အပူချိန်များ စံချိန်တင်ကျဆင်းကာ အေးခဲနေမှုကို လူဦးရေ သန်းနဲ့ချီ ကြုံတွေ့ရပါတယ်။
Ko John

အာတိတ်ဒေသမှ လေအေးများကြောင့် အမေရိကန်နိုင်ငံရဲ့ နေရာအချို့မှာ ဆီးနှင်များထူထပ်စွာကျပြီး အပူချိန်များ စံချိန်တင်ကျဆင်းကာ အေးခဲနေကြောင်း သိရပါတယ်။

(Photo: AP)

ဆိုက်ဘေးရီးယားဒေသမှ စတင်လာတဲ့ အာတိတ်ဒေသ လေအေးများက နေရာအများအပြားမှာ နှင်းထူထပ်စွာကျမှုနဲ့ အေးခဲမှုကို ဖြစ်ပေါ်စေပါတယ်။ အလွန်အမင်း အေးခဲမှုကို အမေရိကန်မှာ လူဦးရေ သန်းနဲ့ချီ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ မြောက်အမေရိကရှိ Great Lakes ရေကန်များနေရာမှ အမေရိကန် အရှေ့မြောက်ပိုင်း New England နယ်မြေအထိ နှင်းများထူထပ်စွာ ကျရောက်ခဲ့ကြောင်း CBS News က ပြောပါတယ်။

ကန်းဆက်ပြည်နယ်မှာ အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် ရေခဲနေတဲ့ လမ်းမတွေပေါ် ယာဥ်မတော်တဆမှုတွေကြောင့် လူငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ အိုဟိုင်းယိုပြည်နယ် ယန်းစ်တောင်းမြို့အနီးမှာ နှင်းများကျပြီး လမ်းချော်မှုကြောင့် ကားအစီး ၅၀ ဆင့်တိုက်မှုအတွင်း လူနှစ်ဦး ဒဏ်ရာပြင်းထန်စွာရခဲ့ပါတယ်။

(Photo: South Haven Area Emergency Services)

ကန်းဆက်နဲ့ အီလီနွိုက်စ် အပါအဝင် ပြည်နယ်များမှာ နေ့အပူချိန်များ စံချိန်တင်ကျဆင်းခဲ့ပါတယ်။ ယခု သီတင်းပတ်အတွင်း ရာနဲ့ချီတဲ့ အပူချိန်ကျဆင်းမှု စံချိန်သစ်များ ရှိလာနိုင်ကြောင်း မိုးလေဝသခန်မှန်းသူတွေက ပြောပါတယ်။ အမေရိကန်မှာ နှင်းများထူထပ်စွာကျပြီး ရာသီဥတု အေးခဲနေမှုကြောင့် လေကြောင်းခရီးစဥ် ၁,၀၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပြီး နေရာအချို့မှာ စာသင်ကျောင်းများလည်း ပိတ်ထားပါတယ်။

အာတိတ်ဒေသမှ လေအေးများဟာ အရှေ့ဘက်ကမ်းရိုးတန်းအထိ ဆက်လက် ပျံ့နှံ့နေမယ်လို့ အမေရိကန် မိုးလေဝသဌာန National Weather Service (NSW) က ပြောထားပါတယ်။ လေအေးများ ပျံ့နှံ့ဝင်ရောက်လာမှုကြောင့် အမေရိကန် အရှေ့ပိုင်းနေရာအများအပြားမှာ နိုဝင်ဘာလရဲ့ ရာသီဥတုနဲ့မတူဘဲ ဆောင်းရာသီအလယ်ကာလကို ရောက်ရှိနေသကဲ့သို့ အေးခဲမှုကို ခံစားရနိုင်ကြောင်းလည်း NSW က သတိပေးခဲ့ပါတယ်။

(Photo: Scott Olson/Getty Images)

ကန်းဆက်ပြည်နယ်ရှိ မြို့အချို့မှာ ယမန်နေ့ (နိုဝင်ဘာ ၁၂ ရက်) က အပူချိန်များ စံတင်ချိန်ကျဆင်းပြီး အေးခဲနေခဲ့ပါတယ်။ ဂါးဒင်းမြို့မှာ ယမန်နေ့က အပူချိန် အနုတ် ၁၈ ဒီဂရီဆဲလ်စီးယပ်အထိ ကျဆင်းခဲ့ပြီး အနိမ့်ဆုံး အပူချိန်စံချိန်တင်ခဲ့ပါတယ်။ ယခင်က အဆိုပါမြို့ရဲ့ အနိမ့်ဆုံး အပူချိန် စံချိန်တင်မှုအဖြစ် ၁၉၈၆ ခုနှစ်က အနုတ် ၁၃ ဒီဂရီဆဲလ်စီးယပ် ဖြစ်ခဲ့ဖူးကြောင်း သိရပါတယ်။

ထို့အတူ အင်ဒီယာနာပိုလစ်မြို့မှာလည်း အပူချိန် အနုတ် ၁၃ ဒီဂရီဆဲလ်စီးယပ်အထိ ကျဆင်းခဲ့ပြီး ဆောင်းဦးရာသီကာလမှာ အပူချိန်ကျဆင်းမှု စံချိန်တင်ခဲ့ပါတယ်။ အမေရိကန်နဲ့မက္ကစီကို နယ်စပ်ဒေသ တက္ကဆက်ပြည်နယ်ရှိ ဘရောင်းစ်ဗီလီမြို့ငယ်မှာလည်း ရှားရှားပါးပါး နှင်းကျမှုကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ "ဒီနှစ်မှာ အအေးဆုံး အခြေအနေ ကြုံရတာဖြစ်နိုင်ပါတယ်၊ ဒေသတစ်ခုလုံးမှာ အပူချိန်တွေ စံချိန်တင်ကျဆင်းနိုင်ပါတယ်" လို့ NSW မှ မိုးလေဝသပညာရှင် ကီဗင်ဘာ့ခ်က AP သတင်းဌာနကို ပြောခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က