ပိုက်ဆံပေးစရာမလိုဘဲ ပစ္စည်းတွေကို အရောင်းအဝယ်လုပ်လို့ရမယ့် ရွှေ့လျားဈေးဆိုင် ကို Free Mobile Shop ကို နိုဝင်ဘာလ ၁၅ ရက် ညနေ ၃ နာရီကနေ ၆ နာရီအထိ မဟာဗန္ဒုလပန်းခြံမှာ ဖွင့်လှစ်သွားမယ်လို့ စီစဉ်သူ ထံကနေ သိရပါတယ်။
အသုံးမလိုတဲ့ ပစ္စည်းတွေကို ဒီဆိုင်မှာ အခမဲ့ရောင်းချနိုင်ပြီးတော့ လိုအပ်နေတဲ့သူတွေကလည်း အခမဲ့ ဝယ်ယူသွားလို့ရအောင် စီစဉ်ပေးတာဖြစ်တယ်လို့ Free Mobile Shop ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုကျော်ကျော်က Duwun ကိုပြောပါတယ်။
“ လူတစ်ချို့ မလိုတော့တဲ့ပစ္စည်းတွေက တခြားလူတွေအတွက် အသုံးဝင်နိုင်တယ်။ မလိုတဲ့ ပစ္စည်းတွေကို လာရောင်းပြီးတော့ ဝယ်တဲ့သူကလည်း သူတို့လိုတဲ့ပစ္စည်းကို ဝယ်လို့ရပါတယ်။ဝယ်တဲ့သူရော ရောင်းတဲ့သူရော ပိုက်ဆံတော့မရဘူးပေါ့။ ကျွန်တော်တို့က ကြားထဲစေ့စပ်ပေးတဲ့ လှုပ်ရှားမှုတစ်ခုပါ။ ရုပ်ဝတ္တုတွေ တိုးတက်လာတဲ့အခါ လူတွေက တစ်ယောက်နဲ့ တစ်ယောက် မျှဝေချင်တဲ့ စိတ်က တဖြည်းဖြည်းပျောက်ဆုံးလာတယ်။ ကိုယ့်အတွက်လိုသလောက်ပဲ သုံးပြီးတော့ မလိုတာတွေကို တခြားသူတွေအတွက် မျှဝေချင်စိတ်ဖြစ်လာအောင် လုပ်တဲ့ လှုံဆော်မှုတစ်ခုပါ”လို့ ကိုကျော်ကျော်က Duwunကိုပြောပါတယ်။
လက်ရှိတော့ Free Mobile Shop ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ လူတွေ သိအောင် လှုပ်ရှားမှုလုပ်နေပြီး စတင်ရောင်းချမယ့် နိုဝင်ဘာ ၁၅ ရက်နေ့မှာတော့ လက်ကမ်းစာစောင်တွေ ဝေပြီး မည်သူမဆို လာရောက်ရောင်းချဝယ်ယူနိုင်ကြောင်း ကြေညာပေးသွားမယ်လို့ သိရပါတယ်။
နောက်ပိုင်းမှာတော့ တစ်လကို ၂ ရက်လောက် လူစည်ကားရာနေရာတွေဖြစ်တဲ့ ဆူးလေ၊လှည်းတန်းနဲ့ မြေနီကုန်းစတဲ့နေရာမျိုးတွေမှာ လမ်းဘေးဆိုင် ပုံစံ ဖွင့်လှစ်ပြီး အခမဲ့ ဝယ်ယူရောင်းချလို့ရမယ့် ရွေ့လျားဆိုင်တွေကို ပြုလုပ်သွားဦးမယ်လို့သိရပါတယ်။