အိမ်မွေးခွေးအကောင်ရေ တစ်ထောင်ဝန်းကျင်နဲ့ ၎င်းတို့ရဲ့ပိုင်ရှင်များ ပါဝင်ခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံမှာ အိမ်မွေးခွေးအကောင်ရေ တစ်ထောင်ဝန်းကျင်နဲ့ ၎င်းတို့ရဲ့ ပိုင်ရှင်တွေက ပါလီမန်အဆောက်အအုံသို့ ချီတက်ခဲ့ကြပြီး ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်မယ့် Brexit အစီအစဉ်ကို ဒုတိယအကြိမ် လူထုဆန္ဒခံယူပြီး အဆုံးသတ်ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။



Photo: Reuters



ယမန်နေ့ (အောက်တိုဘာ ၇ ရက်) က ပြုလုပ်ခဲ့တဲ့ ခွေးတွေနဲ့ ခွေးပိုင်ရှင်များ လွှတ်တော်သို့ ချီတက်ဆန္ဒပြပွဲကို "Wooferendum" လို့ စီစဉ်သူတွေက သတ်မှတ်ခေါ်ဝေါ်ကြကြောင်း သိရပါတယ်။

ဥရောပသမဂ္ဂ (European Union - EU) အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ဗြိတိန်နုတ်ထွက်ပါက တိရစ္ဆာန်ဆေးကု ဆရာဝန်များ လျော့နည်းသွားမှုနဲ့ အိမ်မွေးတိရစ္ဆာန် အစားအစားဈေးနှုန်း မြင့်တက်မှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်း စုရုံးချီတက်ပွဲကို စီစဉ်သူတွေက ပြောကြပါတယ်။

Photo: Reuters



ယမန်နေ့ လန်ဒန်မြို့လယ်ကိုဖြတ်ပြီး ပါလီမန်ရင်ပြင်ကို စုရုံးချီတက်ကြရာမှာ အင်္ဂလိပ်နဲ့ပြင်သစ်မျိုးရင်း ခွေးဘီးလူးများလည်း ပါဝင်ခဲ့ပါတယ်။ စုရုံးချီတက်ပွဲမှာ ပါဝင်ခဲ့တဲ့ Schnauzer အမျိုးအစား ခဲရောင် ခွေးတစ်ကောင်မှာတော့ "Brexit's Barking Mad" လို့ ရေးသားထားတဲ့ စာတန်းကိုချိတ်ဆွဲထားခဲ့ပါတယ်။

Photo: Reuters



ချီတက်ပွဲလမ်းတစ်လျှောက်မှာ ခွေးများ အပေါ့အလေးသွားရန် နေရာများ သတ်မှတ်ထားခဲ့ပြီး ထိုနေရာများမှာ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေး Brexit ကို အားပေးထောက်ခံကြတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်နဲ့ ဗြိတိန်လွတ်လပ်ရေးပါတီခေါင်းဆောင်ဟောင်း နီဂဲလ်ဖာရေ့ဂျ်တို့ရဲ့ ရုပ်ပုံတွေကိုထားရှိခဲ့ပါတယ်။

Photo: Reuters



စုရုံးချီတက်ပွဲမှာ ပါဝင်ကြတဲ့ ခွေးတွေကို ဘောရစ်ဂျွန်ဆင်နဲ့ နီဂဲလ်တို့ရဲ့ ရုပ်ပုံတွေပေါ်မှာ အပေါ့အလေး သွားခိုင်းခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေး နောက်တစ်ကြိမ် လူထုဆန္ဒခံယူပွဲပြုလုပ်ရန် တောင်းဆိုခဲ့ကြပေမဲ့ အစိုးရက ငြင်းပယ်ထားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က