ခရီးသည်တင်ဘတ်စ်ကားတစ်စီးဟာ လမ်းချော်သွားခဲ့ပြီးနောက် တူးမြောင်းထဲကို ထိုးကျသွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ တူးမြောင်းတစ်ခုထဲကို ဘတ်စ်ကားတစ်စီး ထိုးကျသွားမှုအတွင်း ကလေးငယ်အများအပြား အပါအဝင် လူ ၂၈ ဦး ရေနစ်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ နိုဝင်ဘာ ၂၄ ရက်နေ့က အိန္ဒိယတောင်ပိုင်း Karnataka ပြည်နယ် Mandya ဒေသမှာ ခရီးသည်တင်ဘတ်စ်ကားတစ်စီးဟာ လမ်းချော်သွားခဲ့ပြီးနောက် တူးမြောင်းထဲကို ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။





တူးမြောင်းထဲကျသွားတဲ့ ဘတ်စ်ကားမှ အလောင်း ၂၈ လောင်းကို ပြန်လည်ဆယ်ယူခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ အခင်းဖြစ်နေရာမှာ ရှိနေခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက  AFP သတင်းဌာနကို ပြောကြားမှုအရ သေဆုံးသူတွေအနက် အများအပြားဟာ ကျောင်းမှပြန်လာတဲ့ ကလေးငယ်တွေဖြစ်တယ်လို့ သိရပါတယ်။

"သေဆုံးသွားာတဲ့ ၂၈ ယောက်မှာ ကလေးတွေအများအပြားပါတယ်" လို့ ၎င်းက AFP ကို ဖုန်းဖြင့်ပြောကြားခဲ့ပါတယ်။ ဘတ်စ်ကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်အရေအတွက် အတိအကျနဲ့ မတော်တဆမှု ဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောခြင်း မရှိသေးပါဘူး။



သို့သော် ဘတ်စ်ကားမောင်းသူက အရှိန်မြှင့်မောင်းနှင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။ ဒေသခံမီဒီယာတွေကတော့ ဘတ်စ်ကားပေါ်မှာ လူ ၃၅ ဦးပါရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ပြသခဲ့မှုအရ ဒေသခံတွေက တူးမြောင်းထဲမှာ နစ်မြုပ်နေတဲ့ ဘတ်စ်ကားဆီသို့ ကြိုးများသုံးပြီး သွားရောက်ခဲ့ကာ အလောင်းတွေကို ဆွဲထုတ်ဆယ်ယူခဲ့တာ တွေ့ရပါတယ်။  အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ ရေငုပ်သမားတွေကလည်း ဒေသခံတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။



NDTV ရုပ်မြင်သံကြားသတင်းရဲ့ အဆိုအရ ဘတ်စ်ကားဟာ တူးမြောင်းထဲကျသွားပြီးနောက် ထွက်ပေါက်တံခါးနေရာနဲ့ ရေအောက်ကြမ်းပြင်ထိနေခဲ့ရာ သေဆုံးသူတွေဟာ ဘတ်စ်ကားထဲကနေ အပြင်ကိုမထွက်နိုင်ဘဲ ပိတ်မိခဲ့ကြကြောင်း သိရပါတယ်။

Karnataka ပြည်နယ်ဝန်ကြီးချုပ် H D Kumaraswamy က သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေကို ကူညီသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ အိန္ဒိယမှာ လမ်းမပေါ် ယာဉ်မတော်တဆမှုတွေကြောင့် တစ်နှစ်လျှင် လူဦးရေ ၁၅၀,၀၀၀ ကျော် သေဆုံးနေကြောင်းလည် သိရပါတယ်။



မတော်တဆမှု အများစုဟာ လမ်းမကောင်းမှု၊ မော်တော်ယာဉ်များ ပြုပြင်ထိန်းသိမ်းမှုအားနည်းချက်နဲ့ မဆင်မခြင် မောင်းနှင်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း Karnatka နဲ့ အိမ်နီးချင်းပြည်နယ် Telangana မှာ ဘတ်စ်ကားတစ်စီး လျှိုမြောင်ထဲကို ထိုးကျခဲ့မှုကြောင့် လူ ၅၀ ခန့် သေဆုံးခဲ့ဖူးပါတယ်။

ဒါ့အပြင် ယခုသီတင်းပတ်အတွင်း ကြာသပတေးနေ့ (နိုဝင်ဘာ ၂၂ ရက်) ကလည်း Madhya Pradesh ပြည်နယ်မှာ လိုက်ပါလာတဲ့ ဗင်ကားနဲ့ ဘတ်စ်ကားတစ်စီး တိုက်မိခဲ့ပြီး ဗင်ကားပေါ်မှာ လိုက်ပါလာတဲ့ ကျောင်းသူကျောင်းသား ခြောက်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က