ဒီလိုကာလမျိုးမှာ ကလေးတွေဟာ မိဘတွေနဲ့ပဲ အများဆုံးနေရတာဖြစ်တဲ့အတွက် ကလေးတွေ Social Skill ကောင်းဖို့က မိဘတွေမှာအပြည့်အဝတာဝန်ရှိပါတယ်။

အခုလို ကျောင်းတွေပိတ်ထားရ၊ အပြင်တွေထွက်ခွင့်မရ၊ သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဆုံတွေဖို့ မဖြစ်နိုင်တဲ့အခါ ကလေးငယ်တွေဟာ သူတို့အချင်းချင်း ဆော့ကစားဖို့၊ ကျောင်းက သူငယ်ချင်းတွေနဲ့ တွေ့ဆုံဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်နေကြရပါတယ်။

Photo: Children's Ministry

ဒီလို အခြေအနေမျိုးမှာ သူငယ်ချင်းတွေနဲ့ တဖြည်းဖြည်းဝေးကွာလာပြီး ပေါင်းသင်းဆက်ဆံရေးတည်ဆောက်မှုတွေ ထိခိုက်လာနိုင်တာကို မိဘတွေက အထူးဂရုပြုဖို့ လိုအပ်ပါတယ်။ ဒီလို အပေါင်းအသင်းနည်းလာတဲ့အပေါ် သတိမပြုမိဘဲ အချိန်ကြာလာတဲ့အခါ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်သလဲ။ ဘယ်လိုပြုပြင်ပြင်ဆင်ပေးသင့်လဲဆိုတာကို Duwun Lifestyle Parenting ကဏ္ဍမှာ မျှဝေပေးသွားမှာဖြစ်ပါတယ်။

Photo: Ivy Prep Early

ရွယ်တူအချင်းချင်းသင်ယူတဲ့စွမ်းရည်လျော့ကျလာခြင်း

 အရာရာသင်ယူလေ့လာရတဲ့ ကလေးအရွယ်မှာ သူငယ်ချင်းအချင်းချင်း၊ ရွယ်တူအချင်းချင်းကနေ သင်ယူလေ့လာကြရပါတယ်။ စာသင်ကျောင်းမှာတော့ ကလေးအချင်းချင်း သူငယ်ချင်းဖွဲ့တာ၊ စကားပြောတာ၊ သူတို့အရွယ်နဲ့ သိတဲ့အရာလေးတွေကို သူငယ်ချင်းအချင်းချင်းမျှဝေတာမျိုးတွေကို လုပ်ကြပါတယ်။ ဒါပေမယ့် အခုလိုကာလ ကျောင်းတွေလဲ မတက်ရ၊ သူငယ်ချင်းအချင်းချင်းလဲ မတွေ့ရတဲ့ အချိန်မှာ ပေါင်းသင်းဆက်ဆံရေးတွေအားနည်းလာပြီး Peer Learning လို့ခေါ်တဲ့ ရွယ်တူအချင်းချင်းဆီကနေ သင်ယူရတဲ့ စွမ်းရည်တွေ လျော့နည်းလာမှာဖြစ်ပါတယ်။

 ဥပမာ- ကလေးတစ်ယောက်က သူကြိုက်တဲ့အရောင်ကိုပြောပါဆိုရင် အရောင်တစ်ခုတည်းကို ပြောနိုင်ပြီး အခြားသူငယ်ချင်းတွေဆီက ဘာအရောင်ကြိုက်လဲဆိုတာကို သူမသိနိုင်တော့ပါဘူးး။ ကလေးက ပင့်ကူကြောက်တယ်ဆိုရင် သူတစ်ယောက်တည်းပဲပင့်ကူကိုကြောက်တယ်လို့ ထင်သွားစေပါတယ်။ တကယ်လို့သူဟာ သူ့သူငယ်ချင်းတွေကို ဒီအကြောင်းပြောပြမယ်ဆိုရင် ပင့်ကူကို သူတစ်ယောက်တည်း ကြောက်တယ်လို့ ထင်တော့မှာမဟုတ်ပါဘူး။ ဒါဟာ သူငယ်ချင်းတွေနဲ့ အချင်းချင်းဆက်သွယ်မပြောဆိုရတော့တဲ့ အခြေအနေတွေကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေပါ။

Photo: Verywell Family

စိတ်ဖိစီးလာခြင်း

ကလေးဆိုတာမျိုးက သူတို့အရွယ်လေးနဲ့ နားလည်သိမြင်တဲ့အရာတွေကို သူငယ်ချင်းအချင်းချင်းသာ မျှဝေချင်၊ ပြောချင်ကြပါတယ်၊။ ကလေးအရွယ်လေးတွေအတွက် ထူးဆန်းအံ့သြဖွယ်ရာတွေက လူကြီးတွေအတွက် အထူးအဆန်းမဟုတ်တာကြောင့် သူတို့အရွယ်နဲ့ ခံစားနားလည်တဲ့အရာတွေကို လူကြီးတွေက ခံစားပေးနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် သူတို့အချင်းချင်းသာ ပြောချင်ကြတဲ့အရာတွေရှိပါတယ်။ ဒါပေမယ့် ဒီလိုအချိန်မှာ လူချင်းမတွေ့ရ၊ မဆက်သွယ်ရတာကြောင့် ကလေးတွေက စိတ်ဖိစီးမှုတွေ ဖြစ်လာနိုင်ပြီး (Social Stress) တွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုရေရှည်ဖြစ်လာရင် သူတို့အတွက် ကောင်းမွန်တဲ့လက္ခဏာ မဟုတ်ဘူးဆိုတာကို သတိပြုဖို့လိုအပ်ပါတယ်။

Photo: Kids Activities Blog

အပေါင်းအသင်းနည်းမှုကို ဖြေလျှော့ပေးနိုင်တဲ့နည်းလမ်းတွေ

နီးစပ်ရာကလေးတွေနဲ့ အတူတူပေးဆော့ပါ။ နယ်မှာနေတဲ့ကလေးတွေဆိုရင်တော့ အခုလိုကျောင်းပိတ်ထားလို့ သူငယ်ချင်းတွေနဲ့ မတွေ့ရပေမယ့်လည်း ရပ်ကွက်ထဲမှာရှိတဲ့ကလေးအချင်းချင်း ဆော့ကစားနိုင်ပါတယ်။ ဒါပေမယ့် ရန်ကုန်လို တိုက်ခန်းတွေမှာနေရတဲ့ကလေးတွေအဖို့တော့ အချင်းချင်းဆော့ကစားဖို့ အခက်အခဲရှိနိုင်ပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေရဲ့ သူငယ်ချင်းအိမ်၊ အပေါင်းအသင်းအိမ် ဖြစ်ဖြစ် စိတ်ချရတယ်ဆိုရင် ပို့ပေးပြီး ပေးဆော့ဖို့လိုအပ်ပါတယ်။

Photo: Mom Junction

Online Class ပေးတက်ပါ

ကလေးတွေကို Online Class ပေးတက်တာက သူတို့သူငယ်ချင်းတွေဆုံတွေ့စေနိုင်တဲ့ နည်းလမ်းထဲကတစ်ခုပါပဲ။ အပြင်မှာလူချင်းမတွေ့ရပေမယ့် အင်တာနက်ပေါ်မှာအချင်းချင်းတွေ့ဆုံရတာ၊ စကားတွေ ဖလှယ်ရတာတွေလုပ်နိုင်ပါတယ်။ ဒါ့အပြင် Online Class က သင်ခန်းစာတွေကလည်း သူတို့ရဲ့ ဆက်ဆံရေးကို တနည်းတဖုံနဲ့ မြှင့်တင်ပေးနိုင်တာကြောင့် ကလေးတွေဟာ စာသင်နိုင်ရုံသာမက ရွယ်တူအချင်းချင်း မျှဝေတဲ့ စွမ်းရည်၊ သင်ယူတဲ့ စွမ်းရည်တွေကို ရရှိနိုင်ပါတယ်။ Online Class ကနေ ဂိမ်းတွေဆော့တာ၊ အမေးအဖြေလေးတွေကို သူငယ်ချင်းတွေနဲ့ အတူတူပြိုင်ဖြေရတာတွေကြောင့် ကလေးတွေရဲ့ ဉာဏ်ရည်ဖွံဖြိုးမှုကို ထောက်ပံ့ပေးနိုင်သလို သူငယ်ချင်းအချင်းချင်း တွေ့ဆုံ စကားပြောရတဲ့အတွက်လည်း ကလေးတွေ စိတ်ပျော်ရွှင်မှုရရှိစေနိုင်တာအသေအချာပါပဲ။ ဒါကြောင့် ကလေးတွေကို မိဘတွေက အိမ်မှာပဲသင်ပေးမယ့်အစား Online Class တွေ ပေးတက်ဖို့ လိုပါတယ်။

 

Photo: CNET

ဖုန်းပေးပြောပါ

အခုလို အင်တာနက်ခေတ်ကြီးမှာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ဖို့ မခက်ခဲလှပါဘူး။ ကလေးတွေကို အင်တာနက်လူမှုကွန်ရက်ပေါ်ကတစ်ဆင့် သူတို့သူငယ်ချင်းတွေကို တွေ့ဆုံစကားပြောခွင့်တွေ ပေးဖို့ လိုပါတယ်။ ဖေ့စ်ဘွတ်ခ်ကတစ်ဆင့် မိဘတွေက ချိတ်ဆက်ပေးပြီး ကလေးအချင်းချင်း ဗီဒီယိုကောလ်ပြောတာ၊ ဖုန်းပြောတာ စသဖြင့် လုပ်ပေးသင့်ပါတယ်။ ဒါမှသာ ကလေးတွေက သူတို့မှာလည်း သူငယ်ချင်း၊မိတ်ဆွေတွေနဲ့ အဆက်မပြတ်ရှိနေတာကို ခံစားရစေပြီး အထီးမကျန်စေမှာဖြစ်ပါတယ်။

Photo: Happy Families

ကလေးနဲ့ အတူတူစကားပြောတာ၊ ဆော့ပေးတာမျိုးလုပ်ပါ

ဒီလိုကာလမျိုးမှာ ကလေးတွေဟာ မိဘတွေနဲ့ပဲ အများဆုံးနေရတာဖြစ်တဲ့အတွက် ကလေးတွေ Social Skill ကောင်းဖို့က မိဘတွေမှာအပြည့်အဝတာဝန်ရှိပါတယ်။ အိမ်မှာနေရင်း မိဘတွေက ကိုယ့်ကလေးနဲ့ အတူတူစကားပြောတာ၊ မေးခွန်းတွေမေးတာ၊ ကလေးတွေ မေးသမျှကို ဖြေပေးတာ၊ ကလေးနဲ့ အတူတူဆော့ပေးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ မိဘတွေက Social Skill ကောင်းဖို့လိုအပ်တယ်ဆိုတာကိုလည်း အထူးသတိပြုဖို့ လိုအပ်ပါတယ်။

သတင်းဆောင်းပါးပါအချက်အလက်များကို Nway Oo Home Schooling အဖွဲ့က အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါတယ်။



က္က