ဘတ်စ်ကားပေါ်မှာ ကျောင်းသူကျောင်းသား ၃၇ ဦးနဲ့ ရေပူစမ်းမှာ ဝန်ထမ်းခုနစ်ဦး လိုက်ပါလာခဲ့ပါတယ်။

ဂျော်ဒန်နိုင်ငံ ပင်လယ်သေအနီးမှာ ရုတ်တရက် ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့သူအများစုဟာ ကျောင်းသူကျောင်းသားများ ဖြစ်ကြပြီး ရေကြီးမှုအတွင်း ၎င်းတို့ စီးနင်းလိုက်ပါလာတဲ့ ဘတ်စ်ကားမျောပါသွားခဲ့မှုကြောင့် ဖြစ်ပါတယ်။



Photo: Reuters



ရေကြီးမှုအတွင်း မျောပါသွားခဲ့တဲ့ ဘတ်စ်ကားပေါ်မှာ ကျောင်းသူကျောင်းသား ၃၇ ဦးနဲ့ Zara Maeen ရေပူစမ်းမှာ ဝန်ထမ်းခုနစ်ဦး ပါဝင်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ရုတ်တရက် ရေကြီးမှုဖြစ်ပြီးနောက် ရှာဖွေကယ်ဆယ်ရေး အကြီးအကျယ် လုပ်ဆောင်နေပြီး အစ္စရေးနိုင်ငံကလည်း ဂျော်ဒန်ရဲ့အကူအညီတောင်းမှုအရ ရဟတ်ယာဉ်များ စေလွှတ်ထားကြောင်း သိရပါတယ်။

Photo: Reuters



ရေကြီးမှုဖြစ်ပွားခဲ့တဲ့ ဒေသမှ လူ ၃၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း Reutes သတင်းက ပြောပါတယ်။ ကယ်ဆယ်နိုင်ခဲ့သူတွေအနက် အချို့ဟာ ဒဏ်ရာပြင်းထန်တဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးဒဏ်ရာရသူတွေအနက် အများစုဟာ Zara Maeen ရေပူစမ်းဒေသို အပျော်ခရီးထွက်လာတဲ့ မိသားစုဝင်တွေ ဖြစ်ပါတယ်။

Photo: BtNewsOnline



ပင်လယ်သေဒေသဟာ ကမ္ဘာပေါ်မှာ အနိမ့်ဆုံးအပိုင်းဖြစ်ပြီး လာရောက်လည်ပတ်ကြသူတွေ များပြားပါတယ်။ ယခု ရေကြီးမှုဖြစ်ခဲ့တဲ့ ဒေသမှာ လတ်တလော ရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်းလည်း သိရပါတယ်။

ဂျော်ဒန်မြို့တော် အမ္မန်မြို့မှာ လမ်းမအချို့ ရေလွှမ်းနေပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဂျော်ဒန်ရဲ့ အချို့နေရာဒေသတွေမှာလည်း ကြီးမားတဲ့ မိုးသီးများ ကြွေကျခဲ့မှုတွေ ဖြစ်ခဲ့ပါတယ်။

Photo: Reuters



ရုတ်တရက် ရေကြီးမှုအတွင်း မျောပါသွားခဲ့တဲ့ ဘတ်စ်ကားပေါ်မှ ကျောင်းသူကျောင်းသားတွေဟာ ပုဂ္ဂလိကကျောင်းတစ်ခုမှ ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြောင်း Jordan Times သတင်းက ဖော်ပြပါတယ်။

သို့သော် ရေကြီးမှုအတွင်း သေဆုံးခဲ့သူတွေရဲ့ အချက်အလက် အသေးစိတ်ကိုတော့ အစိုးရက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ အမည်မဖော်ပြတဲ့ အစိုးရတာဝန်ရှိသူတစ်ဦက ယခုကဲ့သို့ ရာသီဥတုဆိုးရွားကြောင်း သတိပေးမှုတွေ ရှိနေသည့်တိုင် စာသင်ကျောင်းက အပျော်ခရီးထွက်ရန် စီစဉ်ခဲ့ခြင်းကို အံ့အားသင့်မိကြောင်း ပြောခဲ့ပါတယ်။

Map: BBC



ယခု ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြောင့် လူသေဆုံးရမှုဟာ ယခုနှစ်အတွင်း ပင်လယ်သေအနီး ဒုတိယမြောက် ကံဆိုးမိုးမှောင်ကျတဲ့ ဖြစ်ရပ်ဆိုးတစ်ခုလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း အစ္စရေးနိုင်ငံတောင်ပိုင်း ပင်လယ်သေအနီး Nahal Tzafit တောင်ကြားလမ်းနေရာမှာ ရုတ်တရက် ရေကြီးမှုကြောင့် ဆယ်ကျော်သက် ၉ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၁၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။

Source: Al Jazeera, BBC


ဆက်စပ်အကြောင်းအရာများ



က္က