အသေးစိတ် နှိုင်းယှဉ်ကြည့်လိုက်ရအောင်
Phyo Min Thant

Samsung Galaxy S10 ကိုဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစတင်မိတ်ဆက်လိုက်ပြီး စမတ်ဖုန်းဈေးကွက်ထဲမှာ ဈေးအကြီးဆုံး တန်ဖိုးမြင့်စမတ်ဖုန်းစီးရီးတစ်ခုဖြစ်လာခဲ့ပါတယ်။ entry level ဖြစ်တဲ့ Galaxy S10e က အမေရိကန်ဒေါ်လာ ၇၄၉ ကနေစတင်ပြီး S10 နဲ့ S10+ တို့ကတော့ ဒေါ်လာ ၈၉၉ နဲ့ ၉၉၉ တို့ကနေ အသီးသီးစတင်တာကို တွေ့ရပါတယ်။ ဒီလိုမြင့်မားတဲ့ဈေးနှုန်းနဲ့မိတ်ဆက်လိုက်တာကြောင့် ဆမ်ဆောင်းလည်း သူတို့ရဲ့ iPhone အသစ်တွေကို ဈေးကြီးကြီးတင်ရောင်းခဲ့တဲ့ Apple လို အမှားမျိုးလုပ်မိပြီလားဆိုတဲ့ မေးခွန်းတွေထွက်ပေါ် လာပါတယ်။

ဆမ်ဆောင်းကနေပြီး သူတို့ရဲ့ကိုယ်ပိုင်ပုံစံနဲ့ခေါက်လို့ရတဲ့စမတ်ဖုန်း Galaxy Fold ကိုလည်းမိတ်ဆက်ခဲ့သေးပြီး ဒီဖုန်းကိုတော့ လာမယ့် ဧပြီလ ၂၆ ရက်နေ့မှာ ဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၉၈၀ နဲ့စတင်ရောင်းချပေးသွားမှာပါ။

ဆမ်ဆောင်းဟာ Galaxy S9 ကိုမိတ်ဆက်ခဲ့စဉ်တုန်းက ထင်သလောက်ရောင်းအားမကောင်းလို့စိတ်ပျက်စရာဖြစ်ခဲ့ရပါ သေးတယ်။ Galaxy S9 ကသူ့ရှေ့ကထွက်ထားပြီး လူကြိုက်များခဲ့တဲ့ Galaxy S8 နဲ့ထူးထူးခြားခြားကွဲပြားမှုမရှိတာကြောင့် အဲဒီလို ရောင်းအားမကောင်းခဲ့တာပါ။ Galaxy S10 မှာတော့ ကင်မရာ ၃ လုံး၊ ultrasonic in-display fingerprint sensor ၊ 1TB အထိရှိတဲ့ Storage ၊ ဒီဇိုင်းအသစ် curved ၊ quad HD+ AMOLED မျက်နှာပြင်တို့နဲ့အတူ ဆမ်ဆောင်းရဲ့ အမာခံပရိသတ်တွေအပြင် အခြားစမတ်ဖုန်းသုံးစွဲသူတွေကိုပါပိုမိုဆွဲဆောင်နိုင်ဖို့ ကြိုးစားလာခဲ့ပါတယ်။

ဆမ်ဆောင်းရဲ့ ဒီလိုကြိုးပမ်းမှုဟာ ဝယ်သူတွေကိုတကယ်ပဲပိုဆွဲဆောင်နိုင်မလားဆိုတာကို Galaxy S10 ရဲ့ ကင်မရာ features ၊ ဘက်ထရီသက်တမ်း၊ အားသွင်းနည်းပညာ တို့အပြင် Sim ကဒ် ၂ ကဒ်ထည့်ပြီးသုံးစွဲနိုင်ခြင်းဆိုတဲ့အချက်တွေ အပါအဝင် အဓိက Specification တွေနဲ့ feature တွေတူညီနေတဲ့ Huawei Mate 20Pro နဲ့နှိုင်းယှဉ်လေ့လာကြည့်တဲ့ အခါအောက်ပါအတိုင်းတွေ့ရပါတယ်။

ကင်မရာ - တန်ဖိုးမြင့်ဖုန်းတစ်လုံးမှာမပါမဖြစ် Ultra-wide-angle Lens

ဆမ်ဆောင်းက အနောက်ဘက်အဓိကကင်မရာနေရာမှာ ကင်မရာ ၃လုံး (triple rare camera) စနစ်နဲ့ အဆင့်မြှင့်တင် လာပြီး Zoom ဆွဲပြီးရိုက်ကူးမှု၊ အလင်းရောင်အားနည်းတဲ့နေရာမှာရိုက်ကူးမှုတွေလို ဓါတ်ပုံရိုက်ကူးရာမှာ ပိုမိုကောင်းမွန်တဲ့ ပုံရိပ်တွေကိုပေးစွမ်းနိုင်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။

Galaxy S10 စမတ်ဖုန်းတွေလက်ထဲမရောက်သေးတာကြောင့် တကယ်ရိုက်ကူးကြည့်ခွင့်မရသေးဘဲ လက်တလောမှာ Specification တွေအရပဲနှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဆမ်ဆောင်းရဲ့ Triple ကင်မရာဟာ 12MP + 16 MP + 12 MP ပါဝင်ပြီး Huawei ရဲ့ Triple ကင်မရာမှာတော့ 40 MP + 20 MP + 8 MP ပါဝင်တာကိုတွေ့ရမှာပါ။

Huawei ဟာကမ္ဘာ့ပထမဆုံး Leica Triple ကင်မရာကို ultra-wide-angle lens နဲ့မိတ်ဆက်ပေးခဲ့သူလည်းဖြစ်ပါတယ်။ အဓိက 40MP RGB ကင်မရာဟာ အခြား lens တွေနဲ့အတူတွဲဖက်ပြီး ညပိုင်းဓါတ်ပုံရိုက်ကူးမှုတွေမှာ အလင်းအားကောင်းမွန်တဲ့ပုံရိပ်တွေအဖြစ်ရရှိအောင်စွမ်းဆောင်ပေးနိုင်ပါတယ်။

Huawei Mate 20Pro ရဲ့ ultra wide angle 20MP ကင်မရာကလည်း ကျယ်ပြန့်တဲ့မြင်ကွင်းနဲ့ သဘာဝရှုခင်းအမျိုးမျိုးကို 0.6x zoom နဲ့ဖမ်းယူပေးနိုင်စွမ်းရှိပါတယ်။ဒါ့အပြင် အရာဝတ္ထုတစ်ခုကို ၂.၅ စင်တီမီတာအထိနီးနီးကပ်ကပ် focus ချိန်နိုင်တဲ့ macro photography လည်းပါဝင်ပါတယ်။

Galaxy S10+ မှာတော့ 16MP ultra-wide-angle lens ကိုထည့်သွင်းပေးထားတာတွေ့ရပါတယ်။

ဘက်ထရီ နဲ့ အားသွင်းနည်းပညာ

Samsung S10 မှာ 4100 mAh အထိရှိတဲ့ ဘက်ထရီပမာဏကိုထည့်သွင်းလာခဲ့ပေမယ့် ဒီလိုဈေးအကြီးဆုံးတန်းဝင် စမတ်ဖုန်းမှာ Huawei Mate 20Pro ရဲ့သိုလှောင်အားမြင့်မားတဲ့ 4200 mAh ဘက်ထရီကိုယှဉ်နိုင်တဲ့ ဘက်ထရီမျိုး မထည့်သွင်းလာခဲ့တာကတော့ အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။ Huawei ရဲ့ 40W Supercharge နည်းပညာက မိနစ် ၃၀ အတွင်း ဘက်ထရီကို ၇၀ ရာခိုင်နှုန်းအထိအားသွင်းပေးနိုင်ပြီး ဒီနည်းပညာက ဘေးကင်းလုံခြုံမှုပိုင်းအတွက် German TUV Rheinland certificate ရရှိထားတဲ့နည်းပညာလည်းဖြစ်ပါတယ်။

ဆမ်ဆောင်းကတော့ S10 နဲ့ S10+ တို့မှာ wireless PowerShare နည်းပညာကိုမိတ်ဆက်လာခဲ့ပေမယ့် Huawei Mate 20Pro က reverse wireless charging နည်းပညာကို စတင်မိတ်ဆက်ပေးထားခဲ့တာကြောင့် wow ဖြစ်လောက်စရာ မဖြစ်ခဲ့ပါဘူး။

Dual Sim နယ်ပယ်မှာ ဂိမ်းကစားမှုအတွေ့အကြုံ

ဆမ်ဆောင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်က ဖော်ပြချက်အရာ S10+ ဆင်းမ်ကဒ် ၂ ကဒ်ထည့်သွင်းအသုံးပြုနိုင်အောင် (Hybrid Sim Slot) ပံ့ပိုးပေးလိုက်ပါပြီ။ ဒါဟာ Android ဖုန်းအများစုမှာပါဝင်နေတဲ့ feature ပါပဲ။ Sim ကဒ် ၂ ကဒ် တစ်ပြိုင်တည်းအသုံးပြုတယ်ဆိုပေမယ့် Sim ကဒ်တစ်ကဒ်ကို အသုံးပြုနေတဲ့အချိန်မှာ ဖုန်းခေါ်တဲ့သူက တခြား Sim ကဒ်တစ်ကဒ်ကိုခေါ်ဆိုခဲ့မယ်ဆိုရင် ဖုန်းမအားဘဲခေါ်လို့မရဖြစ်နေမှာပါ။

ဒါပေမဲ့ Mate 20Pro မှာ dual-sim feature နဲ့အတူ dual-VoLTE နည်းပညာပါဝင်တာကြောင့် Sim ကဒ်တစ်ကဒ်ကို သုံးပြီး ဖုန်းပြောနေချိန်၊ အဲဒီ Sim ကဒ်ရဲ့အင်တာနက်ဒေတာနဲ့ ဂိမ်းဆော့နေချိန်မှာတောင် တခြား Sim ကဒ်ကိုဝင်လာတဲ့ဖုန်းကို ကိုင်လို့ရတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဂိမ်းဆော့နေလို့ ကိုယ့်ကောင်မလေးကဖုန်းခေါ်တာကို မကိုင်နိုင်ဘဲချပစ်လိုက်လို့ ရန်ဖြစ်ရတာမျိုးတွေမရှိနိုင်တော့ပါဘူး။

ရောင်ပြေးဒီဇိုင်း

Galaxy S10+ ကို Prism White, Prism Green, Prism Black, Prism Blue နဲ့ Canary Yellow ဆိုတဲ့စုံလင်လှတဲ့ အရောင်တွေနဲ့မိတ်ဆက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဖုန်းဝယ်ပြီးတာနဲ့ ဖုန်းကာဗာတန်းဝယ်မယ့်သုံးစွဲသူတွေအတွက်တော့ ဒီလို စုံလင်လှတဲ့အရောင်တွေက အရမ်းကြီးထူးခြားမှုကိုပေးစွမ်းနိုင်မှာ မဟုတ်ပါဘူး။

ဖုန်းကာဗာအကြည်တွေကိုလူသုံးများလာရတာက စမတ်ဖုန်းသုံးစွဲသူတွေက သူတို့ဖုန်းတွေရဲ့လှပတဲ့ဒီဇိုင်းကို တခြားသူတွေမြင်စေချင်လို့ပါပဲ။ Huawei Mate 20Pro မှာဆိုရင် သူ့ရဲ့လျှောစောက်ဒီဇိုင်းကို စမတ်ဖုန်းသုံးစွဲသူတွေကြား ရေပန်းစားတဲ့ ရောင်ပြေး အရောင် Twilight နဲ့တွဲဖက်ထားတာကိုတွေ့ရမှာပါ။

စမတ်ဖုန်းအမျိုးအစားတစ်ခုနဲ့တစ်ခု ဒီဇိုင်းတွေက ခပ်ဆင်ဆင်တွေဖြစ်နေချိန်မှာ Mate 20Pro ကတော့သူ့ရဲ့ ထောင့်မှန်စတုဂံပုံစံဖွဲ့စည်းပုံနဲ့ သီးခြားကွဲထွက်နေတာကိုလည်း တွေ့နိုင်ပါတယ်။

အခုဖော်ပြခဲ့တဲ့အချက်တွေအပြင် Galaxy S10+ နဲ့ Mate 20Pro တို့ရဲ့အသေးစိတ်အချက်အလက်တွေကို နှိုင်းယှဉ်ကြည့်နိုင်အောင်အောက်ကဇယားမှာဖော်ပြပေးထားပါတယ်။


Specifications Comparison of S10+ with Mate 20Pro

Huawei ဟာလာမယ့် မတ်လ ၂၆ ရက်နေ့မှာပဲ သူတို့ရဲ့ နောက်ဆုံးထွက် P30 series ကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ မှာမိတ်ဆက်ပေးသွားဖို့ရှိနေပါတယ်။ P20 series စမတ်ဖုန်းတွေကတော့ ဈေးကွက်ထဲမှာအဆင့်အမြင့်ဆုံး ကင်မရာတစ်ခုအဖြစ်ရပ်တည်ထားနိုင်ပြီး P20 Pro ဟာဆိုရင် DxO Mark Mobile ရဲ့ထိပ်ဆုံးနေရာမှာ သူ့နောက်လအနည်းငယ်အကြာမှာထွက်ရှိတဲ့ Mate 20Pro နဲ့အတူရပ်တည်နေနိုင်ဆဲဖြစ်ပါတယ်။ P30 series စမတ်ဖုန်းတွေမှာတော့ DSLR ကင်မရာတွေကိုအကောင်းဆုံးယှဉ်ပြိုင်နိုင်တဲ့ ကင်မရာတွေကို AI နည်းပညာတွေရဲ့ အကူအညီနဲ့ထည့်သွင်းလာနိုင်မယ်လို့ သတင်းတွေထွက်နေပါတယ်။

ဆမ်ဆောင်းရဲ့ Galaxy S10 စမတ်ဖုန်းတွေဟာ သူ့ရဲ့မဟာပြိုင်ဘက် Apple နဲ့ပြင်းပြင်းထန်ထန်ယှဉ်ပြိုင်နေရပြီး တစ်ချိန်တည်းမှာပဲ Huawei လို Android ဖုန်းပြိုင်ဘက်တွေထံဈေးကွက်ခွဲဝေပေးရမှုကိုလည်း ခုခံနေရပါသေးတယ်။ Android တန်ဖိုးမြင့်ဖုန်းထုတ်လုပ်မှုဈေးကွက်ရဲ့ အဓိကပြိုင်ဘက်တွေဖြစ်လာတဲ့ ဆမ်ဆောင်းနဲ့ Huawei တို့ကြားမှာ ယခုနှစ်အတွက် Galaxy S10 series စမတ်ဖုန်းတွေက ဈေးကွက်ထဲအရင်ရောက်ရှိလာတာမှန်ပေမယ့် ဒီပြိုင်ဘက်စမတ်ဖုန်းကုမ္ပဏီကြီး နှစ်ခုကြားပြိုင်ပွဲကတော့ ရှည်လျားဦးမယ့်ပုံပါပဲ။


ဆက်စပ်အကြောင်းအရာများ


Author


က္က