သေးငယ်တဲ့နိုင်ငံလေးဖြစ်ပေမယ့် တစ်ချိန်က နေမဝင်အင်ပါယာကြီး အစပြုရာ အင်္ဂလန်နိုင်ငံဟာ တစ်သက်မှာ တစ်ခါလောက်တော့ ရောက်ဖူးအောင် သွားသင့်တဲ့ဒေသတစ်ခုပါပဲ။ ပါးစပ်အဟောင်းသား ဖြစ်အောင်ငေးမောရတဲ့ တောတောင်သဘာဝ အလှအပတွေ၊ သာယာဆွတ်ပျံ့ဖွယ် ကမ်းခြေတွေနဲ့ ရှေးဟောင်းကျပြီး လှပတဲ့ အနုပညာနဲ့ ဗိသုကာလက်ရာတွေကို တွေ့မြင်ရမှာပါ။
ဘာပဲပြောပြော ဥရောပတိုက်ရဲ့ နိုင်ငံငယ်လေးကို အလည်သွားဖို့အတွက် အကြောင်းပြချက်ရှာနေတယ်ဆိုရင် အောက်ပါအချက်တွေကို ဆက်ဖတ်ကြည့်သင့်ပါတယ်။
North umberland ရဲ့အရိုင်းဆန်ပြီး မဖော်ထုတ်ရသေးတဲ့ ကမ်းရိုးတန်းတွေ၊ Cornwall ကမ်းခြေတွေရဲ့ အသက်ရှူမှား လောက်တဲ့ အလှတရားတွေ စသည်ဖြင့်... အင်္ဂလန်နိုင်ငံမှာ သင်မြင်ဖူးသမျှထဲမှာ အလှပဆုံးကမ်းရိုးတန်းနဲ့ ကမ်းခြေတွေ ရှိပါတယ်။ အင်္ဂလန်နိုင်ငံဟာ Whitby တို့၊ Brighton တို့လို လှပတဲ့ပင်လယ်ဆိပ်ကမ်း မြို့ငယ်လေးတွေလည်း အများကြီးရှိပါတယ်။
အင်္ဂလန်နိုင်ငံကို အစိမ်းရောင် သာယာလှပတဲ့နယ်မြေလို့ သတ်မှတ်တာဟာ တကယ်တော့ လျှော့ပေါ့ဖော်ပြမှုတစ်ခုပါပဲ။ တကယ်တမ်းကျတော့ အင်္ဂလန်နိုင်ငံဟာ သာယာချမ်းမြေ့တဲ့ တောတောင် အလှအပတွေနဲ့ မျက်စိတစ်ဆုံး လှပနေပါတယ်။ အင်္ဂလန်ရဲ့အေးချမ်းတဲ့ ရာသီဥတုနဲ့ တောတောင်အလှအပတွေက အေးအေးဆေးဆေး ခရီးသွားလိုသူတွေအတွက် အကြိုက်တွေ့စေမှာပါ။ တိုင်းပြည်ရဲ့ မြောက်ကနေတောင်ဘက်ကို ကြည့်မယ်ဆိုရင် ရှာဖွေဖော်ထုတ်ခြင်း မပြုရသေးတဲ့ တောတွင်းအလှအပ အများအပြားကို တွေ့မြင်ရမှာပါ။
နေမဝင်အင်ပါယာကြီး ဖြစ်ခဲ့ဖူးတဲ့ အင်္ဂလန်နိုင်ငံရဲက သမိုင်းကြောင်းဟာ ကမ္ဘာမှာပါထင်ရှားပါတယ်။ ရင်သပ်ရှုမောဖွယ် လန်ဒန်တာဝါကြီးမှာ လျှောက်လည်တာပဲဖြစ်ဖြစ်၊ ရှေးဟောင်းရဲတိုက်အိုကြီး တွေနားမှာ လျှောက်လည်တာပဲဖြစ်ဖြစ် အင်္ဂလန်ရဲ့သမိုင်းကြောင်းထဲမှာ လမ်းလျှောက်ရတာ သမိုင်းဝါသနာရှင်တွေအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံပါပဲ။ သမိုင်းဦးမတိုင်ခင် ခေတ်ကတည်းက အဆောက်အဦးကြီးတွေ၊ ဗစ်တိုရီးယန်းခေတ်က Saltaire ရွာတို့ကိုလည်း သွားရောက်လည်ပတ် ကြည့်ရှုနိုင်ပါတယ်။
ယဉ်ကျေးမှုချစ်သူတွေနဲ့ အနုပညာမြတ်နိုးသူတွေအတွက်တော့ အင်္ဂလန်နိုင်ငံဟာ မဖြစ်မနေသွားရောက်သင့်တဲ့ နေရာပါပဲ။ ခေတ်ပြိုင်အနုပညာ လက်ရာတွေအတွက် Tate Modern ကို သွားရောက် လေ့လာနိုင်သလို ရှေးခေတ်အနုပညာ ကဝေကြီးတွေရဲ့ ဂန္တဝင်အနုလက်ရာတွေကိုမှ လေ့လာချင်တယ်ဆိုရင်တော့ National Gallery ကို သွားရောက်သင့်ပါတယ်။
ဒါတင်မကသေးပါဘူး။ လမ်းဘေးအနုပညာ (stereet art) တွေလည်း အင်္ဂလန်မှာခေတ်စားပါတယ်။ Henry Moore, Antony Gormley နဲ့ Angel of the North တို့လို ရုပ်ထုတွေကိုလည်း တွေ့မြင်နိုင်ပါသေးတယ်။
အင်္ဂလန်နိုင်ငံမှာ ကမ္ဘာ့အကောင်းဆုံး စားသောက်ဆိုင်တွေ ရှိပါတယ်။ အင်္ဂလန်ကိုရောက်ရင် အင်္ဂလန်တစ်နေ့စာလို့ခေါ်တဲ့ အင်္ဂလန် စားသောက်ပုံအတိုင်း လိုက်စားကြည့်သင့်ပါတယ်။ မနက်မိုးလင်းတာနဲ့ ကြွယ်ဝတဲ့ မနက်စာ၊ နေ့လည်ဘက် လက်ဖက်ရည်နဲ့အတူ လက်ချောင်းမုန့်တို့၊ ကိတ်တို့၊ ပြီးတော့ ညစာအတွက် နာမည်ကျော် အင်္ဂလိပ်အစားအစာ fish and chip (ငါးအသားလွှာကြော်နဲ့ အာလူးချောင်းကြော်) တို့ကို မြည်းစမ်းကြည့်သင့်ပါတယ်။
Source: theculturetrip