အာဖဂန်နစ္စတန်နိုင်ငံမှာ ငြိမ်းချမ်ရေးရရှိရန် ရည်ရွယ်ထားတဲ့ အမေရိကန်နဲ့ တာလီဘန်စစ်သွေးကြွအုပ်စုတို့ရဲ့ သဘောတူညီမှု အစိတ်အပိုင်းအဖြစ် အမေရိကန်တပ်ဖွဲ့ဝင်များ အာဖဂန်မှဆုတ်ခွာမှု စတင်ခဲ့ပြီလို့ သိရပါတယ်။
သဘောတူညီမှု လက်မှတ်ရေးထိုးပြီး ၁၃၅ ရက်အတွင်း အာဖဂန်ရှိ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ကို ၁၂,၀၀၀ ခန့်မှ ၈,၆၀၀ သို့ လျှော့ချသွားရန် အမေရိကန်က သဘောတူညီထားပါတယ်။ စစ်သွေးကြွတွေက သဘောတူညီချက်ကို လိုက်နာထိန်းသိမ်းပါက အမေရိကန်နဲ့ NATO မဟာမိတ်တို့က ၁၄ လအတွင်း အာဖဂန်မှ တပ်ဖွဲ့များအားလုံးကို ရုပ်သိမ်းသွားမယ်လို့ ဆိုပါတယ်။
တာလီဘန်အုပ်စုကလည်း အယ်လ်ကေဒါ သို့မဟုတ် အခြား အစွန်းရောက်အုပ်စုတစ်ခုခုကို ၎င်းတို့ ထိန်းချုပ်နယ်မြေများအတွင်း လက်မခံရန် သဘောတူခဲ့ပါတယ်။ အမေရိကန်နဲ့ တာလီဘန်တို့ သဘောတူညီမှုကို ဖေဖေါ်ဝါရီ ၂၉ ရက်နေက ကာတာနိုင်ငံ ဒိုဟာမြို့မှ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ထိုသဘောတူညီမှုမှာ အာဖဂန်အစိုးရ ပါဝင်ခဲ့ခြင်းမရှိပေမဲ့ တာလီဘန်အုပ်စုနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ မျှော်လင့်ရပါတယ်။ သဘောတူညီမှုမှာ ပါဝင်နေတဲ့ တာလီဘန်တိုက်ခိုက်ရေးသမား ၅,၀၀၀ နဲ့ အာဖဂန်တပ်ဖွဲ့ဝင် ၁,၀၀၀ ကို အပြန်အလှန် လွှတ်ပေးရေးကို အာဖဂန်အစိုးရနဲ့ တာလီဘန်တို့ကြား ဆက်လက် ဆွေးနွေးရမှာဖြစ်ပြီး အစောပိုင်းမှာတော့ သမ္မတဂါနီက ၎င်းရဲ့အစိုးရအနေနဲ့ တာလီဘန်အကျဥ်းသားတွေကို လွှတ်ပေးမယ်လို့ ကတိမပေးကြောင်း ပြောထားခဲ့ပါတယ်။
နောက်ဆက်တွဲ သတင်းတွေအရ ယမန်နေ့ (မတ်လ ၉ ရက်) က အာဖဂန်သမ္မတအဖြစ် ဒုတိတသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ ဂါနီက တာလီဘန်အကျဥ်းသား အနည်းဆုံး ၁,၀၀၀ ကို ပြန်လွှတ်ပေးမယ့် အမိန့်ဒီကရီတစ်ရပ် ယခုသီတင်းပတ်အတွင်း ထုတ်ပြန်မယ်လို့ဆိုပါတယ်။
(အာဖဂန်သမ္မတ ဂါနီ) (Photo: Reuters)
အာဖဂန်မှာ နိုင်ငံရေးပြိင်ဘက်နှစ်ဦးဖြစ်တဲ့ လက်ရှိသမ္မတဂါနီနဲ့ အဗ္ဗဒူလာ အဗ္ဗဒလာတို့ နှစ်ဦးလုံးက ၂၀၁၉ ခုနှစ် နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိကြောင်း ကြေညာခဲ့ပြီး ယမန်နေ့က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲနှစ်ခု အပြိုင်အဆိုင် ပြုလုပ်ခဲ့ကြပါတယ်။
(Photo: AFP)
သမ္မတဒေါ်နယ်ထရန့်က အမေရိကရဲ့ အရှည်ကြားဆုံးစစ်ပွဲကို နောက်ဆုံးမှာ အဆုံးသတ်ရန်နဲ့ မိမိတို့ရဲ့ တပ်ဖွဲ့တွေကို အိမ်ကိုပြန်ခေါ်ရန် လုပ်ဆောင်နေကြောင်း ပြောခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှာ အာဖဂန်အခြေစိုက် အယ်လ်ကေဒါအကြမ်းဖက်အုပ်စုက နယူးယော့ခ်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အပါအဝင် နေရာလေးခုကို အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီးနောက် သီတင်းပတ်အကြာမှာ အမေရိကန်က အာဖဂန်နိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်ခဲ့ပြီး တာလီဘန်တို့နဲ့ စစ်ပွဲဆင်နွှဲခဲ့ပါတယ်။ အာဖဂန်စစ်ပွဲအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၂,၄၀၀ ကျော် သေဆုံးခဲ့ပြီး ယခု စတင်ဆုတ်ခွာခြင်းမပြုမီအထိ အာဖဂန်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၁၂,၀၀၀ ခန့် တပ်စွဲထားဆဲလည်း ဖြစ်ပါတယ်။
Source: BBC, AFP