ကိုယ့်စိတ်ကိုလဲ အမြဲချုပ်တည်းထားပြီး မဖြေလျော့နိုင်ရင် စိတ်မှာဒဏ်ပိလာတတ်ပါတယ်

အသက်ရှူသွင်းလိုက်ပြီဆိုရင် လေပြန်ထုတ်ရတယ်။ ကိုယ်ကလေပြန်မထုတ်နိုင်တော့ရင် အရေးပေါ် အသက်အန္တရယ်ဖြစ်ပြီး ဆေးရုံရောက်သွားနိုင်ပါတယ်။ အဲဒီအတိုင်းပါပဲ ကိုယ့်စိတ်ကိုလဲ အမြဲချုပ်တည်းထားပြီး မဖြေလျော့နိုင်ရင် စိတ်မှာဒဏ်ပိလာတတ်ပါတယ်။ 

စိတ်ဖိစီးမှုဆိုတဲ့အရာတွေက ရှောင်လွှဲလို့မရနိုင်ပါဘူး။ ဒါဟာစိန်ခေါ်မှုတစ်ခုဖြစ်နေတာဆိုရင် အဲဒီအတွက်အဖြေဆိုတာရှိပါတယ်။ အဖြေရှိတဲ့စိန်ခေါ်မှုတွေကို စိုးရိမ်ထိန့်လန့်စရာမလိုပါ။ ဒါဆို ဘယ်လို ကျော်ဖြတ်ကြမလဲ။ အရင်ဆုံး ကိုယ့်ကိုယ်ကိုစိတ်ပိုင်းဆိုင်ရာခွန်အားတွေလျော့နည်းလာတာကို ဘယ်လိုသိနိုင်မလဲ။ သတိပြုရမယ့်အချက်တွေက ဘာတွေလဲ။ မိမိစိတ်ကို အရင်လိုရွှင်လန်းတက်ကြွလာဖို့ ဘယ်လိုနည်းလမ်းတွေကို အသုံးပြုနိုင်မလဲစတာတွေ သိရှိထားရမှာဖြစ်ပါတယ်။

၁။ အရင်လို တက်ကြွဖျတ်လတ်မှုမရှိတော့ဘူး…

အလုပ်တစ်ခုခုကိုပြီးမြောက်အောင်လုပ်ဖို့ ကိုယ့်အတွက် ပိုပြီးခက်ခဲလာတယ်လို့မြင်လာတယ်။ ကိုယ့်စိတ်ကို အတင်းအားယူပြီး လုပ်နေရသလို ဖြစ်လာတယ်။ လုပ်နေရတဲ့အလုပ်အပေါ်အရင်လိုစိတ်ပါဝင်စားမှုမရှိတော့ဘူး။ ဒီလိုအခြေအနေကြုံနေရပြီဆိုရင် သင်စိတ်ရောကိုယ်ပါအနားယူဖို့ တကယ်ကိုအရေးတကြီးလိုအပ်နေပါပြီ။ မိမိကိုယ်ကိုဖိအားပေးလုပ်ဆောင်စေခြင်းကို ရှောင်ကြဉ်ပါ။ မိမိကိုယ်တိုင်အပေါ်ကိုလဲ စိတ်ရှည်ပေးခြင်းဟာ စိတ်အားအင်ပြန်လည်ပြည့်ဝစေဖို့ အရေးပါပါတယ်။

၂။ ဒေါသထွက်လွယ်လာတယ်…

သူများက ကိုယ့်ကိုမေးလိုက်တဲ့မေးခွန်းတစ်ခု၊ ပြောလိုက်တဲ့စကားတစ်ခွန်း စတာတွေကြောင့် စိတ်ထိခိုက်သွားတာ၊ ဒေါသထွက်သွားတာမျိုးတွေ ကြုံလာရတယ်။ စိတ်ထဲမှာ မျှော်လင့်ချက်မဲ့လာသလို ခံစားလာရတယ်။ ဘယ်သူနဲ့မှ အပြောအဆို၊ အဆက်အဆံ မလုပ်ချင်တော့ဘူး။

အခုလိုမျိုးဖြစ်လာပြီဆိုရင် ဖြစ်နိုင်ရင်အလုပ်ကခွင့်ယူပြီး မိမိရဲ့စိတ်ကူးထဲကအစီအစဉ်အတိုင်း အချိန်တွေကိုတစ်ဦးထဲလည်း ကုန်ဆုံးနိုင်ပါတယ်။ ကိုယ်ပိုင်သီးသန့်အချိန်ဆိုတာ မိမိကိုယ်တိုင်က ကိုယ့်အတွက်ကိုယ် အဖော်ပြန်ပြုပေးတာပဲဖြစ်ပါတယ်။

၃။ အိပ်လို့မပျော်တော့ဘူး…

အတွေးတွေများပြီး နေ့စဉ်ရက်ဆက်ညဘက်အိပ်မပျော်ဘူး။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ဘူး။ ခဏခဏလဲနိုးတယ်။

ဒီလိုအခြေအနေမျိုးဖြစ်လာပြီဆို စနေ တနင်္ဂနွေပိတ်ရက်မှာ ခရီးထွက်ပြီး စိတ်အပြောင်းအလဲဖြစ်စေမယ့် ပတ်ဝန်းကျင်အသစ်တစ်ခုမှာ အနားယူပေးပါ။ လျော့နည်းသွားတဲ့ စိတ်စွမ်းရည်တွေ ပြန်လည်ရရှိနိုင်ဖို့အတွက်က အချိန်တစ်ခုလိုအပ်ပါတယ်။

၄။ စိုးရိမ်ပူပန်နေတယ်။ စိတ်ထဲအလိုမကျတာတွေများနေတယ်…

မိမိလုပ်ဆောင်ချက်တွေအပေါ် ဝေဖန်သုံးသပ်နိုင်စွမ်းလျော့နည်းလာတယ်။ ဝမ်းနည်း ဒေါသထွက်တာမျိုးတွေ ဒီတလောဖြစ်နေတယ်။ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ပြောဆိုဆက်ဆံရတာ အဆင်မပြေတော့ဘူး ဆိုရင်တော့ စိတ်ဖိစီးမှု အရမ်းကိုများနေပါပြီ။

ကိုယ့်ကိုဖိအားပေးတဲ့ အခြေအနေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ဆိုရင် အများကြီးစဉ်းစားမနေပဲ ကိုယ်ရင်ဖွင့်တိုင်ပင်လို့ရမယ့် သူငယ်ချင်းမိတ်ဆွေကို ဆက်သွယ်တာ၊ မိမိဝါသနာပါတဲ့အရာ (သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာ၊ အားကစားလုပ်တာ၊ နှစ်သက်တဲ့ စာအုပ်ဖတ်တာမျိုး စသဖြင့်) တစ်ခုခုထလုပ်လိုက်ပါ။

၅။ ခေါင်းမကြည်ဘူး။ ဇတ်ကြောတက်တယ်၊ အသက်ရှူမဝဘူး…

စိတ်ပင်ပန်းနုံးချိလာခြင်းရဲ့လက္ခဏာတွေထဲမှာ မူးဝေပျို့အန်ခြင်းကိုလည်း သတိပြုစေချင်ပါတယ်။

ကားမောင်းဖို့ ဓါတ်ဆီလိုသလိုပါပဲ။ နေ့စဉ်အသုံးချနေတဲ့ ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်သတိထားဖို့လိုပါတယ်။ ညီညွှတ်မျှတတဲ့အာဟာရကို ပြည့်ဝအောင် စားသုံးပေးပါ။ လိုအပ်တဲ့ဆေးစစ်မှုတွေနဲ့ ကုသမှုတွေကိုခံယူပါ။

စိတ်ပင်ပန်းမှုဒဏ်ကို တွန်းလှန်နိုင်ဖို့အတွက် သတ္တိဆိုတာလည်း လိုအပ်ပါတယ်။ မိမိရဲ့အတွင်းစိတ်မှာ ဘာတွေဖြစ်နေလဲ၊ ဘယ်လိုတွေခံစားနေရလဲ၊ ဘာတွေတွေးမိနေလဲဆိုတာ ခဏလောက်ဖြစ်ဖြစ်ကိုယ်တိုင်ပြန်မေးကြည့်ပြီး နားထောင်ပေးဖို့ သတ္တိရှိပါ။ မှန်ထဲကြည့်လိုက်ရင် မိမိရဲ့အပြုံးက အရင်လို မလန်းဆန်းတော့တာ ဘယ်လောက်ကြာနေပြီလဲ။ ကိုယ်တိုင်သတိမထားမိလိုက်တာတွေ ဘာတွေရှိနေလဲဆိုတာ အချိန်ယူသုံးသပ်ပေးပါ။

ကျောင်းစာမေးပွဲခန်းထဲမှာ တူညီတဲ့မေးခွန်းကို ကျောင်းသားတွေဖြေကြရတယ်။ ဘဝစာမေးပွဲမှာဆိုရင်တော့ မတူညီတဲ့မေးခွန်းပုံစံတွေကို အားလုံးတူတူကြိုးစားဖြေဆိုနေကြရတယ်။ ဖြေဆိုခဲ့ကြရတယ်။ ဖြေဆိုနေကြရဦးမှာပါပဲ။

ဒီအရာတွေကို တစ်ယောက်ထဲဖြေရှင်းလို့မရနိုင်တော့တဲ့အခါ ထပ်မံပြီးအကူအညီယူဖို့အတွက် ကျွမ်းကျင်တဲ့ပညာရှင်များထံ သွားရောက်ဖို့လိုအပ်နေပါပြီ။ နိုင်ငံတကာမှာ ကျင့်သုံးနေကြတဲ့ Counseling (နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း) တွေဟာလည်း ခုမြန်မာနိုင်ငံကို ရောက်ရှိလို့နေပါပြီ။ ဒီထဲကတစ်ခုကတော့ Citta Counsultancy ပါပဲ။ www.cittaconsultancy.com မှာ ဝင်ရောက်လေ့လာနိုင်သလို Facebook Page - Citta Counsultancy – Psychological Services ကနေတဆင့်လဲ ဆက်သွယ်နိုင်ပါတယ်။ ဘယ်လိုအတားအဆီး၊ အခက်အခဲ မျိုးကိုမဆို မိမိရဲ့ကိုယ်စွမ်းအား စိတ်စွမ်းအားများကို အကောင်းဆုံးအသုံးချပြီး အောင်မြင်ကျော်လွှားနိုင်ကြစေဖို့ Citta မိသားစုကကူညီပေးမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က