ထမင်းမစားရင်ကလေးက လိုအပ်တဲ့အာဟာရဓာတ်တွေမရနိုင်တော့ဘူးလားဆိုတာကိုလေ့လာကြည့်ရအောင်။

အာရှဟာ ကမ္ဘာပေါ်မှာ ထမင်းဖြူစားသုံးမှုအများဆုံးတိုက်ကြီးဖြစ်ပါတယ်။

Photo: Make Your Meal

အာရှနိုင်ငံပေါင်း ၄၈နိုင်ငံမှာ နိုင်ငံအားလုံးရဲ့အဓိကအစားအစာက ဆန်ဖြစ်ပြီး ထမင်းဖြူကိုနိုင်ငံတိုင်းစားသုံးကြပါတယ်။ ဒီတော့ အာရှနိုင်ငံတွေက ကလေးတွေကို မိဘတွေက ထမင်းအဓိကကျွေးပြီး ထမင်းမစားရင်အာဟာရမဖြစ်ဘူးဆိုတဲ့ အယူအဆတွေလည်းရှိပါတယ်။ တကယ်ပဲ ထမင်းမစားရင် ကလေးတွေ အာဟာရမဖြစ်တော့ဘူးလား၊ ထမင်းစားများတဲ့ကလေးက ကျန်းမာရေးပိုကောင်းပြီး ထမင်းမစားတဲ့ကလေးက ကျန်းမာရေးမကောင်းဘူးဆိုတာ တကယ်ပဲလား၊ တကယ်လို့များ ထမင်းမစားရင်ကလေးက လိုအပ်တဲ့အာဟာရဓာတ်တွေမရနိုင်တော့ဘူးလားဆိုတာကိုလေ့လာကြည့်ရအောင်။

Photo: Baby Center

ထမင်းဖြူကရနိုင်တဲ့ အာဟာရ

အာဟာရသုတေသီတွေရဲ့စစ်တမ်းအရထမင်းဖြူမှာက ဗီတာမင်ဒီနဲ့သံဓာတ်ကြွယ်ဝပါတယ်။ ပုံမှန်အားဖြင့်တော့ နေ့စဉ်စားသုံးနေတဲ့ ထမင်းဖြူကရနိုင်တဲ့အာဟာရဓာတ်ကဆန်လုံးညိုကနေရနိုင်တဲ့ အာဟာရဓာတ်ထက် ပိုနည်းတယ်လို့သိရပါတယ်။ အမေရိကန်ကျန်းမာရေးဝက်ဘ်ဆိုက် Healthline ရဲ့စစ်တမ်းအရ ဆန်လုံးညိုမှာပါဝင်တဲ့ ပရိုတင်း၊ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ်တွေက ထမင်းဖြူကနေရနိုင်တဲ့ ပမာဏထက်ပိုများပါတယ်။ ဒါကြောင့်ထမင်းဖြူစားမှအာဟာရဓာတ်ပြည့်မယ်ဆိုတာက ရာနှုန်းပြည့်မှန်ကန်မှုမရှိဘဲအခြားအာဟာရဓာတ်ကြွယ်တဲ့ အစားအစာတွေနဲ့ပေါင်းစပ်စားသုံးဖို့လိုပါတယ်။ 

Photo: Shutterstock

အာဟာရပြည့်ဝအောင် ဘာတွေကျွေးသင့်လဲ

ကလေးမို့လို့ အသားပိုကျွေးရမယ်။ အသီးအရွက်ပိုကျွေးရမယ်ဆိုတာ မဟုတ်ဘူး။ လူကြီးတွေနဲ့ စားရမယ့် ပုံစံက တူတူပါပဲ။ ကလေးသည်လည်း နို့တွေသောက်ရမယ်။ ပဲတွေစားရမယ်။ ကြက်သား၊ ငါး၊ ပုဇွန်၊ ဝက်သား၊ အမဲသား စားလို့ရပါတယ်။ အသီးဆိုလည်း ကြိုက်နှစ်သက်ရာ အသီးစားလို့ရပါတယ်။ (ဓညင်းသီးကလွဲရင်) ကျန်တာတွေ အကုန်စားလိုရတယ်။ အသီးအနှံ၊ အသား၊ အရွက်အကုန်စားပါ။ 

Photo: The Asian Parent

ထမင်းမစားရင် အာဟာရမဖြစ်ဘူးလား

ဖေဖေ၊ မေမေတို့ကို ပြောချင်တာက အစားအသောက်မှာ ထမင်းတစ်ခုတည်း အာဟာရဖြစ်တာမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ နေတဲ့အတွက်ကြောင့် အဓိက အခြေခံအစားအစာက ထမင်းဖြစ်နေတာပါ။ တစ်ချို့ နိုင်ငံတွေ ဥပမာ- အာဖရိကဘက်မှာနေတဲ့သူဆို သူတို့ရဲ့ အဓိက အစားအစာက အာလူး၊ ကန်စွန်းဥတွေ၊ အနောက်နိုင်ငံတွေမှာဆို ပေါင်မုန့်ကို အဓိက စားကြပါတယ်။

ကလေးတွေ ထမင်းမစားရင် ဖေဖေမေမေတွေစိတ်မညစ်ပါနဲ့ ။ ထမင်းမစားရင် ဘာကျွေးလို့ရမလဲ စဉ်းစားပါ။ ပေါင်မုန့် ဆိုရင် အသားညှပ်ပေါင်မုန့်လေးတွေ လုပ်ကျွေးကြည့်ပါ။ အိမ်မှာလုပ်တဲ့ ဘာဂါလေးတွေ လုပ်ကျွေးကြည့်မယ်။ အိမ်မှာလုပ်တဲ့ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ဆီချက်ခေါက်ဆွဲ၊ ကြေးအိုး လေးတွေ ကျွေးလို့ရတယ်။ပြောင်းဖူးပြုတ်၊ အာလူးပြုတ်၊အာလူးထောင်း၊ ကန်စွန်းဥပြုတ် စသဖြင့်အရသာရှိတာတွေ အများကြီးကျွေးလို့ရပါတယ်။ ထမင်းလိုပဲ ကစီဓာတ်ပါဝင်တဲ့ အစားအစာတွေ အကုန် ကျွေးလိုရပါတယ်။ အခုခေတ်က ထမင်းမစားလို့ အမေစိတ်ညစ်ရတဲ့ အခြေအနေမျိုး ရှိရမယ့် အဖြစ်မျိုးမဟုတ်ပါဘူး။ 

လူကြီးတွေတောင် နေ့တိုင်းထမင်းစားရင် ငြီးငွေ့သလို ကလေးတွေလည်း ဒီလိုမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလေးတွေ ထမင်းမစားချင်ဘူးဆိုရင် အခြားဟာလေးတွေ ပြောင်းကျွေးကြည့်ဖို့ လိုပါတယ်။ အခြားဟာတွေစားလို့ ငြီးငွေ့သွားပြီဆို ထမင်းပြန်ပြောင်းကျွေးကြည့်ပါ။ ထမင်းဆိုရင်လည်း အသီးစုံ၊ အသားစုံကလေးနဲ့ ထမင်းပေါင်းလို လုပ်ကျွေးလို့ရပါတယ်။ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို လိုက်ပြီး စားစရာလေးတွေ ပြုလုပ်ကျွေးမွေးသင့်ပါတယ်။

Photo: The Star

ကလေးတွေအတွက် ဘယ်လိုချက်သင့်သလဲ

ကလေးတွေအတွက် ချက်ပြုတ်ရာမှာ အသက် (၁) နှစ်မကျော်မချင်း ဆားမထည့်သင့်ပါဘူး။ အသက် (၂) နှစ်လောက်အထိ အစပ်တွေ မကျွေးသင့်ပါဘူး။ အထူးသဖြင့် အချိုချက်ကလေးတွေ ကျွေးပါ။ ကလေးတစ်ယောက်ရှိရုံနဲ့ အမေက ကလေးအတွက်ကို သီးသန့်ကြီး ချက်ပြုတ်စရာမလိုပါဘူး။ အလုပ်လုပ်နေတဲ့ မိခင်တွေဆို ကလေးအတွက် သီးသန့်ချက်ပေးဖို့ ခက်ခဲနိုင်ပါတယ်။

အသက် (၂) နှစ်မကျော်သေးတဲ့ကလေးဆိုရင် ကလေးနဲ့ အတူတူ လိုက်စားနိုင်အောင် အိမ်သားတွေလည်း အချိုချက်ကလေး ချက်ပြီးစားပါ။ (၂) နှစ်ကျော်သွားပြီဆိုရင် ကလေးကိုလည်း အစပ်ကလေးပါတာကျွေးလို့ရပြီဖြစ်တဲ့အတွက် မိသားစုတွေ အတူတူစားလို့ရပါတယ်။ အဓိကက အသားဓာတ်များများ ထည့်ကျွေးဖို့ လိုပါတယ်။

Photo: Healthline

ကလေးကို ဆီကျွေးရင် ကျန်းမာရေးထိခိုက်သလား

လူကြီးတွေအတွက် ဆီများရင် ကျန်းမာရေးထိခိုက်တယ်ဆိုပေမယ့် ကလေးတွေအတွက် ဆီကို အဓိက ကျွေးဖို့ လိုအပ်ပါတယ်။ ထမင်းလေးကို ဆီလေးနည်းနည်းနဲ့ နယ်ကျွေးတာမျိုးလုပ်လို့ရပါတယ်။ ကလေးတွေရဲ့ အာဟာရဓာတ်တော်တော်များများက အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်ကနေ ယူတာဖြစ်ပါတယ်။ ဆီကျွေးပါလို့ ပြောတဲ့နေရာမှာ ဆီအများကြီးထည့်စရာမလိုဘဲ ပါရုံလောက်သာထည့်ပါ။ အသားဟင်း၊ အရွက်ကြော်တို့ ဆီလေးနဲ့ ထည့်ချက်ပါ။ အချို့မိဘတွေက ကိုယ်တိုင် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေ စားတဲ့အခါ ကလေးကို ဆီမပါဘဲ ကျွေးတတ်ကြပါတယ်။ အဲဒါကြောင့် ကလေးမှာ အာဟာရချို့တဲ့မှုတွေ ဖြစ်တတ်ပါတယ်။

Photo: Healthline

ဈေးကြီးတာကျွေးမှ အာဟာရဖြစ်တာမဟုတ်ပါဘူး။

ကလေးအတွက်ဆိုလို့ နိုင်ငံခြားက လာတဲ့အစားအစာ ၊ ငါးဆိုလည်း အကောင်းစား ဆော်လမွန်ငါးကျွေးမှ ဆိုတာမျိုးမလိုအပ်ပါဘူး။ အခြေခံလူတန်းစား အများစုရှိတဲ့မြန်မာနိုင်ငံအနေနဲ့ ဆော်လမွန်ငါးက လူတိုင်းစားနိုင်တဲ့ အ ခြေအနေမဟုတ်ပါဘူး။ ဆော်လမွန်ငါးကျွေးမှ Omega3 ရမှာမဟုတ်ဘူး။ မြန်မာနိုင်ငံမှာပေါများတဲ့ ငါးမြင်း၊ ငါးဒန်တွေကျွေးလည်း Omega3 ဓာတ်ရနိုင်ပါတယ်။ ဈေးကြီးတာတွေကျွေးမှ အာဟာရဖြစ်မှာမဟုတ်ပါဘူး။ 

သန့်ရှင်းလတ်ဆတ်တဲ့အစားအစာဖြစ်ဖို့သာ အဓိကပါ။ အသား၊ ငါး အရွက်တစ်ခုခုပါအောင်သာ ကျွေးမယ်ဆိုရင် ကလေးက အာဟာရဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးကို ဈေးကြီးတာတွေ မကျွေးရလို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်သင့်ပါဘူး။

သတင်းဆောင်းပါးပါ အချက်အလက်များသည် Dr.Nutrition Page မှအာဟာရဆရာဝန်ဒေါက်တာညီညီကျော်က ဆွေးနွေးအကြံပြုဝေမျှပေးထားခြင်းဖြစ်ပါသည်။



က္က