မိဘအုပ်ထိန်းမှုကောင်းဖို့ဆိုတာကလည်း မိဘတွေက ကိုယ့်ရဲ့ သားသမီးကို ခေတ်နဲ့ ဆီလျော်အောင် သွန်သင်ဆုံးမတတ်ဖို့ လိုအပ်ပါတယ်။

ကလေးတစ်ယောက် လိမ္မာတယ်၊ ဆိုးတယ်ဆိုတာက ဗီဇကြောင့်လည်းပါဝင်နိုင်သလို မိဘရဲ့ အုပ်ထိန်းမှုစနစ်၊ ကျင်လည်ရတဲ့ ကျောင်း၊ ပတ်ဝန်းကျင်ကြောင့်လို့ ပြောနိုင်ပါတယ်။

Photo: Family Doctor

ကလေးတွေရဲ့ အမူအကျင့်သိသိသာသာပြောင်းလဲလာတဲ့အရွယ်၊ ကလေးကို မဆိုးသွမ်းအောင်၊ အမူအကျင့်ကောင်းလေးတွေ ရအောင် ဘယ်လိုထိန်းသိမ်းပြုပြင်ပေးသင့်လဲ ဆိုတာတွေကို ဒီတစ်ခေါက် Duwun Lifestyle Parenting ကဏ္ဍမှာ မျှဝေပေးသွားမှာဖြစ်ပါတယ်။

Photo: Verywell Health

ဆယ်ကျော်သက်အရွယ်မှာ စတင်ပြောင်းလဲလာတဲ့အမူအကျင့်တွေ

ကလေးတွေဟာ သူတို့ရဲ့ အမူအကျင့်တွေကို ဆယ်ကျော်သက်အရွယ်မှာ စတင်ပြောင်းလဲဖို့ ကြိုးစားလာကြပါတယ်။ ယောကျာ်းလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် လူပျို၊အပျိုဖော်ဝင်စအရွယ်မှာ သူတို့ရဲ့ အမူအကျင့်တွေ တည်ငြိမ်စပြုသွားပါတယ်။ ဘာကြောင့်လဲလို့ဆိုရင် ခန္ဓာကိုယ်ဖွံဖြိုးမှု၊ ရှက်စိတ်တွေဖြစ်ပေါ်လာတာကြောင့် ကလေးတစ်ယောက်ရဲ့ အမူအကျင့်ကို လုံး၀ ပြောင်းလဲစေတဲ့အရာတွေလို့ ဆိုနိုင်ပါတယ်။

Photo: Kingdom of baby

ကလေးတွေအမူအကျင့်ကောင်းရဖို့ မူတည်နေတဲ့အရာတွေ

ကလေးတစ်ယောက် အမူအကျင့်ကောင်းတွေ ရလာဖို့ဆိုတာ အနီးစပ်ဆုံးကတော့ မိဘရဲ့ အုပ်ထိန်းမှုကောင်းဖို့ အရင်ဆုံးလိုအပ်ပါတယ်။ ကျောင်းနေတဲ့အရွယ်ရောက်ပြီဆိုရင်တော့ မိဘအုပ်ထိန်းမှုအပြင် ပတ်ဝန်းကျင်ကြောင့်တို့နဲ့လည်း သက်ဆိုင်လာပါတယ်။ ငယ်ရွယ်စဉ်တည်းက မိဘက စကားကောင်းကောင်းပြောမယ်၊ ယဉ်ကျေးတယ်ဆိုရင် ကလေးက ယဉ်ကျေးမှာပါပဲ။ မိဘရဲ့ အမူအကျင့်က အရေးကြီးပါတယ်။ မိဘရဲ့ အပြုအမူကောင်းမှ လူသားဆန်နေမှသာ ကလေးက အမူအကျင့်ကောင်းကို အလိုအလျောက်ရရှိလာမယ်လို့ ဆိုရမှာပါ။ ပတ်ဝန်းကျင်လို့ ပြောလိုက်ရင်တော့ မိဘအပြင် ကျောင်း၊ ရပ်ကွက်၊ သူငယ်ချင်း၊ လေ့လာတဲ့အရာ၊ တွေနဲ့ အများကြီးသက်ဆိုင်ပါတယ်။  

Photo: Healthline

ကလေးကိုဆိုးသွမ်းစေတဲ့အနိုင်ကျင့်ခံရမှု

အနိုင်ကျင့်ခံရမှုလို့ ပြောလိုက်ရင် မိဘက ကလေးကို ပြင်းပြင်ထန်ထန်အပြစ်ပေးတာ၊ ခြိမ်းခြောက်တာ၊ မတန်တဆအလုပ်ခိုင်းတာ၊ ခွဲခြားဆက်ဆံရတာတွေလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ကလေးက သူကျင်လည်ရတဲ့ ပတ်ဝန်းကျင်၊ စာသင်ကျောင်းမှာ သူငယ်ချင်းတွေရဲ့ အနိုင်ကျင့်ခံရမယ်ဆိုရင်လည်း သူ့ရဲ့ အပြုအမူကပြောင်းလဲသွားနိုင်ပါတယ်။ အနိုင်ကျင့်ခံရလို့ စိတ်ဒဏ်ရာရရှိသွားနိုင်သလို ပြန်အနိုင်လိုချင်တဲ့စိတ်ကြောင့် ဆိုးသွမ်းတဲ့ကလေးတစ်ယောက်ဖြစ်သွားစေနိုင်ပါတယ်။ ဒါကြောင့်မိဘတွေရဲ့ အုပ်ထိန်းမှုက မျှတဖို့ ရှိနေဖို့ လိုအပ်သလို ကျောင်းတွေမှာလည်း သူငယ်ချင်း အချင်းချင်း အနိုင်ကျင့်မှုတွေ မရှိအောင် အထူးသတိထားစောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ ဆိုးသွမ်းတဲ့ ကလေးဖြစ်ခဲ့တာက ပတ်ဝန်းကျင်ရိုက်ခတ်မှုလို့ ဆိုရင် ကျောင်းရဲ့ ရိုက်ခတ်မှုကအဆိုးဆုံးပါ။

ဂျပန်နိုင်ငံမှာဆိုရင် ဆယ်ကျော်သက်အရွယ်တွေ သေကြောင်းကြံစည်နှုန်းက နှစ်စဉ်အမြင့်ဆုံးလို့ပြောလို့ရပါတယ်။ ဒါတွေက အနိုင်ကျင့်ခံရတာတွေကြောင့် ဖြစ်လာတဲ့အကျိုးဆက်တွေပါ။ ဆယ်ကျော်သက်အရွယ်မှာ သူငယ်ချင်းတွေရဲ့ လွှမ်းမိုးမှုက အရမ်းကြီးပါတယ်။ ဒါကြောင့်ကလေးက ရွယ်တူတွေရဲ့ လွမ်းမိုးမှုတွေခံရတာကြောင့် ဆိုးသွမ်းချင်လာတတ်ပါတယ်။ ဆိုးသွမ်းတဲ့ကလေးမဖြစ်ခဲ့ရင်လည်း အနိုင်ကျင့်ခံရမှုကြောင့် စာမေးပွဲမဖြေတော့တာ၊ ကျောင်းထွက်တာ၊ သေကြောင်းကြံစည်တာ စတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

Photo: Twitter

ဆိုးသွမ်းတာဗီဇကြောင့်လား၊မိဘကြောင့်လား

မိဘကြောင့် ကလေးက ဆိုးသွမ်းသွားတယ်ဆိုတယ်ဆိုတာလည်းဖြစ်နိုင်သလို ကလေးဆိုးသွမ်းတိုင်း မိဘက မပြုပြင်တတ်လို့တော့မဟုတ်ပါဘူး။ လက်တွေ့မှာ ကြုံရတတ်ပါတယ်။ အဖေ ၊အမေ ဆရာ/ဆရာမဆိုပေမယ့် ကလေးကျတော့ ဆိုးလိုက်တာ ဆိုတာမျိုးတွေ ကြားဖူးကြပါလိမ့်မယ်။ ကလေးဆိုးသွမ်းတဲ့အကြောင်းရင်းကို ပြန်ကြည့်မယ်ဆိုရင် မိဘရဲ့ အုပ်ထိန်းမှု၊ ပတ်ဝန်းကျင်တွေကြောင့်လည်း ဖြစ်နိုင်သလို ကလေးရဲ့ ဗီဇကြောင့်လည်း သက်ဆိုင်နေတယ်လို့ ပြောလို့ရပါတယ်။ ကလေးဆိုးသွမ်းတာ ဘာကြောင့်လဲဆိုရင် မိဘအုပ်ထိန်းမှုက အဓိက လို့ဆိုရပေမယ့် အခြားအကြောင်းအရာတွေကြောင့်လည်း သက်ဆိုင်နေပါတယ်။

မိဘအုပ်ထိန်းမှုကောင်းဖို့ဆိုတာကလည်း မိဘတွေက ကိုယ့်ရဲ့ သားသမီးကို ခေတ်နဲ့ ဆီလျော်အောင် သွန်သင်ဆုံးမတတ်ဖို့ လိုအပ်ပါတယ်။ မိဘအုပ်ထိန်းမှုဆိုတာ အမြဲတမ်းပြောင်းလဲနေတာဖြစ်တဲ့အတွက် မိဘတွေက လေ့လာမှုအားကောင်းဖို့ လိုအပ်ပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်ရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး သွန်သင်ဆုံးမတယ်ဆိုတာထက် ခေတ်နဲ့အညီလိုက်ပြီး သားသမီးတွေရဲ့ လိုအပ်ချက်အရ သွန်သင်ဆုံးမသင့်ပါတယ်။

သတင်းဆောင်းပါးပါ အချက်အလက်များကို Nway Oo Home Schooling မှ အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်



က္က