ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်သွင်းပေးမယ်လို့ပြောကာ မြန်မာအလုပ်သမား ၃၄ ဦး ပွဲစားအလိမ်ခံလိုက်ရပြီး ထွက်ပြေးနေတာကြောင့် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) က ကူညီစောင့်ရှောက်ပေးထားတယ်လို့သိရပါတယ်။
အလုပ်သမားတွေကို ထိုင်းနိုင်ငံသို့ ဘော်ဒါပတ်(စ်)နဲ့ တရားမဝင်လမ်းကြောင်းကနေ ပို့ဆောင်ခဲ့ပြီး မဟာချိုင်နယ်မြေပလပ်စတစ် စက်ရုံတစ်ရုံမှာ လုပ်ကိုင်စေခဲ့ရာ ထိုင်းအစိုးရအဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာတယ်လို့ MWRN သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အလုပ်သမားတစ်ဦးချင်းစီက ပွဲစားကို ထိုင်းဘတ်ငွေ ၁၉၀၀၀ လောက် ပေးထားရပြီး နေထိုင်အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်းတွေကလည်း ဥပဒေအရ မမှန်ကန်ဘဲ လိမ်လည်ခဲ့တာလို့ သိရပါတယ်။
လက်ရှိတော့ အဆိုပါ ပွဲစားကို သက်ဆိုင်ရာ အစိုးရဌာနက ဖမ်းဆီးထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိတော့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် ( MWRN ) အဖွဲ့အနေနဲ့ ထိုင်းနိုင်ငံ မြန်မာသံရုံးကို ဆက်သွယ်ပြီး အလုပ်သမားတွေကို တရားဝင်လမ်းကြောင်းကနေ ပြန်ပို့ပေးဖို့စီစဉ်နေရာ အခု နိုဝင်ဘာ ၁၃ ရက်နေ့ ညမှာနေရပ် ပြန်လည်ပို့ဆောင်ပေးသွားမယ်လို့ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့အလုပ်သမားတွေကို ထိုင်းအစိုးရက စာရွက်စာတမ်းအသစ်ထုတ်ပေးတာမရှိသလို တရားမဝင်အလုပ်သမားတွေကိုလည်းစစ်ဆေးပြီး ဖမ်းဆီးနေတာဖြစ်ပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံအတွင်းဝင်ရောက်အလုပ်လုပ်ကိုင်သူတွေအနေနဲ့ MOU စနစ်နဲ့ တရားဝင်လမ်းကြောင်းကနေ လာရောက်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ဦးရေ နှစ်သန်းခန့်ရှိပြီး ယခုနှစ် ဇွန်လကုန်အထိ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ တရားဝင်မြန်မာလုပ်သားဦးရေ ရှစ်သိန်းခန့်ရှိတယ်လို့ သိရပါတယ်။