ဝေလငါးရဲ့အစာအိမ်အတွင်း ဖိနပ်တွေနဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်း အရေအတွက် ၁,၀၀၀ ကျော်ကို တွေ့ခဲ့ရပါတယ်။

အင်ဒိုနီးရှား အမျိုးသားဥယျာဉ်တစ်ခုမှာ သောင်တင်သေဆုံးနေတဲ့ ဝေလငါးတစ်ကောင်ရဲ့ အစာအိမ်အတွင်း ပလပ်စတစ် စွန့်ပစ်ပစ္စည်းပမာဏ ၁၃ ပေါင်အထိ တွေ့ရှိရကြောင်း အမျိုးသားဥယျာဉ် တာဝန်ရှိသူတွေက နိုဝင်ဘာ ၂၀ ရက်မှာ ပြောပါတယ်။





အဆိုပါ သေဆုံးနေတဲ့ ဝေလငါး (sperm whale) ရဲ့ အစာအိမ်အတွင်းမှ ပလတ်စတစ်ခွက် ၁၁၅ ခွက်၊ ပလတ်စတစ်ပုလင်း ၄ လုံး၊ ပလတ်စတစ်အိတ် ၂၅ လုံးနဲ့ ရာဘာဖိနပ် ၂ ရံ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ၃၁ ပေရှည်တဲ့ ဝေလငါးကို ဆူလာဝေစီကျွန်း အရှေ့တောင်ဘက် Wakatobi အမျိုးသားဥယျာဉ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ Kapota ကျွန်းအနီး ရေစပ်မှာတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


Wakatobi အမျိုးသားဥယျာဉ်ဟာ ကျယ်ပြန့်တဲ့ သန္တာကျောက်တန်းနေရာနဲ့ ငါးလိပ်ကျောက်များနဲ့ ဝေလငါးများ အပါအဝင် ရေနေသတ္တဝါတွေ နေထိုင်ကျက်စားကြတာကြောင့် ရေငုပ်သူတွေကြား ထင်ရှားပါတယ်။

ဝေလငါးကြီး သေဆုံးရမှုအကြောင်းရင်းကို အတိအကျ မသိနိုင်သေးပေမဲ့ အမျိုးသားဥယျာဉ် တာဝန်ရှိသူတွေက ဝေလငါးရဲ့အစာအိမ်အတွင်း ဖိနပ်တွေနဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်း အရေအတွက် ၁,၀၀၀ ကျော်ကို တွေ့ရှိခဲ့ရပါတယ်။

ယခုနှစ် ဇွန်အတွင်းမှာလည်း ထိုင်းနိုင်ငံမှာ သောင်တင်သေဆုံးခဲ့တဲ့ လမ်းပြဝေလငါး (pilot whale) တစ်ကောင်ရဲ့ အစာအိမ်အတွင်းမှ ပလတ်စတစ် စွန့်ပစ်ပစ္စည်း ၈၀ ကျော်ကို တွေ့ခဲ့ရပြီး ဒေသခံမီဒီယာတွေမှာ ခေါင်းစီးသတင်းအဖြစ် ရေးသားဖော်ပြခဲ့ကြဖူးပါတယ်။



အာရှဒေသမှ နိုင်ငံငါးခုဖြစ်တဲ့ တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့ဟာ ပင်လယ်သမုဒ္ဒရာအတွင်းသို့ ပလတ်စတစ် စွန့်ပစ်ပစ္စည်း ၆၀ ရာခိုင်နှုန်းအထိ စွန့်ပစ်နေနေကြတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဆောင်နေတဲ့ Ocean Conservancy and the McKinsey Center for Business and Environment အဖွဲ့ရဲ့ ၂၀၁၅ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


အဆိုပါ အစီရင်ခံစာအရ အင်ဒိုနီးရှားဟာ ကမ်းရိုးတန်းအနီး နေထိုင်ကြသူတွေထံမှ ပလတ်စတစ်အမှိုက်တွေကို စည်းကမ်းမဲ့စွန့်ပစ်မှုမှာ နိုင်ငံပေါင်း ၁၉၂ နိုင်ငံအနက် တရုတ်နိုင်ငံရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။

 အင်ဒိုနီးရှား အာဏာပိုင်တွေက ၂၀၂၅ ခုနှစ်မှာ ပလတ်စတစ်အမှိုက်တွေကို ပင်လယ်ပြင်အတွင်းစွန့်ပစ်နေမှု ၇၀ ရာခိုင်နှုန်းသို့ လျှော့ချသွားရန်အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ သုံးစွဲမယ်လို့ ကတိပြုပြောကြားထားကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က