လန်ဒန်မြို့ စီးပွားရေးအချက်အချာနေရာရှိ မိုးမျှော်တိုက်ကို တွယ်တက်ခဲ့ပါတယ်။

ပြင်သစ်စပိုက်ဒါမန်းလို့ လူသိများကျော်ကြားတဲ့ အလိန်းရောဘတ်က လန်ဒန်မြို့ စီးပွားရေးအချက်အချာ နေရာရှိ အထပ် ၄၆ ထပ်ပါ ဟီရွန်တာဝါ (Heron Tower) မိုးမျှော်တိုက်အဆောက်အအုံကို ယမန်နေ့ (အောက်တိုဘာ ၂၅ ရက်) မှာ လက်ဗလာဖြင့် တွယ်တက်ခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။



Photo: Reuters



အသက် ၅၆ နှစ်အရွယ် အလိန်းရောဘတ် တွယ်တက်ခဲ့တဲ့ မိုးမျှော်တိုက်ဟာ အမြင့် ၇၅၅ ပေနီးပါးရှိပြီး အဆိုပါနေရာတဝိုက်မှာ အမြင့်ဆုံး အဆောက်အအုံလည်း ဖြစ်ပါတယ်။

ပြင်သစ်စပိုက်ဒါမန်း ရောဘတ်က ဟီရွန်တာဝါကို ကြိုးများ သို့မဟုတ် လုံခြုံရေးအကူကိရိယာမပါဘဲ တွယ်တက်ခဲ့ရာ အောက်ဘက်ရှိ လမ်းမပေါ်မှ ဖြတ်သန်းသွားလာနေသူတွေက စုရုံးကြည့်ရှုခဲ့ကြပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲတယ်လို့ ဆိုပါတယ်။

Photo: Reuters



"ကျွန်တော် ရူးသွပ်နေသူမဟုတ်ပါဘူး၊ ကျွန်တော့်လုပ်ရပ်က ရူးသွပ်နေပုံရပေမဲ့ ကျွန်တော် မရူးပါဘူး၊ ဒါက ကျွန်တော် လုပ်ချင်တဲ့အရာပါ" လို့ ရောဘတ်က မိုးမျှော်တိုက်ကို တွယ်မတက်မီ Sky News ကို ပြောခဲ့ပါတယ်။ ရောဘတ်ကို အများပြည်သူ အနှောင့်အယှက်ဖြစ်စေမှုအတွက် ဖမ်းဆီးခဲ့ပြီး မွန်းလွဲပိုင်းအထိ ထိန်းသိမ်းထားခဲ့ကြောင်း လန်ဒန်ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။

Photo: Sky News



"တောင်တွေ၊ ချောက်ကမ်းပါးတွေနဲ့ အခု အဆောက်အအုံတွေကို လုံခြုံရေးအကူ ကိရိယာတွေမပါဘဲ တက်ဖို့အတွက် ကျွန်တော့်တစ်ဘဝလုံးကို မြှုပ်နှံထားတာပါ" လို့လည်း ရောဘတ်ကဆိုပါတယ်။ ရောဘတ်ဟာ လန်ဒန်မြို့မှ အထပ်မြင့် အဆောက်အအုံအချို့ အပါအဝင် ကမ္ဘာတစ်ဝှမ်းမှ အဆောက်အအုံ ၁၀၀ ကျော်ကို တွယ်တက်ခဲ့ဖူးပါတယ်။

Photo: Reuters



၎င်းဟာ အကူအညီမပါဘဲ လက်ဗလာဖြင့် အဆောက်အအုံအများဆုံး တွယ်တက်သူအဖြစ်လည်း ဂင်းနစ်ကမ္ဘာ့စံချိန်တင်ထားပါတယ်။ ယခုနှစ်အစောပိုင်းမှာ ရောဘတ်က ကမ္ဘာ့ပဉ္စမမြောက် အမြင့်ဆုံးဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ၁၂၃ ထပ်ပါ မိုးမျှော်တိုက်ကို တွယ်တက်ခဲ့ရာ ခရီးတစ်ဝက်အရောက် အဆောက်အအုံ လုံခြုံရေးတွေနဲ့ ထိပ်တိုက်တွေ့ကာ တားမြစ်ခံခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က