Saint Sandy Htet

စိုက်ပျိုးရေးကို အခြေခံ လည်ပတ်နေတဲ့  မြန်မာနိုင်ငံမှာ အဓိက အခန်းကဏ္ဍက ပါဝင်နေတာကတော့ တောင်သူဦးကြီးတွေပဲ ဖြစ်ပါတယ်။ အခုလို စိုက်ပျိုးရေးလုပ်ငန်းတွေအပါအဝင် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် တောင်သူဦးကြီးတွေ အနေနဲ့ ရင်းနှီးမြှုပ်နှံငွေ ခိုင်ခိုင်မာမာရရှိဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် အစိုးရ၊ ဘဏ်တွေနဲ့ ပုဂ္ဂလိက   အဖွဲ့အစည်းတွေက  စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် ချေးငွေတွေ ထုတ်ချေးပြီး တောင်သူတွေကို တစ်ဖက်တစ်လမ်းကအထောက်အပံ့ပြုပေးလျက်ရှိနေပါတယ်။

စိုက်ပျိုးရေးဆိုင်ရာချေးငွေဆိုတာကတော့လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ၊သွင်းအားစုပံ့ပိုး၊ထုတ်လုပ်၊ဖြန်ဖြူး

ရောင်းချခြင်းနဲ့ လက်ကားရောင်းဝယ်ခြင်း ပြုလုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အထောက်အပံ့ပေးဖို့ ရည်ရွယ်တဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။တစ်နည်းအားဖြင့်ပြောရရင်  စိုက်ပျိုးရေးကဏ္ဍတိုးတက်အောင်မြင်ဖို့နဲ့ တောင်သူဦးကြီးတွေ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံငွေရရှိအောင် ချေးငွေထုတ်ပေးနေတဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ 


အချိန်ကာလအလိုက် ချေးငွေအမျိုးအစား

စိုက်ပျိုးရေးချေးငွေယူတဲ့အခါကိုယ်ချေးယူမယ့်ကာလအပေါ်မူတည်ပြီးကာလတို၊ကာလလတ်၊ကာလရှည်ချေးငွေဆိုပြီးခွဲခြားထားပါသေးတယ်။ ချေးငွေလိုအပ်ချက်အရ ၆လကနေ ၁၅လအထိကြာမြင့်မယ့် ကာလတိုချေးငွေ၊ ၁နှစ်ခွဲကနေ ၅နှစ်နီးပါးကြာမြင့်မယ့် ကာလလတ်ချေးငွေ၊ ၅နှစ်နဲ့ အထက်ကြာမြင့်မယ့် ကာလရှည်ချေးငွေတွေပဲဖြစ်ပါတယ်။


ချေးငွေမယူခင် သိထားသင့်တာတွေ

တောင်သူဦးကြီးတွေအနေနဲ့ ကိုယ့်လုပ်ငန်းအတွက် စိုက်ပျိုးရေးဆိုင်ရာ ချေးငွေမယူခင် ချေးငွေတွေထုတ်ပေးနေတဲ့ တရားဝင်ငွေချေးလုပ်ငန်းအဖွဲ့အစည်း နဲ့ တရားမဝင်ငွေချေးသူတွေရှိတဲ့ အကြောင်းကို နားလည်ထားဖို့ လိုပါမယ်။ ချေးငွေယူတဲ့အခါ အတိုးမျှမျှတတနဲ့ ဆိုးကျိုးမရှိဖို့ကတော့ တရားဝင်ငွေချေး လုပ်ငန်းတွေမှာ ရယူတာက အကောင်းဆုံးဖြစ်ပါတယ်။ ဘဏ်တွေနဲ့ အစိုးရက ဖွင့်လှစ်ထားတဲ့ တရားဝင်ငွေချေးလုပ်ငန်းတွေ ချေးငွေယူမယ်ဆိုရင်တော့ အပေါင် ပစ္စည်းပေးရတဲ့ချေးငွေရော ၊ အပေါင် ပစ္စည်းမပေးရတဲ့ ချေးငွေဆိုပြီး ခွဲခြားထားပါသေးတယ်။


ရာသီပေါ် ချေးငွေ

စိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်တဲ့ ချေးငွေအမျိုးအစား များစွာ ရှိပါတယ်။ ရိုးမဘဏ်ရဲ့ စိုက်ပျိုးရေးဆိုင်ရာ ချေးငွေတွေထဲက တစ်မျိုးဖြစ်တဲ့ ရာသီပေါ်ချေးငွေဆိုတာကတော့ 

စပါး၊ပဲ၊ပြောင်းအတွက် စိုက်ပျိုးကာလပေါ်မူတည်ပြီး ထုတ်ချေးပေးနေတဲ့ ချေးငွေအမျိုးအစားဖြစ်ပါတယ်။ ချေးငွေကာလက (၈)လကနေ (၁၀) လအထိဖြစ်ပါတယ်။နောက်တစ်မျိုးကတော့ ကိုယ့်ရဲ့ ဂိုဒေါင်က မပုပ်သိုးလွယ်တဲ့ စိုက်ပျိုးရေးပစ္စည်းတွေကို အပေါင်ဖြစ်ထားရှိပြီး ချေးယူရတဲ့ ချေးငွေအမျိုးအစားဖြစ်ပါတယ်။ ချေးငွေကာလကတော့ အများဆုံး (၁၂)လဖြစ်ပါတယ်။နောက်ထပ် ချေးငွေကတော့ စိုက်ပျိုးရေးဆိုင်ရာ ပေးရန်ရှိ၊ရရန်ရှိငွေတွေအတွက် ထုတ်ချေးပေးတဲ့ ကာလတို ချေးငွေဖြစ်ပြီးတော့ အများဆုံး (၆)လအထိသာကြာမြင့်ပါတယ်။နောက်ဆုံး တစ်မျိုးကတော့ ကာလရှည်ချေးငွေအမျိုးအစားဖြစ်ပြီး စက်ယန္ထရားတွေဝယ်တာ၊ အဆောက်အအုံတိုးချဲ့ဆောက်လုပ်တာစတဲ့ ကာလရှည်ရင်းနှီးမြှုပ်နှံမှုတွေအတွက် ထုတ်ချေးပေးတာဖြစ်ပါတယ်။ရိုးမဘဏ်က ထုတ်ချေးပေးတဲ့ စိုက်ပျိုးရေးဆိုင်ရာ ချေးငွေတွေအတွက် အတိုးနှုန်းကတော့ အပေါင်ပစ္စည်းပါရင် တစ်နှစ်စာအတွက် အတိုး(၁၀%) ဖြစ်ပြီး အပေါင်မဲ့ဆိုရင်တော့ တစ်နှစ်ကို အတိုး (၁၄.၅%) ကျသင့်မှာ ဖြစ်ပါတယ်။

 

ချေးငွေ ရယူဖို့ ဘာတွေ ပြင်ဆင်ထားသင့်လဲ

ဒီတော့ ဘဏ်တွေကချေးငွေတွေကို ရယူဖို့အတွက် တောင်သူဦးကြီးတွေအနေနဲ့ လုပ်ဆောင်ထားရမှာက ကိုယ့်လုပ်ငန်းရဲ့ ဝင်ငွေထွက်ငွေတွေကို စနစ်တကျမှတ်သားပြီး ငွေစာရင်းရှင်းတမ်းတွေ ပြင်ဆင်ထားဖို့ လိုပါမယ်။နောက်တစ်ချက်ကတော့ လုပ်ငန်းအတွက် အခွန်ဆောင်ဖို့ပါ။ အခုပြောပြသွားတဲ့ ငွေစာရင်းရှင်းတမ်း နှင့် အခွန်ဆောင်ထားကြောင်း စာရင်းတွေကို ပြသနိုင်ပြီဆိုရင်တော့ ကိုယ်လိုအပ်တဲ့ စိုက်ပျိုးရေးဆိုင်ရာ ချေးငွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။ 

နိုင်ငံ့ စိုက်ပျိုးရေးအခန်းကဏ္ဍ ခေတ်မီတိုးတက်ဖို့ဆိုတာက စိုက်ပျိုးရေးလုပ်ကိုင်တဲ့ တောင်သူဦးကြီးတွေအနေနဲ့ ရင်းနှီးမြှုပ်နှံငွေ လုံလောက်စွာရရှိဖို့ပါ။ စိုက်ပျိုးရေး ကဏ္ဍပိုမို တိုးတက်ဖွံ့ဖြိုးဖို့ နှင့် လုပ်ငန်းရှင်တွေ လိုအပ်နေတဲ့ ရင်းနှီးမြှုပ်နှံငွေတွေကို အလုံအလောက်ရရှိဖို့က စိုက်ပျိုးရေးဆိုင်ရာချေးငွေတွေ ချေးယူရရှိနိုင်ဖို့က အဓိကဖြစ်ပါတယ်။ အခုလို တောင်သူဦးကြီးတွေ လိုအပ်တဲ့ အထောက်အပံ့ရရှိနိုင်ဖို့ ဘဏ်တွေနဲ့ အစိုးရအဖွဲ့တွေကပါ စိုက်ပျိုးရေးဆိုင်ရာ ချေးငွေတွေ ထုတ်ချေးပေးလျက်ရှိနေပြီး ကိုယ့်ရဲ့လုပ်ငန်းနဲ့ ကိုက်ညီတဲ့ ချေးငွေအမျိုးအစားကို ဘယ်လိုယူရမလဲဆိုတာနဲ့ ဘယ်လို ပြန်ဆပ်ရမလဲဆိုတာ ကြိုတင်လေ့လာတွက်ချက် ထားသင့်ပါတယ်။ 


ဤဆောင်းပါးကို Save for Future Myanmar မှ ကူညီပံ့ပိုးပေးထားပါတယ်။




Author

  • Saint Sandy Htet

    Digital Content Creator


က္က