၁၉၆၅ ခုနှစ်က အာကာသထဲမှာ လမ်းလျှောက်နိုင်ခဲ့တဲ့ ပထမဆုံးလူသား ဖြစ်ပါတယ်။

အာကာသထဲမှာ လမ်းလျှောက်ခဲ့တဲ့ ပထမဆုံးလူသား ဆိုဗီယက်ခေတ် အာကာသယာဉ်မှူး အဲလက်ဇီ လီယိုနော့ဗ် ကွယ်လွန်သွားလို့ သိရပါတယ်။

(လီယိုနော့ဗ် အာကာသထဲမှာ လမ်းလျှောက်ခဲ့စဉ်) (Photo: Roscosmos)

၁၉၆၅ ခုနှစ်က အာကာသထဲမှာ ပထမဆုံးလမ်းလျှောက်သူအဖြစ် မှတ်တမ်းဝင်ခဲသူ လီယိုနော့ဗ်ဟာ ကာလရှည်ကြာ နေမကောင်းဖြစ်ပြီးနောက် အောက်တိုဘာ ၁၁ ရက်နေ့က မော်စကိုမြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ အာကာသယာဉ်မှူး လီယိုနော့ဗ်ဟာ ကွယ်လွန်ချိန်မှာ အသက် ၈၅ နှစ်ရှိပြီဖြစ်ပါတယ်။



ရုရှားအာကာသအေဂျင်စီ Roscosmos က 'အာကာသယာဉ်မှူး အမှတ်စဉ် ၁၁' ကွယ်လွန်ကြောင်းကို ဝမ်းနည်းစွာဖြင့် ကြေညာကြောင်းပြောခဲ့ပါတယ်။ လီယိုနော့ဗ်ဟာ နိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ Hero of the Soviet Union ကို နှစ်ကြိမ် ချီးမြှင့်ခံရသူလည်း ဖြစ်ပါတယ်။

(၂၀၁၅ ခုနှစ်မှာ တွေ့ရသည့် လီယိုနော့ဗ်) (Photo: Vasily Maximov/AFP)

လီယိုနော့ဗ်ဟာ ၁၉၆၁ ခုနှစ်က အာကာသထဲကို ပထမဆုံးအကြိမ်သွားရောက်ခဲ့တဲ့ ယူရီဂါဂါရင်နဲ့ အလွန်ရင်းနှီးတဲ့ သူငယ်ချင်းလည်းဖြစ်ခဲ့ပါတယ်။ လီယိုနော့ဗ်နဲ့ ယူရီဂါဂါရင်တို့ဟာ စစ်အေးခေတ် ရန်သူတွေဖြစ်ကြတဲ့ ဆိုဗီယက်ပြည်ထောင်စုနဲ့ အမေရိကန်ပြည်ထောင်စုတို့က အာကာသဆိုင်ရာမှာ အသာစီးရလွှမ်းမိုးနိုင်ရေး ပြိုင်ဆိုင်နေကြစဉ် အာကာသထဲမှာ ပထမဆုံး လမ်းလျှောက်ရန် ရွေးချယ်ခံခဲ့ရပါတယ်။ ၁၉၆၅ ခုနှစ် မတ်လ ၁၈ ရက်နေ့မှာတော့ လီယိုနော့ဗ်က Voskhod 2 အာကာသခရီးစဉ်အတွင်း အာကာသယာဉ်ထဲမှထွက်ခွာပြီး ၁၂ မိနစ်နဲ့ ၉ မိနစ်ကြာ အာကာသလမ်းထဲမှာ လမ်းလျှောက်ကာ သမိုင်းတွင်စေခဲ့ပါတယ်။

(၂၀၁၃ ခုနှစ်မှာ ရုရှားသမ္မတပူတင်နဲ့အတူ တွေ့ရသည့် လီယိုနော့ဗ်) (Photo: AP)

"ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဖြေးဖြေးချင်းဆွဲထုတ်ခဲ့ပြီး အာကာသယာဉ်ကနေ တွန်းကန်ထွက်သွားခဲ့တယ်၊ မည်းနက်အောင် မှောင်မဲနေတယ်၊ ကြယ်တွေက နေရာတိုင်းမှာပဲ၊ ပြီးတော့ နေက အရမ်းကိုတောက်ပနေတယ်၊ ကျွန်တော် နေဘက်ကို မျက်နှာမူတယ်ဆုံရုံလေးပဲ နေနိုင်ခဲ့ပါတယ်" လို့ လီယိုနော့ဗ်က အာကာသထဲမှာ လမ်းလျှောက်ခဲ့စဉ် ၎င်းရဲ့အတွေ့အကြုံကို AFP သတင်းဌာနသို့ ပြောခဲ့ပါတယ်။

အာကာသဟင်းလင်းပြင်ထဲမှာ လမ်းလျှောက်ခဲ့စဉ် အာကာသယာဉ်နဲ့ လီယိုနော့ဗ်ကြားမှာ ၁၆ ပေရှည်တဲ့ ကြိုးတစ်ချောင်းဖြင့် တွယ်ဆက်ထားခဲ့ပါတယ်။ အာကာသထဲမှာ လမ်းလျှောက်ခဲ့စဉ် ကမ္ဘာက ၎င်းရဲ့အောက်မှာရှိနေခဲ့ပြီး ရှင်းလင်းစွာ မြင်တွေ့နေရတယ်လို့ ဆိုပါတယ်။

(လီယိုနော့ဗ်နဲ့ ၎င်းရဲ့ပန်းချီကားများကို Tretyakov Gallery မှာတွေ့ရစဉ်) (Photo: Sputnik)

"ကျွန်တော် ကမ္ဘာကို ဓာတ်ပုံရိုက်ခဲ့တယ်၊ လုံးဝိုင်းနေတာပဲ၊ ကော့ကေးဆပ်၊ ခရိုင်မီးယား၊ ဗိုလ်ဂါတို့ကို တွေ့ရတယ်၊ မြင်ကွင်းလှတယ်" လို့ လီယိုနော့ဗ်က ပြောပါတယ်။ Voskhod 2 အာကာသခရီးစဉ်မှာ လီယိုနော့ဗ်နဲ့ နောက်ထပ် အာကာသယာဉ်မှူး ပါဗယ်လ်ဘဲလ်ယာယက်ဗ်တို့က ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ မိုင် ၃၁၀ အကွာအဝေးကို သွားရောက်ခဲ့ကြပါတယ်။

လီယိုနော့ဗ်က အာကာသထဲမှာ လမ်းလျှောက်ခဲ့မှုနဲ့အတူ ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုရဲ့ အာကာသခရီးစဉ်ဟာ အောင်မြင်ခဲ့ပေမဲ့ အာကာသယာဉ်မှူးတွေ ကမ္ဘာမြေပြင်သို့ အပြန်ခရီးကတော့ အဖြစ်ဆိုးကြုံလုနီးပါး ဖြစ်ခဲ့ပါတယ်။ လီယိုနော့ဗ်နဲ့ ပါဗယ်လ်တို့ မြေပြင်သို့ဆင်းသက်ရာမှာ ရုရှားတောနက်ထဲကို ဆင်းသက်ယာဉ် ပျက်ကျခဲ့ပါတယ်။

(လီယိုနော့ဗ် ရေးဆွဲခဲ့သည့် Above the Black Sea အမည်ရှိ ပန်းချီကား) (Photo: Sputnik)

အမေရိကန်က အာကာသထဲမှာ လမ်းလျှောက်မှု မလုပ်ဆောင်နိုင်မီ ၁၀ ရက်စောပြီး ဆိုဗီယက်ပြည်ထောင်စု အာကာသယာဉ်မှူး လီယိုနော့ဗ်က အာကာသထဲမှာ လူသားတစ်ဦး ပထဆုံးလမ်းလျှောက်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လီယိုနော့ဗ်ဟာ ၁၉၇၅ ခုနှစ်က အမေရိကန်နဲ့ ဆိုဗီယက်တို့ ပထမဆုံးအကြိမ် ပူးတွဲ အာကာသခရီးစဉ်မှာလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။ လီယိုနော့ဗ်ရဲ့ အာကာသထဲမှာ လမ်းလျှောက်မှုနဲ့ ကမ္ဘာမြေသို့အပြန်မှာ ဆင်းသက်ယာဉ်ပျက်ကျခဲ့တဲ့ ဖြစ်ရပ်ကို The Spacewalker အမည်ဖြင့် ၂၀၁၇ ခုနှစ်မှာ ရုပ်ရှင်ဇာတ်ကားထွက်ရှိခဲ့ပါတယ်။

(၁၉၇၃ ခုနှစ်က ပန်းချီရေးဆွဲနေသည့် လီယိုနော့ဗ်) (Photo: Sputnik)

ထိုရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာမှာလည်း လီယိုနော့ဗ်က အကြံပေးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ဆိုဗီယက်အာကာသယာဉ်မှူး လီယိုနော့ဗ်ဟာ ပန်းချီပညာရှင်တစ်ဦးလည်းဖြစ်ခဲ့ရာ ၎င်းရဲ့ အာကာသခရီးစဉ် မြင်ကွင်းတွေနဲ့ အာကာသစိတ်ကူးတွေကို ပန်းချီရေးဆွဲပြီး ပန်းချီပြခန်းဖြင့် ပြသခဲ့ကြောင်း သိရပါတယ်။

Source: RT, AFP

Share

Loading Next Article...
က္က