• International News
    ဂျားဗားနဲ့ ဘာလီကျွန်းတွေမှာ ငလျင်လှုပ်မှုကြောင့် လူသုံးဦးထက်မနည်း သေဆုံး
Ko John

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းနဲ့ ဘာလီကျွန်းကမ်းလွန်မှာ ယနေ့ (အောက်တိုဘာ ၁၁ ရက်) မနက်အစောပိုင်းက ရစ်(ခ်)တာစကေး ၆.၀ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုအတွင်း လူသုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

indo-quake-oct-11---1.jpg

Photo: AFP



ငလျင်လှုပ်မှုအတွင်း သေဆုံးခဲ့သူတွေဟာ အရှေ့ဂျာဗားရှိ Sumenep ဒေသမှဖြစ်ပြီး အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပွာဝို နူဂရိုဟိုက ပြောခဲ့ပါတယ်။

"ငလျင်က ဒီနေ့မနက်အစောကြီး သူတို့အိပ်ပျော်နေချိန်မှာ လှုပ်ခတ်ခဲ့တာဆိုတော့ သူတို့ ရွှေ့ပြောင်းချိန်မရလိုက်ပါဘူး" လို့ နူဂရိုဂိုက ရှင်းပြပါတယ်။ ယခုငလျင်ကြောင့် ပျက်စီးမှုအများအပြား မဖြစ်ခဲ့ဘူးလို့လည်း ၎င်းကဆိုပါတယ်။

2018-10-11_162856.jpg

Map: OpenStreetMap



ငလျင်လှုပ်ပြီနောက် ဆူနာမီရေလှိုင်းလည်း တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရပါတယ်။ ငလျင်ဗဟိုပြုလှုပ်ခတ်တဲ့နေရာဟာ ဂျာဗားကျွန်းအရှေ့ဘက်စွန်း ကမ်းရိုးတန်းမှ ၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်မှာဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒဆိုင်ရာဝက်ဘ်ဆိုက် USGS က ဖော်ပြထားပါတယ်။

ငလျင်လှုပ်မှုကို အားလပ်ရက်အပန်းဖြေသူတွေ လာရောက်လည်ပတ်ကြတဲ့ ဘာလီကျွန်းပေါ်ရှိ Denpasar မြို့မှာလည်း ခံစားသိရှိရတယ်လို့ ဆိုပါတယ်။ ငလျင်ဟာ ပင်လယ်ကြမ်းပြင်အောက် ၆ မိုင်ကျော်မှာ လှုပ်ခတ်သွားခဲ့ကြောင်းလည်း USGS က ပြောထားပါတယ်။

indo-quake-oct-11---3.jpg

Photo: AFP



အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းနဲ့ ဘာလီကျွန်းမှာ ငလျင်လှုပ်ပြီးနောက် နှစ်နာရီမပြည့်မီမှာပင် ပါပူးအာနယူးဂီနီနိုင်ငံမှာလည်း ရစ်(ခ်)တာစကေး ၇.၀ ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပါသေးတယ်။

ပါပူးအာနယူးဂီနီမှာ ငလျင်လှုပ်ပြီးနောက် ဆူနာမီရေလှိုင်းသတိပေးချက်ကို နာရီအနည်းငယ်ကြာ ထုတ်ပြန်ထားခဲ့ပြီး နောက်ပိုင်းမှာတော့ ပြန်ရုပ်သိမ်းခဲ့ကြောင်း သိရပါတယ်။

indo-quake-oct-11---2.jpg

Photo: AFP



အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ဆူလာဝေစီကျွန်းရှိ ပါလူမြို့မှာ ရစ်(ခ်)တာစကေး ၇.၅ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ပြီး ၅ ပေမှ ပေ ၂၀ အထိမြင့်တဲ့ ဆူနာမီရေလှိုင်း တက်ရောက်ခဲ့မှုကြောင့် လူ ၂,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း အတည်ပြုထားပြီး အခြား လူ ၅,၀၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us