်ခါတော့ စစ်ဆေးပေးသင့်ပါတယ်။ ဆီးချိုရောဂါဟာ တစ်ခါစစ်ရုံနဲ့ ပြီးသွားတာမဟုတ်ဘဲ စစ်လိုက်လို့ ကိုယ့်မှာရောဂါရှိပြီဆိုတာ သိတာနဲ့ ရေရှည်ကုသရတော့မှာပါ။ ပျောက်ကင်းနိုင်တဲ့ရောဂါမဟုတ်တဲ့အတွက် အသက်ရှည်အောက်သာ စနစ်တကျကုသမှုခံယူပြီး နေထိုင်စားသောက်မှုပုံစံကို အထူးဂရုပြုဆင်ခြင်ရမှာပဲဖြစ်ပါတယ်။ လူတွေကြောက်တဲ့ ရောဂါတစ်ခုထဲမှာ ဆီးချိုရောဂါလည်းတစ်ခုအပါအဝင်ပါ။ ပျောက်ကင်းအောင်ကုသလို့မရတဲ့ ရောဂါအပြင် ရုတ်တရက်လူ့အသက်ကိုပါ အန္တရာယ်ပြုနိုင်တဲ့ ရောဂါလည်းဖြစ်ပါတယ်။ ဆီးချိုရောဂါဟာ ကမ္ဘာ့လူဦးရေ တော်တော်များများမှာဖြစ်ပွါးလေ့ရှိပြီး WHO ရဲ့ စာရင်းတွေအရ လူပေါင်း သန်း (၄၀၀)ကျော်လောက်က ဆီးချိုရောဂါ ခံစားနေရတာပါ။ ရောဂါရှိမှန်းမသိဘဲ အချိန်လွန်မှ သိတဲ့အခါ ကုသမှုခက်ခဲနိုင်သလို ရောဂါဒဏ်ကိုလည်း ပိုခံစားရနိုင်ပါတယ်။ စောစီးစွာသိထားရင်တော့ နာတာရှည်ဆီးချိုရောဂါကို ပိုပြီးဆိုးရွားလာမှုမရှိအောင် ကုသနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မှာဆီးချိုရောဂါ ရှိ၊မရှိကို စစ်ဆေးပါ။ ဆီးချိုရောဂါဟာ အသက်အန္တရာယ်ရှိတဲ့ နှလုံးနဲ့ပတ်သက်တဲ့ရောဂါ၊ အမြင်မှုန်ဝါးတာတွေအပြင် ကျောက်ကပ်ကိုထိခိုက်နိုင်သလို၊ လေဖြတ်တဲ့ ဝေဒနာတွေကိုပါ နောက်ဆက်တွဲခံစားရနိုင်တဲ့အတွက် မပေါ့ဆသင့်တဲ့ ရောဂါဖြစ်ကြောင်းကို ဒေါက်တာစိမ့်စမ်းဖြူကအကြံပြုပြောကြားထားပါတယ်။

သတင်းဆောင်းပါးပါအချက်အလက်များကို ဒေါက်တာစိမ့်စမ်းဖြူက အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။



က္က