အခက်အခဲတွေကို တစ်ယောက်တည်းရင်ဆိုင်ဖြေရှင်းနိုင်စွမ်း တိုးတက်ဖို့ Solo ခရီးထွက်ပြီး အလေ့အကျင့်ပြုလုပ်တာက လိုအပ်တဲ့ အရာတစ်ခုပါ။
Saint Sandy Htet

ခရီးသွားရာသီရောက်လာပြီဆိုတော့ Duwun စာဖတ်ပရိတ်သတ်တွေလည်း ပိတ်ရက်တွေမှာ ခရီးထွက်ဖို့ စိုင်းပြင်းနေကြပြီ ဟုတ်? အခု ပြောပြပေးသွားမှာကတော့ တစ်ယောက်တည်းခရီးသွားဖို့ စိတ်ကူးရှိတဲ့ Solo Traveler တွေအတွက် tips လေးတွေပါ။ အခက်အခဲတွေကို တစ်ယောက်တည်းရင်ဆိုင် ဖြေရှင်းနိုင်စွမ်း တိုးတက်ဖို့ Solo ခရီးထွက်ပြီး အလေ့အကျင့်ပြုလုပ်တာက လိုအပ်တဲ့ အရာတစ်ခုပါ။သင်က အခုမှ ပထမဆုံး တစ်ယောက်တည်း ခရီးထွက်ရင်း စွန့်စားလိုတဲ့သူဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေက သင့်အတွက် အထောက်အကူဖြစ်မှာပါ။

(၁) ရှက်ကြောက်စိတ်ဖျောက်ပါ

ဒီစာဖတ်နေသူက Introvert တစ်ယောက်ဖြစ်တယ်၊ လူတွေနဲ့ တွေ့ဖို့ ကြောက်စိတ်၊ရှက်စိတ်ရှိနေတယ်ဆိုရင်တော့ အတော်လေး အချိန်ယူပြင်ဆင်ရဦးမှာပါ။ဘာလို့လဲဆိုတော့ တစ်ယောက်တည်း ခရီးထွက်တဲ့အခါ အခက်အခဲ တစ်ခုမဟုတ် တစ်ခု ရှိလာမှာပါ။ ဒေသခံတွေဆီကပဲ ဖြစ်ဖြစ် တခြားခရီးသွားတွေဆီက အကူအညီတောင်းခံဖို ကိစ္စတစ်ခုခုရှိလာတဲ့အခါ ရှက်ကြောက်နေရင် အကူအညီရရှိဖို့ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ရှက်ကြောက်တာတွေဖျောက်ထားပြီး လူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ကို အလေ့အကျင့်လုပ်ထားပါ။

(၂) မသိနိုင်တဲ့ အခက်အခဲတွေအတွက် ကြိုတင်ပြင်ဆင်မှုရှိပါ

ကိုယ် မရင်းနှီးတဲ့နေရာကို တစ်ယောက်တည်း သွားရမှာ ဖြစ်တဲ့အတွက် ကြိုမသိနိုင်တဲ့ အခက်အခဲတွေ ကြုံလာနိုင်ပါတယ်။ လမ်းမသိတာ၊ Transportation အခက်အခဲ ဖြစ်တာစတဲ့ အရာတွေကို ကိုယ်ဘယ်လို ဖြေရှင်းမလဲဆိုတာကို ကြိုတင် စီစဉ်ထားရပါမယ်။ကိုယ့်ကို ဓာတ်ပုံရိုက်ပေးမယ့် အဖော််မပါတာကြောင့် Phone Tripod/ Camera Tripod တွေနဲ့ အခြားအသေးအမွှားတွေကအစ ခရီးမထွက်ခင် ကြိုတင်ပြင်ဆင်သွားဖို့ အကြံပေးပါရစေ။

(၃) သွားမယ့် ခရီးစဉ်နဲ့ လမ်းကြောင်းကို လေ့လာထားပါ။

ဒါကတော့ Tour နဲ့ မဟုတ်ဘဲ ကိုယ်ပိုင် အစီအစဉ်နဲ့ ခရီးသွားမယ့် သူတွေအတွက် အဓိက လိုအပ်ပါတယ်။ လမ်းပြမယ့် သူမရှိတာကြောင့် မသွားခင်ကတည်းက သွားမယ့် ခရီးစဉ်ရဲ့ Review တွေဖတ်တာ၊ ရောက်ဖူးတဲ့ အသိမိတ်ဆွေတွေကို ကြိုတင် မေးမြန်းပြီး အကြံဉာဏ်ယူတာတွေကို လုပ်ထားပါ။ ကိုယ်သွားမယ့် နေရာက Internet ရရင်တော့ GPS သုံးနိုင်တဲ့အတွက် အဆင်ပြေပေမယ့် Internet မရတဲ့ နေရာမျိုးဆို ဒေသခံတွေရဲ့ အကူအညီက သေချာပေါက်လိုအပ်မှာပါ။

(၄) မိတ်ဆွေဖွဲ့ပါ။



Solo Traveler ဖြစ်ပေမယ့်လို့ ခရီးသွားလာတဲ့ အချိန်အတွင်း တွေ့ဆုံတဲ့ သူတွေကို မိတ်ဆွေဖွဲ့ဖို့ သတိရပါ။ ကားပေါ်၊ ရထားပေါ်၊ လေယာဉ်ပေါ်မှာ စကားဆက်စပ်မိရင်း ခရီးစဉ်တူတဲ့ သူနဲ့တွေ့ရင် ကိုယ့်အတွက် တစ်ချိန်ချိန်မှာ အကူအညီရလာနိုင်မှာပါ။ ခရီးသွားရင်း အမှတ်မထင် တွေ့ဆုံမိတဲ့သူတွေက တစ်ချိန်မှာ မိတ်ဆွေရင်းတွေတောင် ဖြစ်သွားနိုင်ပါတယ်။

ဒါတွေကတော့ အခုမှ ပထမဆုံး Solo ခရီးထွက်မယ့် သူတွေအတွက် အကြံပြုထားတဲ့ အချက်လေးတွေပါ။ အကယ်၍ Duwun စာဖတ်ပရိသတ်တွေထဲမှာ Solo ခရီးထွက်ဖူးတဲ့ သူတွေ ရှိရင်လည်း ကိုယ့်ရဲ့ အတွေ့အကြုံတွေကို မျှဝေခဲ့ပါဦးနော်!




က္က