အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂျလာလာဘတ်မြို့ရှိ အကျဥ်းထောင်တစ်ခုကို စီးနင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၂၉ ဦး သေဆုံးပြီး အကျဥ်းသား ၁,၀၀၀ ကျော် ထွက်ပြေးရန်ကြိုးပမ်းခဲ့ကြကြောင်း သိရပါတယ်။
(Photo: Reuters)
တနင်္ဂနွေနေ့ (ဩဂုတ် ၂ ရက်) ညပိုင်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို ၎င်းတို့လုပ်ခဲ့ကြောင်း အိုင်အက်စ်အကြမ်းဖက်အုပ်စု (Islamic State - IS) က ပြောခဲ့ပါတယ်။ အကျဥ်းထောင် ဝင်ပေါက်နေရာမှာ ကားဗုံးဖောက်ခွဲပြီးနောက် သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ နာရီ ၂၀ နီးပါးကြာခဲ့တဲ့ တိုက်ပွဲအတွင်း သေနတ်သမား ၈ ဦး သေဆုံးခဲ့ကြောင်း နန်ဂါဟာပြည်နယ် ပြောခွင့်ရအမျိုးသားက ဆိုပါတယ်။ အကျဥ်းထောင်တိုက်ခိုက်ခံရပြီးနောက် အကျဥ်းသား ၃၀၀ အထိ လွတ်မြောက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
(Photo: AP)
ယခု တိုက်ခိုက်ခံရတဲ့ အကျဥ်းထောင်မှာ အကျဥ်းသား ၁,၇၉၃ ဦးကို ထိန်းသိမ်းထားပြီး အများစုဟာ တာလီဘန်စစ်သွေးကြွတွေနဲ့ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေဖြစ်ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။ တိုက်ခိုက်မှုဟာ ၎င်းတို့သတ်မှတ်ထားတဲ့ အကျဥ်းသားတွေ လွတ်မြောက်ရေးအတွက်ဟုတ် မဟုတ် လတ်တလော မသိရသေးဘူးလို့ ဆိုပါတယ်။
ပြည်နယ်ဆိုင်ရာ ပြောခွင့်ရအမျိုးသားရဲ့ အဆိုအရ အကျဥ်းသား ၁,၀၂၅ ဦးကို ပြန်လည်ထိန်းသိမ်းခဲ့ပြီး ၄၃၀ ကို ကယ်တင်ခဲ့ကြောင်းလည်း သိရပါတယ်။ အကျဥ်းထောင်တိုက်ခိုက်မှုအတွင်း လူ ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ယခု တိုက်ခိုက်မှုဟာ အာဖဂန်အစိုးရနဲ့ တာလီဘန်စစ်သွေကြွတို့ကြား ယာယီ အပစ်အခတ်ရပ်စဲထားမှု သုးရက်မြောက်နဲ့ နောက်ဆုံးနေ့ရက်မှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
အာဖဂန်အစိုးရက တာလီဘန်အကျဥ်းသား ရာနဲ့ချီ လွှတ်ပေးခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်သွားနိုင်ရန် ရည်ရွယ်ထားပါတယ်။ တာလီဘန်တို့က အကျဥ်းထောင်တိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်း ပြောထားပါတယ်။ အာဖဂန်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုမှာ အိုင်အက်စ်အကြမ်းဖက်အုပ်စု ပါဝင်ထားခြင်း မရှိကြောင်းလည်း သိရပါတယ်။
.