နာမည်ကြီး တရုတ်မင်းသမီး ဖန်ဘင်းဘင်း အခွန်တိမ်းရှောင်မှုနဲ့ ပတ်သက်ပြီး Wuxi အခွန်ဌာနမှ တာဝန်ရှိသူတွေကို စီမံခန့်ခွဲမှုညံ့ဖျင်းမှုအတွက် အပြစ်ပေး အရေးယူလိုက်ကြောင်း တရုတ်အစိုးရ သတင်းဌာနက ယနေ့ (အောက်တိုဘာ ၈ ရက်) ပြောပါတယ်။
အခွန်တိမ်းရှောင်မှုကြောင့် ဒေါ်လာ ၁၂၉ သန်း ပေးဆောင်ရတဲ့ ဖန်ဘင်းဘင်း (Photo: AFP)
သက်ဆိုင်ရာ အခွန်ဌာနမှ လူငါးဦးထက်မနည်းကို အရေးယူခဲ့ကြောင်းနဲ့ မင်းသမီးဖန်ဘင်းဘင်းရဲ့ ကုမ္ပဏီအခြေစိုက်ရာ Wuxi မြို့ အခွန်ဌာနအကြီးအကဲလည်း ပါဝင်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။
ဖန်ဘင်းဘင်း အခွန်တိမ်းရှောင်မှုနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲမှုညံ့ဖျင်းသူတွေကို အရေးယူရန် ကျီအန်စုပြည်နယ်ဆိုင်ရာ အခွန်ဌာနထံ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။
အရေးယူခံရတဲ့သူတွေအပြင် အခြား အခွန်ဌာနမှ ဝန်ထမ်းတွေကိုလည်း ၎င်းတို့ရဲ့ အားနည်းချက်တွေနဲ့ပတ်သက်ပြီး နှုတ်အားဖြင့် သတိပေးမှုတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။ ဆင်ဟွာသတင်းရဲ့ အဆိုအရ တရုတ်အစိုးရက ရုပ်ရှင်နဲ့ တီဗီလုပ်ငန်းတွေမှာ အခွန်ပေးဆောင်မှုများအပေါ် စိစစ်ကြပ်မတ်မှုလည်း လုပ်ဆောင်ခဲ့ပါတယ်။
ဒါ့အပြင် အခွန်ဥပဒေချိုးဖောက်တွေနဲ့ အခွန်ဌာနဝန်ထမ်းများ တာဝန်ပျက်ကွက်မှုတွေကိုလည်း ပစ်မှတ်ထား စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရပါတယ်။
Photo: Variety
မင်းသမီးဖန်ဘင်းဘင်းဟာ အနုပညာလုပ်ငန်းများ လုပ်ဆောင်ရာမှာ အမှန်တစ်ကယ်ဝင်ငွေနဲ့ လိမ်လည်ဖော်ပြထားတဲ့ဝင်ငွေ နှစ်မျိုးဖြင့် စာချုပ်နှစ်မျိုးချုပ်ဆို လုပ်ဆောင်နေကြတဲ့ 'yin-yang' ရုပ်ရှင်စာချုပ်နှစ်ခု ချုပ်ဆိုခဲ့ကြောင်း စွပ်စွဲခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ မင်းသမီးဖန်ဘင်းဘင်းကို အခွန်ဌာနက တိမ်းရှောင်ခဲ့တဲ့ အခွန်ငွေများ၊ အခွန်ငွေပေးသွင်းမှုနောက်ကျကြေးများနဲ့ အခွန်တိမ်းရှောင်မှုအတွက် ဒဏ်ကြေးများအပါအဝင် စုစုပေါင်း တရုတ်ယွမ်ငွေ ၈၈၄ သန်း (အမေရိကန်ဒေါ်လာ ၁၂၉ သန်း) ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ပါတယ်။
အဆိုပါ ငွေပမာဏကို အချိန်မီ ပေးဆောင်ပါက ထောင်ဒဏ်ကျခံရခြင်းမှ ရှောင်လွှဲနိုင်မယ်လို့လည်း အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
Photo: Blasting News
အသက် ၃၇ နှစ်အရွယ် မင်းသမီး၊ မော်ဒယ်နဲ့ ထုတ်လုပ်သူလည်းဖြစ်တဲ့ ဖန်ဘင်းဘင်းဟာ တရုတ်နိုင်ငံမှာ အလွန်နာမည်ကြီးရုံမက အမေရိကန် ဟောလိဝုဒ်ရုပ်ရှင်နယ်ပယ်မှာလည်း အောင်မြင်သူတစ်ဦး ဖြစ်ပါတယ်။ သူမဟာ ဟောလိဝုဒ်မှ X-Men နဲ့ Iron Man ကဲ့သို့ ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
ယမန်နှစ်က Forbes မဂ္ဂဇင်းရဲ့ ဝင်ငွေအကောင်းဆုံး အောင်မြင်ကျော်ကြားတဲ့ တရုတ်အနုပညာရှင်စာရင်းမှာလည်း မင်းသမီးဖန်ဘင်းဘင်းက ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၃ သန်း (ယွမ်ငွေ သန်း ၃၀၀ ဝန်းကျင်) ဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း သိရပါတယ်။