• Lifestyle
    နှစ်သစ်ကူးအားလပ်ရက်တွေမှာ ဘာလုပ်ကြမလဲ
Pyae Phyo Thein

နှစ်ဟောင်းကုန်ခါနီးလို့ နှစ်သစ်ကို ရောက်ဖို့က ပိုပိုပြီး နီးလာပြီနော်။ ခရစ္စမတ်၊ နှစ်သစ်ကူးပိတ်ရက်တွေနဲ့ ဒီဇင်ဘာကတော့ တကယ့်ကို Sweet December ကို ဖြစ်နေတော့တာပဲ။

အားလပ်ရက်တွေ အများကြီးရှိသလို၊ ပျော်စရာရွှင်စရာပွဲတွေကလည်း နေရာတိုင်းလိုလိုမှာ ရှိနေတာဆိုတော့ တစ်နှစ်တာပတ်လုံး စိတ်ပင်ပန်းခဲ့ရသမျှကို ကုစားဖို့ အကောင်းဆုံးအခွင့်အရေးကို ဖြစ်နေတော့တာပဲ။

ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ဖို့တော့ အရေးကြီးတာပေါ့။ ဒါဆိုရင် အားလပ်ရက်တွေမှာ ဘာတွေလုပ်ကြမလဲ။ ဘယ်တွေသွားကြမလဲ။

၁။ ခရီးထွက်ကြမယ်

အားလပ်ရက်တွေမှာဆို ခရီးထွက်ကြတယ်ဆိုတာက ထုံးစံကို ဖြစ်နေပါပြီ။ မွန်းကျပ်တဲ့ မြို့ပြတွေဆီက ခဏရှောင်ဖယ်ပြီးတော့ အေးငြိမ်းတိတ်ဆိတ်မှုကို ရှာကြမယ်၊ စိတ်ပင်ပန်းခဲ့ရသမျှကို Relax ဖြစ်ဖို့အတွက် အပန်းဖြေ အနားယူစရာလေးတွေဆီကို သွားကြမယ် စသဖြင့် ကိုယ်နှစ်သက်တဲ့ နေရာဒေသကို အလည်အပတ်ထွက်ကြမှာပေါ့။

တချို့ကျပြန်တော့ မွေးရပ်ဒေသကို ပြန်တာ၊ မိဘဆွေမျိုးတွေနဲ့ ပြန်လည်ဆုံတွေ့ဖို့ သွားကြတာမျိုးတွေရှိမှာပေါ့။ ခရီးထွက်ကြမယ်ဆိုရင် ဘယ်လိုနေရာလေးတွေကို သွားသင့်လဲဆိုတာ ပြောပြပေးချင်တယ်။

25442917_1747557908608024_2836519515354227108_n.jpg 

အရင်ဦးဆုံးကတော့ မေမြို့ကို ညွှန်းချင်တယ်။ ဘာလို့လဲဆိုတော့ မေမြို့မှာ ဒီဇင်ဘာ ၁၅ ရက်ကနေ ၂၉ ရက်နေ့အထိ နှစ်စဉ်ပြုလုပ်နေကျ ပန်းပွဲတော်ရှိတယ်လေ။

ပြင်ဦးလွင်ကန်တော်ကြီးထဲက ပန်းပွဲတော်မှာ ပန်းကလေးတွေရဲ့ အလှအပကို ခံစားရင်းပဲဖြစ်ဖြစ်၊ အေးချမ်းတဲ့ ဆောင်းရာသီရဲ့ အငွေ့အသက်ကို နှစ်သက်လို့ပဲဖြစ်ဖြစ် ပြင်ဦးလွင်ကိုတော့ သွားဖို့ အကြံပေးချင်ပါတယ်။

နောက်တစ်နေရာဆိုရင်တော့ အားလုံးလိုလို သွားနေကျဖြစ်နေတဲ့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီကို သွားဖူးဖို့ပါပဲ။ သူငယ်ချင်းတွေ အုပ်စုလိုက်ကြီး တောင်ပေါ်ကို ခြေလျင်တက်ရတာ အရမ်းပျော်ဖို့ ကောင်းသလို၊ မိသားစုလိုက် ဘုရားလည်းဖူးရင်း၊ အပန်းလည်းဖြေရင်းဆိုသလိုလည်း သွားသင့်တယ်နော်။ ခုဆိုရင် တောင်ပေါ်ကို ကေဘယ်ကားနဲ့တောင် သွားလို့ရနေပြီဆိုတော့ အတွေ့အကြုံအသစ်အဆန်းလည်း ရမှာ သေချာပါတယ်။

DSC_0534.JPG 

နောက်ထပ်နေရာတွေဆိုရင် တောင်ကြီး၊ ကလောတို့ဘက်လည်း သွားရောက်လည်ပတ်သူတွေ ရှိသလို အခုဆိုရင် သီပေါမြို့လေးကိုတောင်မှ အလည်အပတ်သွားတဲ့သူတွေ ရှိနေပါပြီ။ ဒေသအသစ်တစ်ခုဆိုတော့ ဗဟုသုတအသစ်တွေလည်း ရနိုင်တာပေါ့။

ချောင်းသာကို သွားမယ်ဆိုရင်တော့ ချောင်းသာ EDM ပွဲ ရှိလို့ လူငယ်တွေ အကြိုက်ဖြစ်မှာ သေချာပါတယ်။ ကမ်းခြေကို ပုံမှန်သွားလည်ပတ်သူတွေအတွက်တော့ EDM ပွဲရှိနေတော့ ပိုလို့တောင် သွားဖို့အတွက် တွန်းအားကို ဖြစ်နေတော့တာပဲ။

Front Page -2.jpg 

 မြဝတီဘက်ကို အလည်အပတ်လည်း ထွက်ရင်း ဈေးဝယ်လည်း ထွက်ရင်းဆိုသလို သွားကြတဲ့သူတွေလည်း အခုနောက်ပိုင်း ပိုပိုများလာတယ်။ အဝတ်အထည်တွေကို ဈေးပေါပေါနဲ့ ဝယ်လို့ရသလို နယ်စပ်ဒေသရဲ့ ဒေသန္တရ အတွေ့အကြုံကိုလည်း ရနိုင်တာမို့ မြဝတီကို သွားမယ်ဆိုလည်း သင့်တော်တာပါပဲ။

ပြည်ပခရီးစဉ်ဆိုရင်တော့ နီးနီးနားနားလေးနဲ့ အဆင်အပြေဆုံးက ဘန်ကောက်ပဲ။ တော်တော်များများလည်း သွားကြမယ် ထင်ပါတယ်။ ဘန်ကောက်ကို သွားရင်းနဲ့ Shopping ထွက်ကြမယ်ဆိုတာမျိုးက အခုဆိုရင် တော်တော်များများအတွက် လွယ်ကူတဲ့ အနေအထားဖြစ်နေပြီလေ။

၂။ အိမ်မှာပဲနေကြမယ်

တချို့ကတော့ ပိတ်ရက်မှာဆို ဘယ်မှမသွားဖြစ်ပဲ အိမ်မှာပဲ အချိန်တွေကို ကုန်ဆုံးစေပြီးတော့ ဖြတ်ကျော်တတ်ကြတယ်။ မိသားစုကို အချိန်ပေးတာ၊ သားသားမီးမီးတို့ကို ကူဆော့ပေးပြီးတော့ ပျော်ရွှင်နေတာမျိုးနဲ့ ကျေနပ်နေကြရော။ အိမ်မှာပဲ နေဖြစ်တယ် ဆိုပြီးတော့ ပျင်းရိငြီးငွေ့စရာတွေလို့ ထင်တော့မှာပဲ။

ဘယ်ဟုတ်ရပါ့မလဲ.။ အိမ်မှာနေရင်းနဲ့ကို ပျော်ရွှင်စရာလေးတွေ၊ အေးချမ်းမှုလေးတွေကို ရှာဖွေလို့ရတာတွေ အများကြီး ပဲနော်။

အရင်ဦးဆုံးပြောမယ်ဆို စာဖတ်မယ်လေ။ တစ်နှစ်တာပတ်လုံး ကိုယ်ဖတ်ချင်တဲ့ စာအုပ်၊စာပေတွေကို ဝယ်ယူထားပြီးတော့ အချိန်မရလို့ မဖတ်နိုင်ခဲ့ရသမျှကို အိမ်မှာပဲ နေရင်း အေးအေးဆေးဆေးလေး အချိန်ယူပြီးတော့ စာဖတ်လို့ရပြီ။

အလုပ်တာဝန်တွေ ကင်းနေပြီဆိုတော့ စိတ်ပေါ့ပေါ့ပါးပါးနဲ့ ဖတ်လို့ရပြီပေါ့။ စာဖတ်ခြင်းကို နှစ်သက်သူတွေအတွက်တော့ တကယ့်ကို အချိန်ကောင်းပဲ။ နောက်တစ်ခုက ရုပ်ရှင်ကြည့်မယ်လေ။

Carmencitta-Why-you-should-stop-watching-TV-1-4.jpg 

မကြည့်ရသေးသမျှ ရုပ်ရှင်ကားတွေကို အိမ်မှာပဲ အေးအေးဆေးဆေး ကြည့်ပြီး ဖြတ်သန်းလို့လည်းရသေးတယ်။ ပြီးရင် မိသားစုတွေ မုန့်လုပ်စားတာမျိုးလည်း ပြုလုပ်လို့ရသလို ခရစ္စမတ်အတွက်ဆိုရင် လက်ဆောင်လေးတွေ လဲလှယ်ပြီးတော့လည်း ကြည်နူးစရာအချိန်လေးတွေကို ပိုင်ဆိုင်လို့ရသေးတယ်နော်။

ညဖက်တွေဆိုရင် မိသားစုပါတီပွဲ သေးသေးလေးတွေ လုပ်ပြီးတော့လည်း နှစ်သစ်ကို ကြိုလို့ရသေးတယ်နော်။ သူငယ်ချင်းတွေကိုပါ ဖိတ်ပြီးတော့ ပွဲလေးတွေ ဖန်တီးရင်လည်း အဆင်ပြေတာပဲ။

vakariene2-e1486064628455.jpg 

အိမ်မှာပဲ နေလို့ဆိုပြီးတော့ ပျင်းစရာကြီးလို့တော့ မထင်နဲ့၊ အပေါ်ကပြောခဲ့တာမျိုးလေးတွေများ လုပ်နေရရင် အားလပ်ချိန်က လောက်မယ်တောင် မထင်ဘူး။

အိမ်သန့်ရှင်းရေးတွေ အတူတူလုပ်ကြမယ်၊ အိမ်ကို ပြန်ပြီးတော့ အလှဆင်ကြမယ် စသဖြင့်လည်း လုပ်လို့ရပြီးတော့ မိသားစုအတွင်း ရင်းနှီးချစ်ကြည်မှု၊ နွေးထွေးမှုနဲ့ မေတ္တာတရားတွေကို ခံစားလို့ရတယ်နော်။

၃။ မြို့ထဲလည်ပတ်ကြမယ်

ရန်ကုန်မြို့တွင်းမှာဆိုရင်လည်း ခရစ္စမတ်ကာလ နဲ့ နှစ်သစ်ကူးကာလအတွင်းမှာ ပွဲတွေ အများကြီးရှိပါသေးတယ်။ ဗိုလ်ချုပ်လမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့်က Junction City မှာ Wun Zinn App မှ ကြီးမှူးကျင်းပမယ့် Cosplaty Event ၊  မြေနီကုန်းနားက ပြည်သူ့ရင်ပြင်ထဲမှာဆိုရင် မိဘမဲ့ကလေးများ ပညာရေးရံပုံငွေပွဲ၊  ပြည်လမ်းနဲ့ မင်းရဲကျော်စွာလမ်းထောင့်က St. John City Mall မှာတော့ ပျော်ရွှင်စရာ ခရစ္စမတ် အချိန်အခါ အစရှိတဲ့ ပွဲတွေကျင်းပမှာမို့လို့ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလအတွင်းကတော့ လည်ပတ်ချင်စရာတွေနဲ့ ပြည့်နှက်နေတော့တာပါပဲ။ ဒါတွေက ဒီရက်ပိုင်းအတွင်းမှာ သွားရောက်လည်ပတ်သင့်တဲ့ ပွဲလေးတွေပါပဲ။

ပြီးခဲ့တဲ့ လပိုင်းအတွင်းလောက်ကဆို ရန်ကုန်မြို့ကြီးခြောက်ကပ်ပြီးတော့ တိတ်ဆိတ်နေတာကို သတိထားမိကြမှာပေါ့။ ရန်ကုန်အဝေးပြေးလမ်းမပေါ်မှာ ကားတွေစုပြုံပြီး ကျပ်နေချိန်မှာ မြို့တွင်းလမ်းတွေကရှင်းလင်းပြီးတော့   တိတ်ဆိတ်နေတော့တာပဲ။

ဇာတိကိုပြန်သူတွေ၊ အလည်အပတ်ထွက်သူတွေနဲ့ မြို့ထဲက ကားလမ်းတိုင်းလိုလို ရှင်းလင်းနေတဲ့အပြင် ဘတ်စ်ကားတွေဆိုရင်လည်း ချောင်ချိလို့။ တကယ်ဆို ဒါကလည်း မြို့ထဲကို လည်ပတ်ဖို့ အကောင်းဆုံး အချိန်ပဲ။ ခါတိုင်းဆို ကားလမ်းပိတ်နေတာ၊ ဘတ်စ်ကားကျပ်နေတာနဲ့ မသွားဖြစ်တဲ့ နေရာတွေ ရှိမှာပေါ့။

မရောက်သေးတဲ့ ရှောပင်းစင်တာတွေလည်း ရှိဦးမှာပဲ။ ရုံးပိတ်ရက်ရှည်အတွင်း၊ အားလပ်ရက်တွေအတွင်းမှာဆို ခရီးထွက်သူတွေ များပြားလာမှုကြောင့် ရန်ကုန်မြို့ထဲ ကားလမ်းတွေရှင်း၊ ဘတ်စ်ကားတွေချောင်နေတာကို အခွင့်အရေးယူပြီးတော့ သွားချင်ပါရဲ့နဲ့ အခက်အခဲတွေကြောင့် မသွားဖြစ်တဲ့နေရာတွေကို လျှောက်သွားလို့ရပြီ။

24177016_10210120777846496_4185220323601788988_n.jpg

Credit to : သိမ်ဖြူစာအုပ်တန်း Facebook Page

 

ပန်းဆိုးတန်း၊ သိမ်ဖြူဘက်က စာအုပ်ဆိုင်တွေဆီသွားပြီး လိုချင်တဲ့ စာအုပ်လေးတွေ မွှေမယ်၊ နှောက်မယ်။ အချိန်ကုန်လည်း စိတ်ပူစရာမရှိဘူးလေ။ အိမ်ပြန်ဖို့က အဲဒီအချိန်ဆို အဆင်ကို ပြေနေတော့တာပဲ။

ပီးရင်တော့ သွားဖို့ ရည်ရွယ်ထားတဲ့ Shopping Mall တွေကို သွားပြီးတော့ လည်မယ်၊ ပတ်မယ်။ အေးအေးဆေးဆေးကို အချိန်ပေးပြီးတော့ လည်ပတ်လို့ရပြီ။

မတူကွဲပြားတဲ့ ရန်ကုန်မြို့ရဲ့ တိတ်ဆိတ်ငြိမ်သက်မှု အချိန် အခိုက်အတန့်လေးကို ပီပီပြင်ပြင် ခံစားနိုင်ဖို့အတွက်တော့ အချိန်ကောင်း၊ အခါကောင်းပါပဲ။ လက်မလွတ်စေဖို့ကတော့ ကိုယ့်တာဝန်ပဲနော်။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us