အာဖရိကနိုင်ငံအချို့မှာ လာမယ့် သီတင်းပတ်များအတွင်း COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်မှုတွေ အထွတ်အထိပ်ရောက်တဲ့အထိ အမြင့်ဆုံးဖြစ်လာနိုင်ကြောင်းနဲ့ ဒေသတွင်း စစ်ဆေးမှုများ အဆောတလျင် တိုးမြှင့်လုပ်ဆောင်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ယမန်နေ့ (ဧပြီ ၉ ရက်) မှာ သတိပေးခဲ့ပါတယ်။
(Photo: Rogan Ward/Reuters)
"ပြီးခဲ့တဲ့ လေးရက်အတွင်းမှာ ကူးစက်မှုနှုန်းက နှစ်ဆဖြစ်နေခဲ့တာကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်၊ တစ်ကယ်လို့ ဒီနှုန်းအတိုင်း ဆက်တိုးနေပြီး တရုတ်နဲ့ ဥရောပမှာ ဖြစ်ပွားခဲ့တာတွေကို လေ့လာမှုအရဆိုရင်တော့ သိပ်မကြာခင် အာဖရိကနိုင်ငံအချို့မှာ ကူးစက်မှုတွေ အများကြီးဖြစ်လာတာ တွေ့ရနိုင်ပါတယ်" လို့ WHO ရဲ့ အာဖရိကအစီအစဥ် မန်နေဂျာ Michel Yao က ပြောခဲ့ပါတယ်။ လာမယ့် သီတင်းပတ်များအတွင်း အာဖရိကနိုင်ငံအချို့မှာ ကူးစက်မှုတွေ အမြင့်ဆုံးဖြစ်လာနိုင်ကြောင်း ၎င်းက ပြောခဲ့ပေမဲ့ နိုင်ငံအမည်တွေကိုတော့ ထုတ်ဖော်ပြောခြင်း မရှိဘူးလို့ Reuters သတင်းက ဖော်ပြပါတယ်။
(Photo: Reuters)
လက်ရှိအချိန်အထိ အာဖရိကမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုဟာ အခြားနေရာတွေနဲ့ နှိုင်းယှဥ်ပါက နည်းပါးနေသေးပြီး စုစုပေါင်း ကူးစက်ခံရသူ ၁၁,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၅၇၄ ဦးရှိကြောင်း အစိုးရတွေက ထုတ်ပြန်တဲ့စာရင်းနဲ့ WHO အချက်အလက်တွေအရ သိရှိရပါတယ်။ လက်ရှိအချိန်အထိ အာဖရိကဒေသ ၅၂ နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုများ တွေ့ရှိအတည်ပြုထားပြီး လီဆိုသိုနဲ့ ကိုမိုရော့စ် နှစ်နိုင်ငံမှာသာ ဗိုင်းရပ်စ်ကူးစက်မှု မတွေ့ရှိသေးတာ ဖြစ်ပါတယ်။
(Photo: Getty Images)
အာဖရိကနိုင်ငံဖြစ်တဲ့ ဇမ်ဘီယာက ဗိုင်းရပ်စ်ထိန်းချုပ်ဟန့်တားရေး စာသင်ကျောင်းများအားလုံးကို ပိတ်ထားရန်၊ လူ ၅၀ သို့မဟုတ် ထိုထက်ပိုပြီး စုဝေးမှုတွေနဲ့ မလိုအပ်ဘဲ ပြည်ပခရီးထွက်မှုတွေကို တားမြစ်ပိတ်ပင်ကြောင်း စီမံဆောင်ရွက်မှုတွေ ယမန်နေ့မှာ ကြေညာခဲ့ပါတယ်။ အာဖရိကမှာ မြို့ကြီးများအပြင် အခြားနေရာတွေမှာပါ ဗိုင်းရပ်စ်စစ်ဆေးမှုတွေကို အဆောတလျင် တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ကြောင်း WHO ရဲ့ အာဖရိကဆိုင်ရာ အကြီးအကဲ Matshidiso Moeti က ဆိုပါတယ်။
(Photo: Getty Images)
"အကူအညီနဲ့ လိုအပ်တဲ့ဆောင်ရွက်မှုတွေ အခု မလုပ်ရင် ဆင်းရဲတဲ့နိုင်ငံတွေနဲ့ ဗိုင်းရပ်စ်ကူးစက်လွယ်တဲ့ လူအုပ်စုတွေဟာ အကြီးအကျယ် ထိခိုက်ဆုံးရှုံးမှု တွေ့ကြုံခံစားရနိုင်ပါတယ်" လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကလည်း ဂျနီဗာမြို့မှာ သံတမန်တွေကို ပြောခဲ့ပါတယ်။ "အာဖရိကမှာ ဗိုင်းရပ်စ်ကူးစက်မှု အရေအတွက်က အခုအချိန်အထိ အခြားနေရာတွေနဲ့ နှိုင်းယှဥ်ကြည့်ရင် နည်းနေပါသေးတယ်၊ ဒါပေမဲ့ ကူးစက်မှုတွေက အလျင်အမြန် တိုးလာနေပါတယ်" လို့ WHO အကြီးအကဲက သတိပေးခဲ့ပါတယ်။