ဝေလငါးများအနက် အကောင်ရေထက်ဝက်ဟာ သေဆုံးနေခဲ့ပြီး ဖြစ်ပါတယ်။

နယူးဇီလန်နိုင်ငံ Stewart ကျွန်း ကမ်းခြေတစ်ခုမှာ လမ်းပြဝေလငါး ၁၄၅ ကောင်အထိ သောင်တင်သေဆုံးခဲ့ကြောင်း သိရပါတယ်။ Mason ပင်လယ်အော်ရဲ့ ကမ်းခြေတစ်လျှောက် ဝေလငါးများ အုပ်စုလိုက် သောင်တင်နေမှုကို စနေနေ့ (နိုဝင်ဘာ ၂၄ ရက်) နှောင်းပိုင်းက အဆိုပါကမ်းခြေမှာ လမ်းလျှောက်သူတွေက စတင်တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။



အဆိုပါ ဝေလငါးများအနက် အကောင်ရေထက်ဝက်ဟာ သေဆုံးနေခဲ့ပြီးဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အခြား အကောင်ရေထက်ဝက်ကို ရေထဲသို့ပြန်တွန်းပို့ခဲ့ကြောင်းနဲ့ ၎င်းတို့ကိုကယ်တင်ရန် အလွန်ခက်ခဲတယ်လို့ ဆိုပါတယ်။

သီးခြားဖြစ်ရပ်များအတွင်း သီတင်းပတ်ကုန်ရက်များမှာလည်း နယူးဇီလန်ကမ်းခြေမှာ ဝေလငါး ၁၀ ကောင် သောင်တင်သေဆုံးခဲ့သေးကြောင်း သိရပါတယ်။ နယူးဇီလန်မှာ ဝေလငါးများ သောင်တင်သေဆုံးမှုတွေ ဖြစ်ပွားလေ့ရှိပြီး တစ်နှစ်လျှင် ထိုသို့ဖြစ်ရပ် ၈၅ ကြိမ်ခန့် တွေ့နေရကြောင်း Department of Conservation (DOC) ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။



ယခုရက်ပိုင်းအတွင်း နယူးဇီလန် တောင်ပိုင်းကျွန်းကမ်းလွန်ရှိ Stewart ကျွန်း ကမ်းခြေမှာ ဝေလငါးအုပ်စုနှစ်ခုကို တစ်ခုနဲ့တစ်ခု တစ်မိုင်ကျော်အကွာမှာ သောင်တင်နေတာ တွေ့ခဲ့ရပါသေးတယ်။  အဆိုပါ အစွန်အဖျားနေရာမှာ သောင်တင်နေတဲ့ ဝေလငါးတွေကို စခန်းချ ခြေလျင်ခရီးထွက်သူတစ်ဦးက စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

"ဒီလို သောင်တင်နေတဲ့ ဝေလငါးတွေကို ရေထဲကို အောင်အောင်မြင်မြင် ပြန်တွန်းပို့ပေးပြီး အသက်ကယ်တင်နိုင်ခြေက အလွန်နည်းပါတယ်" လို့ DOC မှ Ren Leppens က ပြောပါတယ်။



"လူတွေ အခြေချနေထိုင်မရှိတဲ့ ဝေးလံသီခေါင်တဲ့နေရာလည်းဖြစ်၊ သောင်တင်နေတဲ့ ဝေလငါးတွေရဲ့ အခြေအနေကလည်း ဆိုးနေတော့ လူတွေ လုပ်ပေးနိုင်တာက သူတို့ကို ညင်ညင်သာသာ သတ်ပစ်ရတာပါပဲ၊ ဒါက အမြဲလိုလို စိတ်နှလုံးကြွေကွဲစရာ ဆုံးဖြတ်ချက်ချရမှုပါပဲ" လို့ ၎င်းက ဖွင့်ဟခဲ့ပါတယ်။

နယူးဇီလန်မြောက်ပိုင်းကျွန်း ကမ်းခြေမှာလည်း နိုဝင်ဘာ ၂၄ ရက်နေ့က ၄၉ ပေကျော်ရှည်တဲ့ ဝေလငါးတစ်ကောင် သောင်တင်သေဆုံးခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်းကလည်း အကောင်ရေ ၄၀၀ ရှိတဲ့ ဝေလငါးများ နယူးဇီလန် တောင်ပိုင်းကျွန်း အစွန်းအဖျားရှိ Golden Bay ကမ်းခြေမှာ သောင်တင်ခဲ့ပါတယ်။

နယူးဇီလန်မှာ ဝေလငါအများဆုံး သောင်တင်မှုဖြစ်ရပ်မှာ ၁၉၁၈ ခုနှစ်က ခန့်မှန်းခြေ  ဝေလငါးကောင်ရေ ၁,၀၀၀ ဟာ Chatham ကျွန်းစု ကမ်းခြေမှာ သောင်တင်ခဲ့ဖူးခြင်းဖြစ်ကြောင်း CNN သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က