Saint Sandy Htet

ဘာလို့ ငွေစုဆောင်းကြတာလဲ? ယေဘုယျအနေနဲ့ ပြောရမယ်ဆိုရင် အနာဂတ် ငွေကြေးအခြေအနေကို မခန့်မှန်းနိုင်တဲ့ အတွက်ကြောင့်ပဲဖြစ်ပါတယ်။ နှစ်ရှည်လများ စုဆောင်းထားတဲ့ငွေတွေဟာ သင့်ရဲ့ ငွေကြေးပိုင်ဆိုင်မှုကို ခိုင်မာလုံခြုံမှုရှိစေပြီး အရေးပေါ် ငွေရေးကြေးရေး အခက်အခဲတွေကနေ လွတ်မြောက်စေနိုင်မှာပဲ ဖြစ်ပါတယ်။ ကဲ ဒီတော့ နောင်ရေးအတွက် စနစ်တကျ ကြိုတင် ငွေစုဆောင်းဖို့ လိုပြီပေါ့။ဒီဆောင်းပါးထဲမှာတော့ စာဖတ်ပရိတ်တွေအတွက်အလွယ်တကူငွေစုဆောင်းနိုင်မယ့် နည်းလေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

 

 

၁) အသုံးစရိတ်တွေကို မှတ်သားပါ

 

ငွေ စစုဖို့အတွက် အရင်ဦးဆုံး လိုအပ်တာက ကိုယ် ငွေ ဘယ်လောက် ပမာဏ သုံးဖြစ်နေလဲဆိုတာကို သိရှိဖို့ပါ။

ပြီးတော့ ကိုယ်ဘယ်နေရာမှာ ငွေ သုံးလိုက်တယ်ဆိုတာကို အမြဲမှတ်သားထားဖို့လည်းလိုအပ်ပါတယ်။ ဥပမာ - ဘတ်စ်ကားခ၊ ကော်ဖီဖိုး၊ ဆံပင်ညှပ်ခက အစရေးမှတ်ထားဖို့ပါ။ အသုံးစရိတ်တွေကို ရေးမှတ်တဲ့အခါ စားသောက်စရိတ်၊ အိမ်စရိတ်၊ သာရေးနာရေး စတဲ့ အုပ်စုလေးတွေခွဲပြီး မှတ်သားထားဖို့လည်း မမေ့ပါနဲ့။

 

 

၂) ငွေစုမယ့် ပမာဏ သတ်မှတ်ပါ

 

တစ်လစာ ဘာတွေသုံးရမလဲဆိုတာကို သိပြီးပြီဆိုရင်တော့ အသုံးစရိတ်အတွက် ဘက်ဂျက်ပလန်ကို ရေးဆွဲပြီး စုငွေပမာဏကို သတ်မှတ်ရမှာဖြစ်ပါတယ်။ အသုံးစရိတ်စုစုပေါင်းကို တွက်ပြီးတဲ့အခါ ဝင်ငွေထဲက ဘယ်လောက်ပမာဏကို စုရမယ်၊ ဘယ်လောက်ပမာဏကို သုံးရမယ် ဆိုတာ ခွဲခြားနိုင်ပါပြီ။ဒီလို ကြိုတင် သတ်မှတ်ထားတော့ ထွက်ငွေတွေ များသွားတာ၊ အသုံးစရိတ် ဘက်ဂျက်ကို ကျော်သုံးမိတာမျိုးတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

 

 

၃) မလိုအပ်ဘဲ ငွေသုံးတာကို လျှော့ပါ။

 

ငွေစုဖို့ ပမာဏသတ်မှတ်ပြီးပြီဆိုတော့ အဲဒီပမာဏအတိုင်း စုဆောင်းနိုင်အောင်လို့ မလိုအပ်ပဲ ငွေအပိုသုံးမိတာတွေကို လျှော့ဖို့ အချိန်ရောက်ပါပြီ။ ရုံးနောက်ကျလို့ တက်စီ စီးရတဲ့အခါမျိုး၊ တစ်ပတ်ကို တစ်ခါလောက် အပြင်ထွက်မုန့်စားနေတာမျိုးတွေပေါ့။ ဒီလိုမျိုးတွေကြောင့် သင့်ကို အပိုငွေတွေကုန်ကျစေပြီး အသုံးစရိတ်တွေ တိုးလာတဲ့အခါ ဘက်ဂျက်ကို ကျော်လွန် သုံးစွဲမိနိုင်ပါတယ်။ ဒါကြောင့် ကိုယ့် အသုံးစရိတ်ဘက်ဂျက်အတွင်းကပဲသုံးစွဲပါ။မလိုအပ်တဲ့ ငွေပိုတွေ မသုံးမိပါစေနဲ့။

 

 

၄) ပန်းတိုင်သတ်မှတ်ပါ။

 

ပိုက်ဆံစုဖို့ အကောင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းကတော့ ပန်းတိုင် သေချာသတ်မှတ်ပြီး စုဆောင်းတာပဲ ဖြစ်ပါတယ်။ဥပမာ လက်ထပ်ဖို့၊ အိမ်ဝယ်ဖို့၊ ကားဝယ်ဖို့၊ ခရီးထွက်ဖို့ စသဖြင့်ပေါ့။ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ထားပြီး ငွေစုတဲ့အခါ မှန်မှန် စုဆောင်းမှာ ဖြစ်သလို မြန်မြန်လည်း ကိုယ်မှန်းထားတဲ့ ပမာဏပြည့်မြောက်နိုင်လို့ပါ။ နှစ်တိုလား? နှစ်ရှည်လား? ခွဲခြားပြီး စုဆောင်းနိုင်သလို ကိုယ် သတ်မှတ်ထားတဲ့ ငွေပမာဏရောက်တဲ့အထိလင်္ညး ရည်မှန်းပြီး စုဆောင်းနိုင်ပါတယ်။

အပေါ်က အချက် (၄)ချက်ကို ဖတ်ပြီးတော့ စာဖတ်သူတွေအနေနဲ့ ငွေစုဆောင်းဖို့ အတွက် အကြံတစ်ချို့ရသွားမယ်လို့ ထင်ပါတယ်။

 

တကယ်တမ်းပြောရရင် ငွေစုဖို့ က မခက်ပါဘူး။ နည်းလမ်းမှန်မှန်နဲ့ သေချာ စတင်ပြီး စုဆောင်းဖို့ပဲ လိုတာပါ။ နောက်တစ်ခု သတိထားပြီး လိုက်နာရမှာက အပိုငွေသုံးဖို့ ဖြစ်လာတဲ့အခါ လိုချင်တာနဲ့ လိုအပ်တာကို သေချာခွဲခြားဆုံးဖြတ်ပြီးမှ ငွေကို သုံးစွဲဖို့ပါ။ တစ်နေ့တစ်လံသွားရင်တောင် ပုဂံရောက်နိုင်သေးတာပါပဲ။ ကိုယ်က ငွေကို နည်းနည်းချင်း ပုံမှန် စုဆောင်းသွားမယ်ဆိုရင် တစ်ချိန်မှာ ကိုယ် သတ်မှတ်ထားတဲ့ ပမာဏအထိ စုဆောင်းနိုင်မှာဖြစ်ပါတယ်။

 

ဤဆောင်းပါးကို Save for Future Myanmar မှ ကူညီပံ့ပိုးပေးထားပါတယ်။


Author

  • Saint Sandy Htet

    Digital Content Creator


က္က