မက်ကင်စီ ဂလိုဘယ် အင်စတီကျူ့ရဲ့ အဆိုအရ လာမယ့် ၂၀၂၅ခုနှစ်မှာ တစ်ကမ္ဘာလုံးက တန်ဖိုးနည်းအိမ်ရာ မရှိတဲ့ ပြသနာကို ဖြေရှင်းဖို့ အမေရိကန်ဒေါ်လာ ၂၅ ထရီလီယံအထိ လိုလိမ့်မယ်လို့ သိရပါတယ်။ လူတိုင်း တတ်နိုင်တဲ့ အိမ်ရာ လိုအပ်ချက် များတဲ့ ပြသနာကို ရင်ဆိုင်နေရတဲ့ ထိပ်ဆုံး မြို့ကြီး (၅၀)စာရင်းမှာ နယူးယောက်မြို့က ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
ဒီလို သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ နေထိုင်စရာနေရာတစ်ခု ရှာဖို့ ခက်ခဲတဲ့ မြို့တွေထဲမှာ မက္ကစီကိုစီးတီးကလည်း အဆင့် (၁၅)နေရာမှာ ရှိနေပါတယ်။ ဘင်္ဂလားဒေရှ့်က ဒါကာမြို့၊ ဖိလစ်ပိုင်က မနီလာမြို့တွေလည်း ဒီစာရင်းထဲမှာ ပါနေပါတယ်။
တချို့သော လူတွေဟာ စီးပွားရေး အကြောင်းပြချက်တွေ၊ သဘာဝ ပတ်ဝန်းကျင် မထိခိုက်ပဲ နေလိုမှု၊ ရိုးရိုးရှင်းရှင်း ဘဝနေလိုမှု စတာတွေကြောင့် နေအိမ်သေးသေးလေးတွေကို ပြောင်းရွှေ့နေကြပါတယ်။ မြန်မာနိုင်ငံရဲ့ အထင်ကရ အိမ်ခြံမြေဝက်ဘ်ပေါ်တယ်ဖြစ်တဲ့ House.com.mm က တစ်ကမ္ဘာလုံးမှာရှိတဲ့ စိတ်ကူးစိတ်သန်း ကောင်းကောင်းနဲ့ တည်ဆောက်ထားတဲ့ နေအိမ်သေးသေးတွေကို ရှာဖွေတင်ပြလိုက်ပါတယ်။
ကော်လိုရာဒိုပြည်နယ်က ခရစ္စတိုဖာ စမစ်နဲ့ သူ့ရဲ့အဖော်ဟာ မြို့ကြီးပြကြီးမှာ နေရတာ တော်လောက်ပြီလို့ ယူဆပြီးတော့ ဘယ်နေရာမှာမဆို နေနိုင်မယ့် ရွေ့လျားအိမ်လေးကို တည်ဆောက်ခဲ့ပါတယ်။ အဲဒီ ရွေ့လျားအိမ်လေးဟာ ၁၂၄ စတုရန်းပေသာ ရှိပြီးတော့ အိမ်ထဲမှာ မီးဖိုချောင်သေးသေးလေး တစ်ခု၊ အိပ်ရာလေးတစ်ခုနဲ့ စာအုပ်စင်လေးတွေ ပါရှိပါတယ်။ သူတို့စုံတွဲဟာ ဒီရွေလျားအိမ်လေးနဲ့ သွားလာရင်း မှတ်တမ်းတင် ဗီဒီယိုရိုက်ခဲ့ပြီး “A Story About Living Small” လို့ နာမည်ပေးထားပါတယ်။
Landon’s Shard အဆောက်အအုံဒီဇိုင်းကြောင့် နာမည်ကြီးလာတဲ့ ဒီဇိုင်းပညာရှင် ရန်ဇိုပီယာနိုဟာ အခုနောက် ပိုင်းမှာ နေအိမ်သေးသေးတွေပေါ် အာရုံကျလာပါတယ်။ သူဟာ ‘ဒိုင်အိုဂျီးနီး’ လို့ အမည်ပေးထားတဲ့ တစ်ကိုယ်ရည်စာ နေအိမ်လေး တွေရဲ့ ကနဦးပုံစံကို ဂျာမန် ပရိဘောဂ ကုမ္ပဏီဖြစ်တဲ့ Vitra(ဗိုက်ထရာ) အတွက် ရေးဆွဲပေးခဲ့ပါတယ်။
အဲဒီအိမ်လေးတွေဟာ စနစ်တကျရှိပြီး သန့်ရှင်းသလို လိုအပ်တဲ့ရေကို ပြန်လည် သုံးစွဲနိုင်တဲ့ စနစ်လုပ်ထားပါတယ်။ လိုအပ်တဲ့ စွမ်းအင်ကိုလည်း နေရောင်ခြည်စနစ်ကနေ ရအောင် ဆောင်ရွက်ထားပါတယ်။ အိမ်ရဲ့အကျယ်က ၇၉ စတုရန်းပေပဲရှိပါတယ်။
လမ်းကြိုလမ်းကြားက စွန့်ပစ်အိမ်တွေကို အီတလီမြို့တော် ရောမမှာရှိတဲ့ ပန်သီယွန်အဆောက်အအုံက အခန်းကျဉ်းလေးတွေလို စွဲဆောင်မှုရှိတဲ့ နေရလေးတွေဖြစ်အောင် ဖန်တီးလုပ်ဆောင်လို့ ရတယ်ဆိုတာ ကျွမ်းကျင် ဒီဇိုင်းပညာရှင် တစ်ယောက်ဖြစ်တဲ့ မာကိုပီယာဇီက ကောင်းကောင်း သိပါတယ်။ ဒါကြောင့်သူဟာ အဲဒီအိမ်တွေကို ဝယ်ခဲ့ပြီး ပြန်လည်ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။
ပြီးတော့ သူ ခဏလောက် နေပါတယ်။ အခုတော့ အဲဒီအခန်းကျဉ်းလေးတွေကို အီတလီက အသေးဆုံးအိမ်လေးတွေလို့ သုံးနှုန်းပြီး ခရီးသွားဧည့်သည်တွေကို ငှားနေပြီဖြစ်ပါတယ်။ တကယ့် ခမ်းနားတဲ့ မြို့ကြီးမှာ ရိုးရှင်းတဲ့ နေရာလေးတွေ ရှာနေတဲ့ ခရီးသွားဧည့်သည်တွေအတွက်ပဲ ဖြစ်ပါတယ်။
Expatistan.com က သိရတဲ့ အချက်အလက်တွေ အရ တရုတ်နိုင်ငံ ဘေဂျင်းမြို့က အိမ်ခြံမြေဈေးနှုန်းမြင့်တဲ့ နေရာတစ်ခုမှာဆိုရင် ပျမ်းမျှအငှားဈေးနှုန်းဟာ တစ်လကို အမေရိကန်ဒေါ်လာ ၂၀၈၁ ဒေါ်လာရှိပါတယ်။ ဒါကြောင့် လူတွေဟာ နေစရာအိမ်အတွက် စက်ဘီးတွေသုံးလာတာ အံ့သြစရာတော့ မဟုတ်ပါဘူး။
ဘေဂျင်း ပြည်သူ့ ဗိသုကာ ရုံးက အိမ်ပုံစံတစ်ခုကို တည်ဆောက်ပြခဲ့ပါတယ်။ အဲဒီအိမ်မှာ သုံးဘီးစက်ဘီးပေါ်မှာ ခေါက်ပြီး သယ်သွားလို့ရပါတယ်။ အိပ်ရာဟာ ထမင်းစား စားပွဲဖြစ်သွား နိုင်သလို အိမ်ခေါင်မိုးကလည်း ထိုင်ခုံအဖြစ် သုံးနိုင်ပါတယ်။ ၃၃ စတုရန်းပေပဲ ရှိကျယ်ပြီးတော့ ဘယ်နေရာသွားသွား သယ်သွားနိုင်ပါတယ်။
ဂျာမနီနိုင်ငံ ဘာလင်က ဗိသုကာပညာရှင်တစ်ဦးဖြစ်တဲ့ ဗန်ဘိုလီမန်ဇယ်ဟာ လူတစ်ကိုယ်စာ လဲှလျောင်းလို့ ရတဲ့ နေရာပါတဲ့ အိမ်တစ်လုံးကို တည်ဆောက်ပြခဲ့ပါတယ်။ ဒီအိမ်လေးဟာ ဈေးနှုန်းသက်သာတဲ့ အိမ်ရာအတွက် အဖြေရှာတဲ့ နောက်ထပ်စမ်းသပ်မှု တစ်ခုပါပဲ။
ဒါပေမယ့် သေချာတာကတော့ ဒီအိမ်ဟာ လူတွေအတွက် ဆိုတာထက် ဟမ်းစတားကောင်လေးတွေအတွက်ဆို ပိုသင့်တော်ပါလိမ့်မယ်။ ဘယ်သူမှ ဒီလိုအိမ်သေးသေးလေးမှာ နေချင်မှာမဟုတ်ပါဘူး။ ဒီအိမ်လေးရဲ့ အကျယ်အဝန်းက ၁၁ စတုရန်းပေသာရှိလို့ Lamudi ရဲ့ ကမ္ဘာ့အသေးဆုံး အိမ် စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။