အကူအညီတောင်းတဲ့ ရေဒီယိုဆက်သွယ်မှုတွေကို နေ့စဉ်ပြုလုပ်ခဲ့ကြပေမဲ့ တုံ့ပြန်ဖြေကြားမှု မရှိခဲ့ပါဘူး။

ပစိတ်ဖိတ်သမုဒ္ဒရာအတွင်း ၅ လနီးပါးကြာ မျောပါနေခဲ့တဲ့ အမေရိကန်မှ ရွက်လွှင့်သူ အမျိုးသမီးနှစ်ဦးနဲ့ ၎င်းတို့ရဲ့ ခွေးတွေကို အမေရိကန်ရေတပ်က ကယ်ဆယ်နိုင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။



ဂျနီဖာအက်ပဲလ်နဲ့ တက်စ်ဟာဖူအီဘာတို့ဟာ ဟာဝိုင်အီကနေ စက်တပ်ရွက်လှေငယ်ဖြင့် တဟီတီကျွန်းကို ဦးတည်ထွက်ခွာခဲ့ကြရာ ရာသီဥတုဆိုးရွားမှုကြောင့် ၎င်းတို့ရဲ့ ရွက်လှေအင်ဂျင် ပျက်စီးသွားခဲ့ပါတယ်။

ထို့နောက် ၎င်းတို့ရဲ့ရွက်လှေဟာ မျောပါသွားခဲ့ပြီး ဂျပန်နိုင်ငံ အရှေ့တောင်ဘက် မိုင် ၉၃၀ အကွာ ပင်လယ်ပြင်ကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။



မျောပါနေတဲ့ ရွက်လှေကို ငါဖမ်းသင်္ဘောက တွေ့ရှိခဲ့ကာ အမေရိကန် အာဏာပိုင်တွေကို အကြောင်းကြားခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရွက်လှေအင်ဂျင် ပျက်စီးသွားပေမဲ့ ရွက်လွှင့်သွားခြင်းဖြင့် ကုန်းမြေတစ်နေရာကို ရောက်ရှိနိုင်လိမ့်မယ်လို့ အမျိုးသမီးနှစ်ဦးက အစောပိုင်းမှာ ထင်ခဲ့ကြကြောင်း ပြောပါတယ်။



အဆိုပါ အမျိုးသမီးနှစ်ဦးဟာ မေလအတွင်းမှာ ဟာဝိုင်အီကမ်းခြေမှ စတင်ထွက်ခွာခဲ့တာဖြစ်ပြီး လကုန်အရောက်မှာ အင်ဂျင်ပျက်စီးမှု ကြုံခဲ့ရတာ ဖြစ်ပါတယ်။

"သူတို့က ပင်လယ်ထဲမှာ ၂ လကြာပြီး မူလက တဟီတီကိုရောက်မယ်လို့ မှန်းထားတဲ့အတိုင်း မဖြစ်နိုင်တော့ချိန်ကစပြီး ဒုက္ခရောက်နေကြောင်းနဲ့ ကယ်ဆယ်ကြရန် အကူအညီတောင်းခံတဲ့ ရေဒီယိုအချက်ပြ ဆက်သွယ်မှုတွေ စတင်ပြုလုပ်ခဲ့ကြပါတယ်" လို့ အမေရိကန်ရေတပ်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။



အမျိုးသမီးနှစ်ဦးက အကူအညီတောင်းခံတဲ့ ရေဒီယိုဆက်သွယ်မှုတွေ နေ့စဉ်ပြုလုပ်ခဲ့ကြပေမဲ့ အခြား သင်္ဘောတွေ သို့မဟုတ် ကမ်းခြေတစ်ခုခုက သူတို့ရဲ့ဆက်သွယ်မှုကို ဖမ်းယူနိုင်တဲ့ အကွာအဝေးအတွင်း မရှိခဲ့ဘူးလို့ အမေရိကန်ရေတပ်က ဆိုပါတယ်။

See also:

ဂျနီဖာအက်ပဲလ်ရဲ့ ပြောကြားမှုအရ သူမတို့နှစ်ဦးဟာ အကူအညီတောင်းတဲ့ ရေဒီယိုဆက်သွယ်မှုတွေကို ရက်ပေါင်း ၁၀၀ နီးပါး ပြုလုပ်ခဲ့ကြပေမဲ့ တုံ့ပြန်ဖြေကြားမှု မရှိခဲ့ဘူးလို့ သိရပါတယ်။ အဆက်အသွယ် လုပ်လို့မရတော့တဲ့နောက် ၎င်းတို့နှစ်ဦးဟာ စိတ်ဓာတ်ကျပြီး အကူအညီမဲ့သွားပြီလို့ ထင်မှတ်ထားခဲ့ကြပါတယ်။



သို့သော် အောက်တိုဘာ ၂၄ ရက်မှာတော့ ထိုင်ဝမ် ငါးဖမ်းသင်္ဘောက မျောပါနေတဲ့ ရွက်လှေကို စတင်တွေ့ရှိခဲ့ပြီး ပစိတ်ဖိတ်သမုဒ္ဒရာအတွင်းရှိ အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းမှ အာဏာပိုင်တွေထံ ဆက်သွယ်ခဲ့ပါတယ်။

ထို့နောက် အမေရိကန် ရေတပ်သင်္ဘော USS Ashland က ရွက်လှေရှိရာကို သွားရောက်ခဲ့ပြီး အမျိုးသမီးနှစ်ဦးနဲ့ ၎င်းတို့ရဲ့ ခွေးနှစ်ကောင်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။



ရွက်လွှင့်သူ အမေရိကန် အမျိုးသမီးနှစ်ဦးဟာ ပင်လယ်ပြင်အတွင်း မျောပါနေခဲ့စဉ် ရွက်လှေပေါ်မှာပါရှိတဲ့ ရေသန့်စက်နဲ့ တစ်နှစ်စာ စားသုံးနိုင်တဲ့ ခေါက်ဆွဲခြောက်ကဲ့သို့ အစားအစာတွေကို စားသောက်ကာ အသက်ဆက်ခဲ့ကြကြောင်း ပြောပါတယ်။

ပင်လယ်ပြင်မှာ မျောပါနေခဲ့တဲ့ ၅ လနီးပါကြာအတွင်း ငါးမန်းတိုက်ခိုက်မှု နှစ်ကြိမ်ကြုံတွေ့ခဲ့ရပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့ရကြောင်းလည်း ဟိုနိုလူလူမှာ နေထိုင်ကြတဲ့ အမျိုးသမီးနှစ်ဦးက ထိတ်လန့်ကြောက်ရွံ့စရာ ၎င်းတို့ရဲ့ အတွေ့အကြုံကို ပြောခဲ့ပါတယ်။

 



က္က