loading...

loading...

loading...

မလေးရှားမှာ ကူးစက်မှု အများဆုံးဖြစ်ပြီး ဖိလစ်ပိုင်မှာ သေဆုံးမှု အများဆုံး ဖြစ်ပါတယ်။
Ko John

COVID-19 ကူးစက်ပျံ့နှံ့မှုတွေ ကမ္ဘာတစ်ဝှမ်း ဆက်လက်ဖြစ်ပွားနေပြီး နေ့စဥ် ကူးစက်မှုနဲ့သေဆုံးမှုကလည်း တရိပ်ရိပ်တက်လာနေပါတယ်။

(Photo: Reuters)

အာဆီယံဒေသတွင်းမှာလည်း ယခု ရက်ပိုင်းအတွင်း ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း သိသိသာသာ မြင့်တက်လာခဲ့တာ တွေ့ရပါတယ်။ မတ်လ ၁၈ ရက် ညပိုင်းအထိ တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ အာဆီယံဒေသတွင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၉၂၆ ဦးနဲ့ သေဆုံးသူ ၃၉ ဦး ရှိလာခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ ယခုသီတင်းပတ်အတွင်း ဗိုင်းရပ်စ်ကူးစက်မှုတွေ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး မတ်လ ၁၈ ရက်ညအထိ ကူးစက်ခံရသူ ၇၉၀ ဦး တွေ့ရှိထားကာ အာဆီယံ ၁၀ နိုင်ငံအနက် ကူးစက်မှုအများဆုံး ဖြစ်နေပါတယ်။ မလေးရှားမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူများအနက် ၅၁၃ ဦးဟာ ဖေဖေါ်ဝါရီ ၂၈ ရက်မှ မတ်လ ၁ ရက်အထိ ကွာလမ်လမ်ပူမြို့စွန် Sri Petaling မြို့ရှိ ဗလီတစ်ခုမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဘာသာရေး စုဝေးပွဲနဲ့ ဆက်နွယ်နေပါတယ်။

(Photo: AP)

အဆိုပါ ဘာသာရေးပွဲကို လူဦးရေ ၁၆,၀၀၀ တက်ရောက်ခဲ့ပြီး ဘူရူနိုင်း၊ စင်ကာပူနဲ့ အင်ဒိုနီးရှား နိုင်ငံတို့မှ လာရောက်ခဲ့ကြသူတွေလည်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပါတယ်။ လက်ရှိအချိန်အထိ မလေးရှားမှာ COVID-19 ကြောင့် ၂ ဦး သေဆုံးခဲ့ပြီး ၂၆ ဦးက ပြန်လည်သက်သာလာခဲ့ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုတွေ ရုတ်တရက် မြင့်တက်လာခဲ့ပြီးနောက် မလေးရှားအစိုးရက မတ် ၁၈ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ နိုင်ငံသားများ ပြည်ပထွက်ခွာမှုနဲ့ နိုင်ငံခြားသားများ ပြည်တွင်းဝင်ရောက်မှု ပိတ်ပင်တဲ့အမိန့်တစ်ရပ်ကို မတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

(Photo: Kementerian Kesihatan Malaysia/IG)

နိုင်ငံရပ်ခြားမှ ပြန်လာကြတဲ့ မလေးရှားနိုင်ငံသားတွေဟာလည်း ကျန်းမာရေးစစ်ဆေးမှု ခံယူရမှာဖြစ်ပြီး မိမိဘာသာ ၁၄ ရက်ကြာ ရောဂါခြေချုပ်ဖြင့် နေထိုင်ရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဘာသာရေးပွဲများ၊ အားကစားပွဲများ၊ လူမှုရေးနဲ့ ယဥ်ကျေးမှုဆိုင်ရာ ပွဲများအပါအဝင် လူစုလူဝေးဖြစ်စေတဲ့ လှုပ်ရှားမှုတွေကိုလည်း မလေးရှားတစ်နိုင်ငံလုံး ပိတ်ပင်ထားပါတယ်။

မတ်လ ၁၈ ရက်နေ့မှာတော့ မလေးရှားဝန်ကြီးချုပ် မူဟီဒင်ယာစင်က ပြည်သူများ ပြင်ပသွားလာလှုပ်ရှားမှုတွေ ကန့်သတ်ချက်အမိန့်အား တိုးချဲ့လိုက်ပြီး နောက်ထပ် သီတင်းနှစ်ပတ် သို့မဟုတ် ထို့ထက်ပိုကြာနိုင်ကြောင်း ပြောပါတယ်။ မလေးရှားဝန်ကြီးချုပ်က အသွားအလာ ကန့်သတ်ချက်ထုတ်ပြန်ထားတဲ့ နှစ်ပတ်အတွင်း အိမ်မှာပဲနေကြရန် ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

(Photo: Juni Kriswanto/AFP)

အာဆီယံနိုင်ငံများအနက် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအများဆုံးမှာ အင်ဒိုနီးရှားဖြစ်ပြီး မတ်လ ၁၈ ရက် ညပိုင်းအထိ ၁၉ ဦး သေဆုံးခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ မတ်လ ၁၈ ရက် ညပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၂၇ ဦးနဲ့ ပြန်လည်သက်သာလာသူ ၂ ဦးရှိကြောင်း သိရပါတယ်။

အာဆီယံနိုင်ငံတွေအနက် ထိုင်းနိုင်ငံမှာည်း ဗိုင်းရပ်စ်ကြောင့် မတ်လ ၁၈ ရက် ညပိုင်းအထိ ၁ ဦး သေဆုံးခဲ့ပါတယ်။ အာဆီယံ ၁၀ နိုင်ငံအနက် မတ်လ ၁၈ ရက် ညပိုင်းအထိ မြန်မာနဲ့လာအို နှစ်နိုင်ငံကလွဲပြီး ကျန်နိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ နေ့စဥ် တရိပ်ရိပ် တိုးလာနေဆဲဖြစ်ပါတယ်။ မတ်လ ၁၈ ရက် ညပိုင်းအထိ ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၈,၃၈၃ ဦးရှိပြီး ၈,၆၉၄ ဦး သေဆုံးခဲ့ပါတယ်။

(Photo: AFP)

မတ်လ ၁၈ ရက် ညပိုင်းအထိ မြန်မာနိုင်ငံမှာ စောင့်ကြည့်လူနာ ၅ ဦး သေဆုံးခဲ့ပေမဲ့ ၃ ဦး COVID-19 ဗိုင်းရပ်စ် မတွေ့ရှိရကြောင်းနဲ့ နောက်ထပ် လူနာ ၂ ဦးရဲ့ ဓာတ်ခွဲခန်းအဖြေကိုလည်း အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ စောင့်ကြည့်လူနာ စုစုပေါင်း ၁၅၇ ဦး၊ သံသယလူနာ ၂ ဦး၊ ဗိုင်းရပ်စ်မတွေ့ရှိရတဲ့ လူနာ ၁၄၄ ဦးနဲ့ ဓာတ်ခွဲခန်းအဖြေစောင့်ဆိုင်းဆဲ ၁၃ ဦးရှိကြောင်း ဝန်ကြီးဌာနရဲ့ မတ်လ ၁၈ ရက် ည ၈ နာရီအချိန် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဆီယံဒေသ COVID-19 အခြေအနေ (မတ်လ ၁၈ ရက် ညပိုင်းအထိ)

  • မလေးရှား - (ကူးစက် - ၇၉၀၊ သေဆုံး - ၂၊ ပြန်လည်သက်သာ - ၁၆၇)
  • အင်ဒိုနီးရှား - (ကူးစက် - ၂၂၇၊ သေဆုံး - ၁၉၊ ပြန်လည်သက်သာ - ၂)
  • စင်ကာပူ - (ကူးစက် - ၃၁၃၊ သေဆုံး - မရှိ၊ ပြန်လည်သက်သာ - ၉၆)
  • ထိုင်း - (ကူးစက် - ၂၁၂၊ သေဆုံး - ၁၊ ပြန်လည်သက်သာ - ၃၄)
  • ဖိလစ်ပိုင် - (ကူးစက် - ၂၀၂၊ သေဆုံး - ၁၇၊ ပြန်လည်သက်သာ - ၂)
  • ဗီယက်နမ် - (ကူးစက် - ၇၅၊ သေဆုံး - မရှိ၊ ပြန်လည်သက်သာ - ၁၆)
  • ဘရူနိုင်း - (ကူးစက် - ၆၈၊ သေဆုံး - မရှိ၊ ပြန်လည်သက်သာ - မရှိ)
  • ကမ္ဘောဒီးယား - (ကူးစက် - ၃၅၊ သေဆုံး - မရှိ၊ ပြန်လည်သက်သာ - ၁)
  • မြန်မာ - ကူးစက်ခံရမှု မတွေ့ရှိ
  • လာအို - ကူးစက်ခံရမှု မတွေ့ရှိ

စုစုပေါင်း အရေအတွက် - (ကူးစက် - ၁,၉၂၆၊ သေဆုံး - ၃၉၊ ပြန်လည်သက်သာ - ၁၆၇)

Source: MOSH Myanmar, Reuters, CNA


ဆက်စပ်အကြောင်းအရာများ


loading...

က္က