အာဖဂန်နဲ့ပါကစ္စတန် ဒေသတွေမှာ ၁၉၈၄ ခုနှစ်ကတည်းက ကူညီပေးနေခဲ့သူပါ။

အာဖဂန်နစ္စတန်ပြည်သူတွေကို ကူညီရန်အတွက် ၎င်းရဲ့ဘဝကို ဆယ်စုနှစ်များကြာ ပေးအပ်မြှုပ်နှံထားခဲ့တဲ့ ဂျပန်လူမျိုး ဆရာဝန်တစ်ဦးဟာ ဒီဇင်ဘာ ၄ ရက်နေ့က နိုင်ငံအရှေ့ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(ပစ်ခတ်တိုက်ခိုက်ခံရသည့်ကားကို တွေ့ရစဥ်) (Photo: AFP)

၎င်းရဲ့ မွန်မြတ်တဲ့လုပ်ရပ်ကြောင့် နိုင်ငံတကာမှာ လူသိများတဲ့ အသက် ၇၃ နှစ်အရွယ် တက်ဆုနာကာမူရာကို ကားဖြင့်ခရီးသွားနေစဥ် သေနတ်သမားတွေက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဂျလာလာဘတ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ထိုတိုက်ခိုက်မှုအတွင်း ဒေါက်တာနာကာမူရာနဲ့အတူ အာဖဂန်လူမျိုးငါးဦးလည်း သေဆုံးခဲ့ပါတယ်။ ဒေါက်တာနာကာမူရာဟာ အာဖဂန်မှာ ဆေးဘက်ဆိုင်ရာနဲ့ လူမှုရေးအကူအညီများပေးနေတဲ့ ဂျပန်အဖွဲ့အစည်း Peace Japan Medical Services ကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။



၁၉၈၄ ခုနှစ်ကတည်းက နာကာမူရာဟာ ပါကစ္စတန်နဲ့ အာဖဂန်မှာ အနာကြီးရောဂါသည်တွေ ကုသပေးနေခဲ့ပြီး ၎င်းရဲ့ဘဝကို တိုက်ခိုက်ခံရမှုကြောင့် သေဆုံးချိန်အထိ ထိုဒေသအတွင်း ၃၅ နှစ်ကြာ ပေးအပ်မြှုပ်နှံထားခဲ့ပါတယ်။ အာဖဂန်သမ္မတ အက်ရှရက်ဇ်ဂါနီရဲ့ ပြောခွင့်ရအမျိုးသားက ဒေါက်တာနာကာမူရာဟာ မိမိတို့နိုင်ငံရဲ့ အနီးကပ်မိတ်များအနက်မှ တစ်ဦးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

(လူတွေကိုကူညီရန် ဘဝကိုရင်းနှီးမြှုပ်နှံခဲတဲ့ ဒေါက်တာနာကာမူရာ) (Photo: AFP)

"သူက သူ့ဘဝကို ကျွန်တော်တို့ရဲ့ ပြည်သူတွေကို ကူညီဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြှုပ်နှံထားခဲ့သူပါ" လို့ အာဖဂန်သမ္မတရဲ့ ပြောခွင့်ရအမျိုးသား ဆီဒစ်ဆက်ဒီကီက ဆိုပါတယ်။ ယခုနှစ် အောက်တိုဘာလအတွင်း ဒေါက်တာနာကာမူရာကို ၎င်းရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီဆောင်ရွက်မှုအတွက် အာဖဂန်အစိုးရက ဂုဏ်ထူးဆောင်နိုင်ငံသားဆု ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

အာဖဂန်ပြည်သူတွေကို ကူညီပေးနေတဲ့ ဒေါက်တာနာကာမူရာ သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်းနဲ့ တိုက်ခိုက်ရတဲ့အကြောင်းရင်းကို လက်ရှိအချိန်အထိ အတိအကျ မသိရသေးပါဘူး။ ဒီဇင်ဘာ ၄ ရက်နေ့ မနက်ပိုင်းက ဒေါက်တာနာကာမူရာနဲ့ အဖွဲ့ဟာ ဂျလာလာဘတ်မြို့မှာ ကားမောင်းသွားနေစဥ် တိုက်ခိုက်ခံခဲ့ရပါတယ်။

(Photo: Reuters)

နာကာမူရာဟာ ညာဘက်ရင်ဘတ်နေရာကို ပစ်ခတ်ခံရပြီး ၎င်းကို ကဘူးလ်မြို့တော်အနီးရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်နေစဥ် ဂျလာလာဘတ်လေဆိပ်မှာ သေဆုံးသွားခဲ့ကြောင်း အာဖဂန်အာဏာပိုင်တွေက AFP သတင်းဌာနကို ပြောပါတယ်။ တိုက်ခိုက်ခံရမှုအတွင်း ဒေါက်တာနာကာမူရာရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦး၊ လုံခြုံရေးသုံးဦးနဲ့ ကားမောင်းသမားတို့လည်း သေဆုံးခဲ့ပါတယ်။

ဒေါက်တာနာကာမူရာ အာဖဂန်မှာ တိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့တဲ့သတင်းကို ကြားသိရပြီးနောက် တုန်လှုပ်ခဲ့ရကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက ပြောပါတယ်။ ကဘူးလ်မြို့ရှိ အမေရိကန်သံရုံးကလည်း ယခုပစ်ခတ်တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး အကူအညီပေးရေးလုပ်ငန်း လုပ်ဆောင်နေသူတွေဟာ ပစ်မှတ်တွေမဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

(Photo: Parwiz/Reuters)

လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဆောင်ရွက်နေတဲ့ ဒေါက်တာနာကာမူရာကို ၁၉၄၆ ခုနှစ်က ဂျပန်နိုင်ငံ ဖူကူအိုကာမြို့မှာ မွေဖွားခဲ့တာဖြစ်ပါတယ်။ ဆရာဝန်တစ်ဦးဖြစ်လာခဲ့ပြီးနောက် ၁၉၈၄ ခုနှစ်မှာ ဒေါက်တာနာကာမူရာက ပါကစ္စတန်နိုင်ငံသို့ ရွှေ့ပြောင်းသွားရောက်ခဲ့ပြီး အနာကြီးရောဂါသည်တွေကို ကုသပေးခဲ့ပါတယ်။

ထို့နောက် နှစ်နှစ်အကြာမှာ ဒေါက်တာနာကာမူရာက အာဖဂန်နစ္စတန်သို့ သွားရောက်ခဲ့ပြီး နန်ဂါဟာပြည်နယ်ရှိ အစွန်အဖျား ကျေးရွာလေးတစ်ရွာမှာ ၎င်းရဲ့ ပထမဆုံး ဆေးခန်းကိုဖွင့်လှစ်ခဲ့ပြီး Peace Japan Medical Services (PMS) အဖွဲ့အစည်းကို တည်ထောင်ခဲ့ပါတယ်။

(ရာမွန်မက်ဆေးဆု လက်ခံရယူခဲ့စဥ်) (Photo: AFP)

PMS အဖွဲ့အစည်းက ဆေးခန်း ၁၀ ခု ဖွင့်လှစ်ခဲ့ပြီး ပါကစ္စတန်နဲ့ အာဖဂန်တို့ရှိ အနာကြီးရောဂါသည်တွေကို ကုသပေးခဲ့ပါတယ်။ ဒေါက်တာနာကာမူရာရဲ့ ကိုယ်ကျိုးစွန့်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေဆောင်ရွက်မှုတွေအတွက် အာရှတိုက်ရဲ့နိုဘယ်ဆုအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ရာမွန်မက်ဆေးဆုကိုလည်း ၂၀၀၃ ခုနှစ်က ချီးမြှင့်ခံခဲ့ရပါတယ်။


Share

Loading Next Article...
က္က