လူပေါင်းထောင်နဲ့ချီပြီး ပျောက်ဆုံးနေဆဲဖြစ်ပြီး သေဆုံးသူအရေအတွက် မြင့်တက်လာအုံးမယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းပေါ်ရှိ ပါလူမြို့မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ကြီးလှုပ်ခတ်ပြီး ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၂,၀၀၀ နီးပါးအထိ မြင့်တက်လာကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ယနေ့ (အောက်တိုဘာ ၈ ရက်) ပြောပါတယ်။

Photo: CNA

ဒါ့အပြင် လူပေါင်းထောင်နဲ့ချီပြီး ပျောက်ဆုံးနေဆဲဖြစ်ရာ ငလျင်နဲ့ဆူနာမီကြောင့် သေဆုံးသူအရေအတွက် ဆက်လက် မြင့်တက်လာအုံးမယ်လို့ ၎င်းကဆိုပါတယ်။ ဆူလာဝေစီကျွန်း ကမ်းရိုးတန်းရှိ ပါလူမြို့နဲ့ မိုင် ၅၀ ခန့်အကွာကို ဗဟိုပြုပြီး စက်တင်ဘာ ၂၈ ရက်နေ့က ရစ်(ခ်)တာစကေး ၇.၅ အဆင့် အင်အားပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့ပါတယ်။ အဆိုပါငလျင်ကြီး လှုပ်ခတ်ပြီးနောက် ပါလူမြို့ကို ဆူနာမီရေလှိုင်းများ တက်ရောက်လာခဲ့ပါတယ်။



Photo: AFP

ငလျင်နဲ့ဆူနာမီကြောင့် ပါလူမြို့မှာ သေဆုံးဒဏ်ရာရမှုနဲ့ အဆောက်အအုံပျက်စီးမှု များပြားစွာဖြစ်ခဲ့ပါတယ်။ ငလျင်နဲ့ဆူနာမီကြောင့် ပါလူမြို့စွန် နေရာဒေသတစ်ခုလုံး ပျက်စီးသွားခဲ့ပြီး သေဆုံးသူအရေအတွက် ၁,၉၄၄ အထိ ရှိလာကြောင်း စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် M Thohir က ပြောပါတယ်။ "ဒီအရေအတွက်က မြင့်တက်လာအုံးမယ် ထင်ပါတယ်၊ ကျွန်တော်တို့ဆီကို အလောင်းရှာဖွေရေးလုပ်ငန်း ရပ်ဆိုင်းဖို့ညွှန်ကြားချက် မပေးထားသေးဘူးလေ" လို့ Thohir က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

Photo: CNA



ပါလူမြို့မှာ ငလျင်နဲ့ဆူနာမီ ဖြစ်ပွားခဲ့ပြီးနောက် လူဦးရေ ၅,၀၀၀ အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်းလည်း အာဏာပိုင်တွေက ပြောထားပါတယ်။ ထိုအခြေအနေအရ စက်တင်ဘာ ၂၈ ရက် ငလျင်နဲ့ဆူနာမီကြောင့် သေဆုံးသူအရေအတွက်ဟာ ဆက်လက် မြင့်တက်လာမှာဖြစ်ပါတယ်။

Photo: AFP

ယခုအချိန်မှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေတွေ့ရှိရန် ဖြစ်နိုင်ခြေ အလွန်နည်းသွားပြီဖြစ်ကာ အပျက်အစီးများ စုဆောင်းရှင်းလင်းမှုနဲ့ အလောင်းများရှာဖွေမှုကို အဓိက လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဘေးအန္တရာယ်ဆိုင်ရာ ဌာနက ပျောက်ဆုံးနေသူကို ရှာဖွေရေးလုပ်ငန်းအား အောက်တိုဘာ ၁၁ ရက်မတိုင်မီအထိ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Photo: AFP

ထိုနေ့အရောက်မှာတော့ ရှာဖွေမတွေ့သူတွေကို ပျောက်ဆုံးစာရင်းသွင်းပြီး သေဆုံးခဲ့ပြီလို့ သတ်မှတ်ယူဆသွားမှာ ဖြစ်ပါတယ်။ ငလျင်နဲ့ဆူနာမီဒဏ်ကို ပါလူမြို့မှာ အဓိက ခံစားခဲ့ရပြီး အနီးအနားရှိ ဒေါင်ဂါလာမြို့မှာလည်း လူသေဆုံးမှုနဲ့ အဆောက်အအုံပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က