ကားတာယာအဟောင်းတွေ၊ ပလပ်စတစ်ဘူးတွေနဲ့ ဖိနပ်အဟောင်းတွေသုံးပြီး ဆောက်လုပ်ထားတဲ့ အဆောက်အအုံတစ်ခုထဲမှာ ကမ္ဘောဒီးယားကလေးငယ် ရိုအန်ဘန်သွန်တစ်ယောက် အင်္ဂလိပ်သင်ခန်းစာ သင်ကြားနေပါတယ်။
Photo: CNA
ဒီကျောင်းမှာ အမှိုက်တွေကောက်လာပေးပြီးတော့ ဘွန်သွန်တို့လို ကလေးတွေဟာ ကွန်ပျူတာ၊ သင်္ချာနဲ့ ဘာသာစကား သင်ခန်းစာတွေကို သင်ကြားနိုင်ပါတယ်။
ဘန်သွန်ဟာ အရင်တုန်းက လမ်းတကာလှည့်ပြီး တောင်းရမ်းစားသောက်တဲ့ကလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ အမှိုက်စာသင်ကျောင်းမှာ ပညာသင်ကြားတဲ့ ကလေးတွေကို အမှိုက်သရိုက်လျှော့ချမှုရဲ့ အကျိုးကျေးဇူးကိုလည်း ဗဟုသုတအဖြစ် ပြောပြလေ့ရှိပါတယ်။
Photo: AFP
အဆောက်အအုံ တစ်ခုလုံးနီးပါးကို ပြန်လည်ပြုပြင်ထားတဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ ဆောက်လုပ်ထားတဲ့ စာသင်ကျောင်းလေးကို Coconut School လို့ အမည်ပေးထားပြီး ယခင်က ဟိုတယ်မန်နေဂျာဖြစ်ခဲ့သူ အွတ်ခ်ဗန်ဒေး (နာမည်ပြောင် အမှိုက်သမား) ရဲ့ စိတ်ကူးဖြင့် အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။
Photo: AFP
ဒီစာသင်ကျောင်းလေးရဲ့ နံရံတွေကို အရောင်စုံခြယ်ထားတဲ့ ကားတာယာတွေနဲ့ တည်ဆောက်ထားပြီး အဝင်ပေါက်နေရာမှာတော့ ရောင်စုံပုလင်းအဖုံးတွေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ ကမ္ဘောဒီးယားအလံကို တွေ့မြင်နိုင်မှာပါ။
Photo: CNA
ဗန်ဒေးရဲ့ အမှိုက်စာသင်ကျောင်းကို ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင်မြို့အနောက်ဘက် ၇၁ မိုင်ကျော်အကွာမှာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲက စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဗန်ဒေးက ဒီလိုစာသင်ကျောင်းကို ဆင်းရဲနွမ်းပါးပြီး စိုက်ပျိုးရေလုပ်ငန်း အဓိကလုပ်ကိုင်ကြတဲ့ Kampong Speu ဒေသမှာ တိုးချဲ့ဖွင့်လှစ်သွားရန် စီစဉ်ထားပါတယ်။
Photo:AFP
"ဒီကလေးတွေက တစ်ချိန်မှာ အမှိုက်သရိုက်တွေကို ပြန်လည်ပြုပြင်သုံးစွဲမှုကို နားလည်သဘောပေါက်တဲ့ တက်ကြွလှုပ်ရှားသူအသစ်တွေ ဖြစ်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" လို့ ဗန်ဒေးက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။
Photo: AFP
ဆက်လက်ပြီး ဖနွမ်းပင်မြို့နဲ့ ၇၁ မိုင်ကျော်အကွာရှိ ပန်းခြံတစ်ခုထဲမှာ ဒုတိယမြောက် အမှိုက်စာသင်ကျောင်းကို ဖွင့်နိုင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ယမန်နှစ်အတွင်းက အမှိုက်တန်ချိန် ၃.၆ သန်း ထွက်ရှိခဲ့ပြီး ဒီအမှိုက်တွေရဲ့ ၁၁ ရာခိုင်နှုန်းကိုသာ ပြန်လည်ပြုပြင်သုံးစွဲမှုရှိခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ပြောပါတယ်။