အာဖဂန်သမ္မတနန်းတော်မှာ ဝန်ထမ်းများကြား ဗိုင်းရပ်စ် ကူးစက်မှုတွေ စစ်ဆေးတွေ့ရှိထားပါတယ်။
Ko John

အာဖဂန်နစ္စတန်နိုင်ငံ သမ္မတနန်းတော်မှာ ဝန်ထမ်းများကြား COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်မှုတွေ စစ်ဆေးတွေ့ရှိရပြီးနောက် သမ္မတအက်ရှ်ရက်ဖ်ဂါနီ သီးခြားခွဲနေထိုင်လျက်ရှိကြောင်း မီဒီယာတွေက သတင်းဖော်ပြပါတယ်။

(Photo: @ARG_AFG/Twitter)

New York Times သတင်းက တနင်္ဂနွေနေ့ (ဧပြီ ၁၉ ရက်) မှာ ဖော်ပြမှုအရ အာဖဂန်သမ္မတနန်းတော်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀ ဦး ကနဦး တွေ့ရှိရကြောင်းနဲ့ နောက်ပိုင်းမှာ ၄၀ ဦးအထက် မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်အထိ အာဖဂန်အစိုးရက သမ္မတဂါနီကိုယ်တိုင် ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ မရှိ ပြောကြားခဲ့ခြင်း မရှိသေးပါဘူး။ အသက် ၇၀ နှစ်အရွယ် အာဖဂန်သမ္မတဂါနီဟာ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း အစာအိမ်ကင်ဆာ ဖြစ်ပွားခဲ့ဖူးသူ ဖြစ်ပါတယ်။

(Photo: @ARG_AFG/Twitter)

"သမ္မတနန်းတော်မှာ လူ ၂၀ COVID-19 ကူးစက်ခံထားရပါတယ်၊ ဒါပေမဲ့ အစိုးရိမ်လွန် ကြောက်လန့်တကြားမဖြစ်အောင် ဒီကိစ္စကို လျှို့ဝှက်ထားခဲ့တယ်" လို့ အာဖဂန်အစိုးရ တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။ အာဖဂန်သမ္မတနန်းတော်ရဲ့ ကြာသပတေးနေ့ (ဧပြီ ၁၆ ရက်) က Twitter ပို့စ်တစ်ခုမှာတော့ သမ္မတဂါနီက ဗီဒီယိုဆက်သယ်မှုဖြင့် အစိုးရအဖွဲ့အစည်းအဝေး ပြုလုပ်နေတဲ့ ဓာတ်ပုံများတွေ့ရပါတယ်။

(Photo: Hamed Sarfarazi/AP)

အာဖဂန်မှာ ယမန်နေ့ (ဧပြီ ၁၉ ရက်) ညပိုင်းအထိ COVID-19 ကူးစက်ခံရသူ ၉၉၆ ဦးနဲ့ သေဆုံးသူ ၃၃ ဦးရှိခဲ့ပြီး ၁၃၁ ဦး ပြန်လည်သက်သာခဲ့ကြောင်း သိရပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှု အရေအတွက် နည်းပါးနေသေးပေမဲ့ ဆယ်စုနှစ် နှစ်ခုနီးပါးကြာ စစ်ပွဲကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ အာဖဂန်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ စစ်ဆေးမှု အကန့်အသတ်ရှိနေတဲ့ အခြေအနေတွေအပေါ် စိုးရိမ်နေကြပါတယ်။

ဒါ့အပြင် မတ်လအတွင်း ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ ဆိုးရွားစွာ ဖြစ်ပွားခဲ့တဲ့ အီရန်နိုင်ငံကနေ အာဖဂန် ၁၅၀,၀၀၀ ကျော်နဲ့ ပါကစ္စတန်ကနေ သောင်းနဲ့ချီ ပြန်လည် ဝင်ရောက်လာခဲ့ပြီးနောက် ဗိုင်းရပ်စ်ကူးစက်မှုတွေ ဖြစ်ပွားနိုင်ကြောင်း အာဖဂန်မှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က