မုန့်ဖုတ်ချိန်ဟာ ကမ္ဘာမြေပြင်မှာထက် ပိုမိုကြာမြင့်ခဲ့ပါတယ်။

ကမ္ဘာမြေပြင်အထက် မိုင် ၂၅၀ ခန့်အကွာရှိ နိုင်ငံတကာအာကာသစခန်းမှာ အာကာသယာဥ်မှူးတွေက ပထမဆုံးအကြိမ် ကွတ်ကီးမုန့် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: NanoRack/Twitter)

အာကာသထဲမှာ ကွတ်ကီးမုန့်ဖုတ်တဲ့အချိန်ဟာ ကမ္ဘာမြေပြင်မှာထက် ပိုမိုကြာမြင့်ခဲ့တယ်လို့လည်း သိရပါတယ်။ နိုင်ငံတကာအာသာသစခန်း International Space Station (ISS) ကြီးကြပ်ကွပ်ကဲရေးမှူး အီတလီ အာကာသယာဥ်မှူး လူကာပါမီတာနိုက NASA မှ အာကာသယာဥ်မှူး ခရစ္စတီနားကို့ချ်ရဲ့ အကူအညီဖြင့် ISS မှာ ကွတ်ကီးမုန့်ဖုတ်တဲ့ စမ်းသပ်ချက်ကို ပြုလုပ်ခဲ့ပါတယ်။



စမ်းသပ်ချက်အရ ကမ္ဘာမြေပြင်မှာ ကွတ်ကီးမုန်ဖုတ်ပါက ၁၅ မိနစ်မှ မိနစ် ၂၀ ဝန်းကျင် ကြာမြင့်တတ်ပေမဲ့ အာကာသထဲမှာတော့ ကွတ်ကီးမုန့်ဖုတ်ရန် အနည်းဆုံး အချိန်နှစ်နာရီ လိုအပ်ကြောင်းတွေ့ရှိခဲ့ပါတယ်။ အာကာသစခန်းမှာ ကွတ်ကီးမုန့်ဖုတ်ရာ ၁၂၀ မိနစ်မှ ၁၃၀ မိနစ်ကြာမှသာ အကောင်းဆုံး ကွတ်ကီးမုန့်ကို ရရှိနိုင်တယ်လို့ ဆိုပါတယ်။

(Photo: Zero G Kitchen/Twitter)

"ဒီနှစ်မှာ ခရစ္စမတ်ဘိုးဘိုး စန်တာအတွက် ကျွန်မတို့ အာကာသကွတ်ကီးနဲ့ နို့ကို ပြင်ဆင်ခဲ့ကြပါတယ်" လို့ အာကာသယာဥ်မှူး ခရစ္စတီနာကို့ချ်က သူမရဲ့ Twitter မှာ ရေးသားထားပါတယ်။ အာကာထဲမှာ အသုံးပြုနိုင်တဲ့ ရှေ့ပြေးပုံစံ မီးဖိုကို NanoRacks and Zero G Kitchen ကုမ္ပဏီက ပြုလုပ်ပေးခဲ့ပြီး DoubleTree by Hilton ဟိုတယ်က အာကာသကွတ်ကီးမုန့်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို စီစဥ်ပေးခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

အာကာသထဲမှာ ပြုလုပ်ထားတဲ့ ကွတ်ကီးမုန့်သုံးခုကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့က ကမ္ဘာမြေပြင်သို့ SpaceX Dragon အာကာသယာဥ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ပြီး အစားအစာဆိုင်ရာ သိပ္ပံပညာရှင်တွေက စားသုံးရန်သင့်လျော်ခြင်းရှိ မရှိ စမ်းသပ်သွားမယ်လို့ ဆိုပါတယ်။ "လက်ရှိ နိုင်ငံတကာ အာကာသစခန်းမှာက လူတွေ ရင်းနှီးကျွမ်းဝင်ပြီးသား နည်းလမ်းတွေနဲ့ အစားအစာပြင်ဆင်နိုင်ဖို့ တစ်ကယ့်ကို အကန့်အသတ်ရှိပါတယ်" လို့ DoubleTree by Hilton ဟိုတယ်က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုမှာ Zero G Kitchen တည်ထောင်သူ Ian Fichtenbaum က ပြောထားပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က