၂၀၁၈ ခုနှစ်မှစပြီး အားကစားကွင်းများအတွင်း ဝင်ရောက်ခွင့်ပြုသွားမှာပါ။

ဆော်ဒီအာရေဗီးယားမှာ အမျိုးသမီးများကို အားကစားပွဲတွေမှာ လာရောက် ကြည့်ရှုခွင့်ပြုသွားတော့မယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။



ဆော်ဒီအမျိုးသမီးတွေကို လာမယ့် ၂၀၁၈ ခုနှစ်မှစပြီး အားကစားကွင်းများအတွင်း ဝင်ရောက်ခွင့်ပြုပြီး အားကစားပြိုင်ပွဲတွေကို ကြည့်ရှုခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။ ရီယာ့ဒ်၊ ဂျက်ဒါနဲ့ ဒမ်မမ်မြို့တွေရှိ အားကစားကွင်းတွေကို အမျိုးသမီးများ ဝင်ရောက်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

See also:

ယခု ဆောင်ရွက်မှုဟာ လိင်ခွဲခြားဆက်ဆံမှုရှိပြီး တင်းကျပ်တဲ့ ဥပဒေစည်းမျဉ်းများနဲ့ နေထိုင်ခဲ့ကြရတဲ့ ဆော်ဒီအမျိုးသမီးတွေကို ပိုမိုလွတ်လပ်ခွင့်ပေးလိုက်တဲ့ လုပ်ဆောင်မှုလည်း ဖြစ်ပါတယ်။

ဆော်ဒီအာဏာပိုင်တွေက အမျိုးသမီးများ ကားမောင်းနှင်ခွင့် ပိတ်ပင်ထားမှုကိုလည်း အစောပိုင်းမှာ ပယ်ဖျက်ပေးခဲ့ပြီး သမိုင်းဝင် ဆောင်ရွက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟမ်မက် ဘင်ဆဲလ်မန်း



ဆော်ဒီမှာ အိမ်ရှေ့မင်းသား မိုဟမ်မက် ဘင်ဆဲလ်မန်းက ခေတ်သစ် ဆော်ဒီလူမှုအသိုင်းအဝိုင်း ဖော်ဆောင်မှုနဲ့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဦးဆောင်နေပါတယ်။

ဆော်ဒီမှာရှိတဲ့ အားကစားကွင်း ၃ ခုမှာ အမျိုးသမီးများ အပါအဝင် မိသားစုတွေ လာရောက်ကြည့်ရှုနိုင်ရန် ပြင်ဆင်မှုများ စတင်လုပ်ဆောင်မှာဖြစ်ပြီး ၂၀၁၈ ခုနှစ် အစောပိုင်းမှာ အဆင်သင့်ဖြစ်မယ်လို့ အားကစားကဏ္ဍ တာဝန်ရှိသူတွေက ပြောပါတယ်။



အားကစားကွင်းတွေမှာ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များနဲ့ တိုက်ရိုက် ထုတ်လွှင်ပြသတဲ့ တီဗီများတပ်ဆင်ခြင်း အပါအဝင် ပြင်ဆင်မှုတွေ ပြုလပ်သွားမယ်လို့ ဆိုပါတယ်။ ဆော်ဒီမှာ လက်ရှိအချိန်ထိ အားကစားကွင်းအားလုံးကို အမျိုးသားများသာ ဝင်ရောက်ခွင့်ပြုထားတာ ဖြစ်ပါတယ်။

ဆော်ဒီမှာ ယခု အပြောင်းအလဲတွေဟာ အသက် ၃၂ နှစ်အရွယ် အိမ်ရှေ့မင်းသား မိုဟမ်မက် ဘင်ဆဲလ်မန်းက ဦးစီးလုပ်ဆောင်နေတဲ့ Vision 2030 အမည်ဖြင့် လူမှုအသိုင်းအဝိုင်းနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်မှာ ပါဝင်နေကြောင်း သိရပါတယ်။

Facebook တည်ထောင်သူ ဇူကာဘတ်နှင့် ဆော်ဒီအိမ်ရှေ့မင်းသားတို့ တွေ့ဆုံခဲ့စဉ်



ပြီးခဲ့တဲ့ လအတွင်းကလည်း ဆော်ဒီအမျိုးသမီးတွေကို ၂၀၁၈ ခုနှစ် ဇွန်လမှစပြီး ကားမောင်းနှင်ခွင့်ပြုမယ့် တော်ဝင်အမိန့်ဒီကရီတစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။

ပိုမိုလွတ်လပ်ခွင့်ပြုလာတဲ့ ဆော်ဒီရဲ့ အပြောင်းအလဲများအရ ဂီတဖျော်ဖြေပွဲတွေ ပြန်လည် ကျင်းပပြုလုပ်ခွင့်ပေးထားပြီး ရုပ်ရှင်တွေလည်း မကြာမီမှာ ပြန်လည်ဖွင့်လှစ် ပြသခွင်ပြုသွားမယ်လို့ မျှော်လင့်ရပါတယ်။

ဆော်ဒီကို ခေတ်သစ်နိုင်ငံဖြစ်ရန် ပြုပြင်ပြောင်းလဲရာမှာ အစွန်းမရောက်တဲ့ အစ္စလာမ်မစ်နိုင်ငံ ပြန်ဖြစ်ရေးက ၎င်းရဲ့ အစီအစဉ်များအနက် အဓိကကျကြောင်း အိမ်ရှေ့မင်းသား မိုဟမ်မက် ဘင်ဆဲလ်မန်းက အောက်တိုဘာ ၂၅ ရက်မှာ ပြောခဲ့ပါတယ်။



အိမ်ရှေ့မင်းသားက ဆော်ဒီလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ အသက် ၃၀ နှစ်အောက် အရွယ်တွေဖြစ်ကြကြောင်းနဲ့ ၎င်းတို့က လူမှုဘဝမှာ ဘာသာရေးပညတ်ချက်တွေက အတန်အသင့်သာ ဖြစ်စေချင်ကြတယ်လို့ အိမ်ရှေ့မင်းသားက ဆိုပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသားရဲ့ အစီအစဉ်တွေကို ရှေးရိုးစွဲတွေက ဝေဖန်ကန့်ကွက်မှုတွေ ရှိနေခဲ့ပြီး လေ့လာဆန်းစစ်သူတွေကလည်း စွန့်စားရတဲ့ အခြေအနေဖြစ်ကြောင်း သုံးသပ်ထားကြပါတယ်။

စက်တင်ဘာလအတွင်းက ရီယာ့ဒ်မြို့ရှိ King Fahd အားကစားကွင်းမှာ ပြုလုပ်ခဲ့တဲ့ National Day အခမ်းအနားကို အမျိုးသမီးများအား ပထမဆုံးအကြိမ် ပါဝင်တက်ရောက်ခွင့်ပြုခဲ့ရာ ဆော်ဒီ ရှေးရိုးစွဲတွေက ဆိုရှယ်မီဒီယာမှာ အစိုးရကို ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ကြောင်း သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က