• Lifestyle
    ပရော်ဖက်ရှင်နယ် လူမှုကွန်ရက် LinkedIn ကို ဟက်ကာများ ပစ်မှတ်ထားနေ
Thiha Htun

ယနေ့ခေတ်မှာ အွန်လိုင်းသုံးတယ်ဆိုတာ ကြိုးတန်းပေါ် လမ်းလျှောက်နေရသလိုပါပဲ။ ကိုယ်နဲ့ facebook ပေါ်မှာ ခင်မင်ရင်းနှီးနေတဲ့ profile တစ်ခုမှာ အချိန်မရွေး ကိုယ့်ဆီက သတင်းအချက်အလက်တွေကို နှိုက်ထုတ်ပြီး ရောင်းစားမယ့် ဟက်ကာတစ်ယောက် ဖြစ်နေနိုင်ပါတယ်။ ကိုယ် crush မိသလိုလို ဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ profile နောက်ကွယ်မှာ ထိုင်နေတာကလည်း ဝဝတုတ်တုတ် လူကြီးတစ်ယောက် ဖြစ်နေနိုင်ပါတယ်။

woman-typing-blue-1024x683.jpg 

သေချာတာကတော့ ဒီခေတ်ကြီးမှာ အွန်လိုင်းပေါ်မှာ ဘာကိုယုံကြည်ရမယ်ဆိုတာ ဝေခွဲရခက်ပါတယ်။ သတင်းတုတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေ၊ သတင်းအချက်အလက်ခိုးယူမှုတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ အဲဒီအရာတွေ ဖြစ်ပွားဖို့ အလွယ်ကူဆုံးကတော့ လူမှုကွန်ရက် ဝက်ဘ်ဆိုဒ်တွေပဲပေါ့။

အဲဒီလို လူမှုကွန်ရက်ဝက်ဘ်ဆိုဒ်တွေထဲမှာ မြန်မာလူမျိုးတွေ အသုံးအများဆုံးကတော့ facebook ပါပဲ။ အသုံးအများဆုံးဖြစ်သလို ပြဿနာနဲ့ သွေးထိုးလှုံ့ဆော်မှု အများဆုံးကလည်း facebook ပေါ်မှာပါပဲ။ Facebook ပေါ်မှာ mutual friend (ကိုယ့်သူငယ်ချင်းထဲက တစ်ယောက်ယောက် သူနဲ့ သူငယ်ချင်းဖြစ်နေတာ) မရှိဘဲ သူစိမ်းတစ်ယောက်က လာ add ရင် ချက်ချင်း လက်မခံ မိတတ်ကြပါဘူး။ ဒါပေမယ့် ပရော်ဖက်ရှင်နယ် ကျွမ်းကျင်လုပ်သားတွေ အသုံးများတဲ့ LinkedIn လူမှုကွန်ရက်ပေါ်မှာကျတော့ အခြေအနေက တစ်မျိုးဖြစ်နေပါတယ်။

LinkedIn

LinkedIn-app.jpg 

LinkedIn ဟာ Facebook တို့၊ Twitter တို့လိုပဲ လူမှုကွန်ရက်တစ်ခု ဖြစ်ပေမယ့် ပရော်ဖက်ရှင်နယ်တွေ အသုံးများပါတယ်။ LinkedIn ပေါ်မှာ လူတော်တော်များများက profile အစစ်အမှန်တွေနဲ့ ဖြစ်ပြီး သူတို့ရဲ့အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အပြည့်အဝ ဖော်ပြဝေမျှထားကြပါတယ်။

တနည်းအားဖြင့် ပြောရရင် LinkedIn ပေါ်မှာ လူတစ်ယောက်ရဲ့ သတင်းအချက်အလက် အမှန်တွေကို စုံစမ်းထောက်လှမ်းဖို့ဆိုတာ မခဲယဉ်းလှပါဘူး။ နောက်တစ်ခုက LinkedIn ပေါ်မှာ သူငယ်ချင်းဖြစ်ဖို့ request ပို့လာရင် အလုပ်သဘောအရ လက်ခံမိတတ်ကြတာ များပါတယ်။ အဲဒီမှာ ဟက်ကာတွေအတွက် မျက်စိကျစရာ ပစ်မှတ်ဖြစ်လာပါတယ်။

See also: 

USA Today သတင်းစာမှာ ပါဝင်တဲ့ ဖော်ပြချက်အရတော့ "LinkedIn လူမှုကွန်ရက်ဟာ သတိမထားတဲ့ အသုံးပြုသူတွေအတွက် အန္တရာယ်ရှိလာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လူတွေဟာ LinkedIn ကို ယုံကြည်မှုရှိနေကြပြီး အဲဒီလူမှုကွန်ရက်ပေါ်က account အားလုံးကို တရားဝင်တယ်။ profile မှန်တယ်လို့ မှတ်ယူထားကြလို့ပါပဲ"

ဟက်ကာတွေရဲ့ ပစ်မှတ်ဖြစ်လာ

6a4a49_4e03bc224328475ea2e20dddaf9d0fda~mv2_d_2121_1414_s_2.jpg 

ကျွမ်းကျင်သူတွေရဲ့အဆိုအရဆိုရင် ဟက်ကာ (သတင်းအချက်အလက် ခိုးယူစုဆောင်းသူ) တွေဟာ LinkedIn လူမှုကွန်ရက်ပေါ်မှာ account အတုတွေနဲ့ တည်ဆောက်ဝင်ရောက် လာနေတယ်လို့ သိရပါတယ်။ ဟက်ကာတစ်ယောက်ရဲ့ account ကို မသိဘဲနဲ့ သွားလက်ခံလိုက်မိပြီဆိုရင် သူဟာ ခင်ဗျားရဲ့ email address ကို သိသွားမှာပါ။ အဲဒီကနေ spam mail တွေ၊ ဗိုင်းရပ်စ်တွေ ပို့ပြီး ခင်ဗျားရဲ့ ကွန်ပျူတာနဲ့ ကွန်ရက်ကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားပါလိမ့်မယ်။

နောက်ပြီး LinkedIn ပေါ်မှာ သတင်းအချက်အလက် အစစ်အမှန်တွေကို တင်ထားမိတဲ့အတွက် အဲဒီသတင်းအချက်အလက်တွေပေါ် မူတည်ပြီး ဟက်ကာက email ပို့ပါလိမ့်မယ်။ ဝင်လာတဲ့ email ကို မြင်တာနဲ့ ခင်ဗျားဖွင့်ဖတ်ချင်လောက်အောင်၊ သူပေးထားတဲ့ link ကို နှိပ်မိချင်လောက်အောင် ပြုလုပ်ထားပါလိမ့်မယ်။ ငါးကြင်းဆီနဲ့ ငါးကြင်း ပြန်ကြော်တာပေါ့။ (ဥပမာ... ခင်ဗျားက accountant တစ်ယောက်ဖြစ်ပြီး LinkedIn မှာ အလုပ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို တင်ထားတယ်ဆိုရင် ဟက်ကာက အလုပ်ခေါ်စာ email အတုတစ်ခုပို့ပြီး ဗိုင်းရပ်စ်ထည့်ဖို့ ကြိုးစားပါလိမ့်မယ်။)

1003_mentor-800x480.jpg 

LinkedIn ကုမ္မဏီကတော့ အခုအချိန်မှာ အယောင်ဆောင် ဟက်ကာတွေရဲ့ account တွေကို စစ်ဆေးဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်။ သူတို့ရဲ့အဆိုအရတော့ အသုံးပြုသူ သန်း (၅၀၀) မှာ အရေအတွက် အနည်းငယ်မျှသာ ရှိပါသေးတယ်တဲ့။ တာဝန်ရှိသူတွေက အကောင့်တု (သို့) ဟက်ကာလို့ ယူဆရတဲ့သူတွေကို သူတို့ဆီ အကြောင်းကြားဖို့ option တစ်ခုကိုလည်း ဖန်တီးပေးထားပါတယ်။

"အခုအချိန်မှာ LinkedIn သုံးစွဲသူတွေအနေနဲ့လည်း မိမိကိုယ်ကိုယ် ကာကွယ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်သိတဲ့လူတွေဆီက ဒါမှမဟုတ် ယုံကြည်ရလောက်တဲ့ လူတစ်ယောက်ဆီက friend request ကိုပဲ လက်ခံသင့်ပါတယ်" လို့ LinkedIn ရဲ့ သတင်းအချက်အလက် လုံခြုံရေးဋ္ဌာန အကြီးအကဲ Paul Rockwell က ဆိုထားပါတယ်။

ဒါကြောင့် LinkedIn ပေါ်မှာ သူစိမ်းတစ်ယောက်ဆီက invitation တစ်ခုဝင်လာရင် လက်မခံမီ အရင်ဆုံး အချိန်ပေးပြီး စစ်ဆေးကြည့်ပါ။ နောက်ပြီး လုပ်ခဲ့ဖူးတဲ့ အလုပ်အတွေ့အကြုံပိုင်းနဲ့ ပညာရေးနောက်ခံမှာ သံသယရှိဖွယ် အချက်အလက်တွေရှိတဲ့ profile တွေကိုလည်း သတိထားသင့်ပါတယ်နော်။

Source: Reader's Digest

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us